အခြေခံပညာကျောင်း ရှာပုံတော်

သား၊ သမီးများ အသက်ငါးနှစ်ဝန်းကျင်ရောက်လာပါက မိဘတိုင်း ပူပန်စဉ်းစားရသည်မှာ မိမိရင်သွေးငယ်ကို မည်သည့်ကျောင်းတွင် ကျောင်းထားမည်နည်းဆိုသည့် အခြေခံပညာရေးဆိုင်ရာ မေးခွန်းပင်ဖြစ်သည်။

လာမည့်ဇွန်လတွင် အခြေခံပညာကျောင်းများဖွင့်ကြတော့မည်ဖြစ်ရာ သားသမီးငယ်ရှိသော မိဘများသည် ယခုကတည်းကပင် တွေးတောစဉ်းစားနေကြရသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေးတွင် မိဘများအတွက် ရွေးချယ်စရာ အစိုးရကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် International School ဟူ၍ ကျောင်းအမျိုးအစားသုံးခု ရှိနေသည်။

မည်သည့်ကျောင်းတွင် မိမိတို့ကလေးငယ်ကို ပညာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမည်နည်း။ မည်သည့်ကျောင်းသည် မိမိတို့၏ ရင်သွေးငယ်အတွက် ခိုင်မာသည့်ပညာရေးကို ပျိုးထောင်နိုင်မည်နည်း။ မည်သည့်ကျောင်းတွင် ထားသင့်သနည်း။

ကျောင်းအမျိုးအစား အသီးအသီးအလိုက် အားနည်းချက်၊ အားသာချက်များရှိနေရာ ယင်းအားနည်းချက်၊ အားသာချက်များကို ငွေကြေးတတ်နိုင်မှု၊ သားသမီးအပေါ်တွင်ထားသည့် ပညာရေးမျှော်မှန်းချက်တို့နှင့် အခြေခံကာ စဉ်းစားသင့်ကြောင်း ပညာရေးလေ့လာသူများနှင့် ကျောင်းသားမိဘအချို့က ပြောဆိုကြသည်။

“အားသာချက်၊ အားနည်းချက် ရှိတယ်။ တစ်ခုပဲ အစိုးရကျောင်းတွေက အင်တာနေရှင်နယ်ကျောင်းတွေထက် ပိုသာတယ်ဆိုတဲ့ တစ်ယူသန်ယူဆချက်မျိုး မမှန်သလို အစိုးရကျောင်းတွေထက် အင်တာနေရှင်နယ်ထွက်ကပိုသာတယ် ဆိုတဲ့ အစွန်းနှစ်ဖက်လည်း မကောင်းဘူး” ဟု Crown Education ၏ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောသည်။

Crown Education သည် နိုင်ငံတကာ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် အကြံဉာဏ်များပေးနေသော လုပ်ငန်းတစ်ခုဖြစ်သည်။
သားသမီးများကို နိုင်ငံတကာ ပညာရေးလက်လှမ်းမှီရန် ရည်ရွယ်သဖြင့် International School တွင် ကျောင်းထားသော မိဘများရှိသကဲ့သို့ အစိုးရအခြေခံပညာကျောင်းတွင် အထက်တန်းပြီးဆုံးသည်အထိ ကျောင်းထားကာ သားသမီးကို နိုင်ငံခြားပညာသင်လွှတ်သော မိဘများလည်းရှိကြောင်း ဦးအောင်ကျော်ဆန်းက ပြောဆိုသည်။

ပိုနေမြဲကျားနေမြဲ အစိုးရကျောင်းများ

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာဦးစီးဌာန ကွပ်ကဲမှုအောက်တွင် အစိုးရအခြေခံပညာကျောင်းပေါင်း လေးသောင်းကျော်ရှိသည်။

အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသား ရှစ်သန်းကျော်ရှိနေပြီး ဆရာ၊ ဆရာမ သုံးသိန်းဝန်းကျင်ရှိသည်။ အချိုးချကြည့်မည်ဆိုပါက ဆရာတစ်ယောက်လျှင် ကျောင်းသား ၂၆ ယောက်ကျော်ကို ပညာသင်ပေးနေသည့် သဘောဖြစ်သည်။

သို့သော် မြေပြင်အနေအထားတွင် ဆရာတစ်ယောက်လျှင် ကျောင်းသား ၅၀ ခန့်ကို သင်ကြားပေးနေရသည်များလည်းရှိပြီး အချို့သောနယ်ဘက်ဒေသများတွင် ဆရာတစ်ဦးလျှင် ကျောင်းသား ဆယ်ဂဏန်းဝန်းကျင်ကို သင်ကြားပေးနေ ရသည်များရှိသည်။

အခြေခံပညာ ဆရာ၊ ဆရာမများကမူ အခြေခံပညာကျောင်းများတွင် ဆရာအင်အားမလုံလောက်မှုရှိနေကြောင်း ပြောဆိုကြသည်။

အစိုးရအခြေခံပညာ ကျောင်းများတွင် ပညာရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်းစာအုပ်များကို အဓိကသင်ကြားပြီး အလွတ်ကျက်မှတ်ရမှုများသည်။ လက်တွေ့စမ်းသပ်ဆောင်ရွက်သည့် သင်ခန်းစာများမှာ International School များတွင် သင်ကြားမှုအောက်နည်းပါးနေသေးသည်။

လက်ရှိတွင် အလွတ်ကျက်မှတ်မှုကို လျှော့ချကာ ကျောင်းသားများ၏ တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားစေရန် ရည်ရွယ်သည့် KG+12 ပညာရေးသင်ရိုး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်။

သင်ရိုးသစ်တွင် ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်းကို မြှင့်တင်သည့် သင်ခန်းစာများပါဝင်ပြီး အာဟာရ၊ ပြည်သူ့နီတိ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးကဲ့သို့ သင်ခန်းစာများလည်းပါဝင်ကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။

KG တန်းတွင် ကလေးများကို စာသင်ကြားမှုများထက် ဆေးရောင်များခြယ်သခြင်း၊ ကဗျာ၊ သီချင်းများသင်ခြင်း ပိုမိုပါဝင်ကြောင်း မူလတန်းသင်ကြားသည့် ဆရာ၊ ဆရာမများထံမှသိရသည်။

“အခြေခံကျောင်းကတော့ လူတန်းစားစုံတာပေါ့။ ဆရာသင်ကြားရေးမှာတော့ကွာတယ်။ အစိုးရကျောင်းမှာက ဆရာမလုံလောက်မှုလည်း ရှိနိုင်တယ်။ ဆရာတစ်ဦးချင်းရဲ့ အရည်အချင်းကျတော့လည်း တော်တဲ့ဆရာတွေရှိသလို လိုအပ်ချက်ရှိနေတဲ့ ဆရာတွေလည်းရှိတယ်” ဟု ပဲခူးတိုင်း က၀မြို့နယ် ရစ်ကန်ဘူတာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဦးအောင်ကျော်သူက ပြောဆိုသည်။

အခြေခံပညာကျောင်းများတွင် ကွန်ပျူတာ၊ စာကြည့်တိုက်၊ Multi Media Lab အခန်များ၊ အားကစားကွင်းများရှိသည့် ဒဂုံ အ.ထ.က (၁)၊ ကမာရွတ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းကဲ့သို့ကျောင်းများမှာ နိုင်ငံတစ်ဝန်းတွင် နည်းပါးလျက်ရှိပြီး အများစုမှာ မရှိကြချေ။ သုံးယောက်ထိုင်စာသင်ခုံများဖြင့် ပန်ကာ၊ လေအေးပေးစက်မရှိသည့် အခန်းများတွင် စာသင်ကြရသည်။

သို့သော် အခမဲ့ပညာရေးဖြစ်သဖြင့် KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းလခပေးရန် မလိုချေ။ ကျောင်းသုံးပုံနှိပ်စာအုပ်များလည်း ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးသည်။

ပညာရေး အခြေခံအဆောက်အဦ ပြည့်စုံသည့် အစိုးရကျောင်းများသို့ မိဘများက သားသမီးများကို ပြောင်းရွှေ့ထားချင်ကြသော်လည်း ပညာရေးဝန်ကြီးဌာနက မြို့နယ်ကျော်လွန်ကျောင်းအပ်မှု ကန့်သတ်ထားသည်။

အချို့သောမိဘများက သားသမီးများကို စိတ်မချသဖြင့် နေအိမ်နှင့်နီးသည့် အစိုးရကျောင်းများတွင်ထားသည်များလည်းရှိသည်။

ပဲခူးတိုင်း တောင်ငူမြို့နယ် နှစ်ဆောင်မြိုင်ရွာတွင် နေထိုင်သည့် တတိယတန်းကျောင်းသားမိခင်တစ်ဦးကမူ သားသမီးကို မိဘအုပ်ထိန်းမှုအောက်တွင် စောင့်ရှောက်လိုသဖြင့် နှစ်ဆောင်မြိုင်ရွာ မူလတန်းကျောင်းတွင်သာ ကျောင်းထားကြောင်းပြောပြသည်။

နိုင်ငံတကာသင်ရိုးများသင်ကြားသည့် International School တွင် သားဖြစ်သူကို ကျောင်းထားချင်သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် မထားဖြစ်ကြောင်း၊ ကလေး၏ ပညာရေးကို ဘွဲ့တစ်ခုရကာ အသက်မွေးရပ်တည်နိုင်ရန်သာ ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

အစိုးရသင်ရိုးအတိုင်းသင်သော ပုဂ္ဂလိက ဘော်ဒါဆောင်များတွင်မူ သားဖြစ်သူကို စိတ်မချသဖြင့် မထားဖြစ်ကြောင်း နှစ်ဆောင်မြိုင်ရွာရှိ ကျောင်းသားမိခင်တစ်ဦးက ပြောကြားသည်။

“အနားကကျောင်းမှာပဲ ထားချင်တယ်။ အစိုးရကျောင်းတွေကို သဘောကျတယ်။ လုံခြုံစိတ်ချရမှုလည်းရှိတယ်။ မိဘအုပ်ထိန်းမှုက လွတ်တဲ့နေရာမှာနေရင် ပျက်စီးသွားမှာစိုးတယ်” ၎င်းက ဆက်လက်ပြောဆိုသည်။

နှစ်ဆောင်မြိုင်ရွာမှ ကျောင်းသားမိခင်၏ သားသမီးအပေါ်ပညာရေးအတွက် စဉ်းစားချက်မှာ လုံခြုံရေးရှုထောင့်တွင် အခြေခံကြောင်းတွေ့ရသည်။

အစိုးရကျောင်းများတွင် အလွတ်ကျက်မှတ်ကာ ပြန်လည်ဖြေဆိုရသည့် စာမေးပွဲစနစ်ရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများသည် အလွတ်ကျက်မှတ်သည့်ဘက်တွင် အားသာကြသည်။

မြန်မာစာ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိကဲ့သို့သော ဘာသာရပ်များ သင်ကြားရသဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် ယင်းဘာသာရပ်များတွင် နားလည်တတ်ကျွမ်းမှု အထိုက်အလျောက်ရှိကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ များထံမှ သိရသည်။

သို့ရာတွင် ဆရာ၊ ဆရာမအပေါ် ပြန်လှန်မေးခွန်းထုတ်မှုနည်းပြီး International School များရှိ ကျောင်းသား၊ ကျောင်းသူများကဲ့သို့ ပြောရဲဆိုရဲ သိပ်မရှိကြချေ။

အစိုးရကျောင်းတွင် ပညာသင်နေသော ကျောင်းသူ၊ ကျောင်းသားများသည် လက်တွေ့ဆောင်ရွက်မှုနှင့် လူမှုဆက်ဆံရေးတွင် အားနည်းသည်ဟု ဆိုလာသူကဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွှေပညာအထက်တန်းကျောင်း တည်ထောင်သူ ဦးကျော်မင်းခန့်ဖြစ်သည်။

“လူမှုဆက်ဆံရေးပြောတဲ့အပိုင်းတွေကျတော့ အားပျော့တဲ့အပိုင်းလေး သွားတွေ့ရတာပေါ့။ အမိန့်နာခံတာတို့၊ လိမ္မာရေးခြားရှိတာတို့၊ လူကြီးပြောတာ နားထောင်တာကတော့ အစိုးကျောင်းက ကလေးတွေ တော်တော်များများမှာရှိတယ်။ ဆရာ၊ ဆရာမကို ရိုသေရမယ်။ ကိုင်းရှိုင်းရမယ်ပေါ့” ဟု၎င်းက ပြောသည်။

ကိုယ်ပိုင်အထက်တန်းကျောင်း

ပညာရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်းစာအုပ်များအတိုင်း သင်ကြားသည့် ပုဂ္ဂလိကကျောင်းများလည်းရှိသည်။ ကိုယ်ပိုင်အထက်တန်းကျောင်းများဟုလည်း ခေါ်ဆိုကြသည်။

ယင်းကျောင်းများတွင် ငွေကြေးအလယ်အလတ်တတ်နိုင်သော မိဘများက ၎င်းတို့၏ သားသမီးများကို ကျောင်းထားကြသည်က အများစုဖြစ်သည်။

အစိုးရကျောင်းများတွင် အခမဲ့ပညာရေးဖြစ်သော်လည်း ကိုယ်ပိုင်ကျောင်းများတွင် အခပေးမှ ပညာရသည့် အခြေအနေရှိသည်။ ထိုသို့ ဖြစ်ရသည်မှာလည်း ကိုယ်ပိုင်ကျောင်းများသည် စီးပွားရေးအခြေခံသည့် ပညာရေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။

ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းထားမည်ဆိုပါက ကျောင်းလခအပါအဝင် ကျောင်းသားတစ်ဦး၏ တစ်နှစ်တာ အထွေထွေကုန်ကျစရိတ်မှာ ကျပ် သိန်း ၃၀ မှ ၆၀ အထိကုန်ကျနိုင်ကြောင်း ရွှေပညာကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးကျော်မင်းခန့်က ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်း ဥပဒေအရ ၂၀၁၂ -၂၀၁၃ ပညာသင်နှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများစွာ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ လက်ရှိတွင် ကျောင်းပေါင်း ၆၀၀ ကျော်နေရှိပြီဖြစ်သည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများသည် ပြည်တွင်းပညာရေးဈေးကွက်၌ အစိုးရ၏ အခြေခံပညာကျောင်းများနှင့် အပြိုင်ဖြစ်လာပြီး ဝန်ဆောင်မှုအပိုင်းတွင် ပိုမိုကောင်းမွန်သည်။ အခကြေးငွေပေးရခြင်း၏ အကျိုးပင်ဖြစ်သည်။

သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများကို ကိုယ်ပိုင်ကျောင်းများက ခေါ်ယူသင်ကြားနေပြီး အိမ်တိုင်ရာရောက် ကျောင်းအကြိုအပို့ ဝန်ဆောင်မှုများအပါအဝင် သင်ခန်းစာများကို ထပ်ခါ ထပ်ခါ လေ့ကျင်သင့်ကြားမှုများရှိသည်။
ကိုယ်ပိုင်အထက်တန်းကျောင်းအများစုသည် တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းရန် လေ့ကျင့်သင်ကြားပေးကြသည်။

မိဘအများစုကမူ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခု၏ အရည်အသွေးကို ကျောင်း၏ အောင်ချက်ဖြင့် တိုင်းတာကြသည်။ အောင်ချက်ကောင်းသော ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းထားလျှင် စာမေးပွဲအောင်မည်ဟု ကျောင်းသား မိဘများက တွက်ဆကြသည်။ ထို့ကြောင့်လည်း ငွေကုန်ကြေးကျခံ၍ ကျောင်းအပ်ကြသည်။ ပညာကို ငွေနှင့်စက်၍ ရင်သွေးများအတွက် ဖြည့်ဆည်းပေးကြခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းသမီးဖြစ်သူ၏ ဖခင်တစ်ဦးဖြစ်သူ ဦးဇော်မျိုးလှိုင်ကမူ သမီးဖြစ်သူ မူလတန်းမှ န၀မတန်းအထိ အစိုးရကျောင်းများ၌ အပ်နှံခဲ့သည်။ ယခုအခါ သမီးဖြစ်သူက တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိပြီဖြစ်ရာ လိုအပ်ချက်အရ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်စေခဲ့သူဖြစ်သည်။

“အစိုးရကျောင်းမှာ သင်တဲ့ ဆရာ၊ ဆရာမတွေက သူတို့ကို လေ့ကျင့်ပေးလိုက်ကတည်းက Child Psychology၊ Teaching Methodology တို့ ဘာတို့ကို သေချာသင်ပေးလိုက်တာ။ စာရိတ္တနဲ့ ပြည်သူ့နီတိလိုဟာမျိုးတွေလည်း သင်ပေးတယ်။ ပုဂ္ဂလိကကျောင်းတော်တော်များများက ၁၀ တန်းအောင်ချက်ကို သွားဦးတည်တယ်” ဟု ၎င်းကဆိုသည်။

ဆိုလိုသည်မှာ သမီးဖြစ်သူ၏ ငယ် ရွယ်စဉ်လိုအပ်ချက်အရ အစိုးရကျောင်းများ၌ အပ်နှံခဲ့သော်လည်း ယခုအခါ တက္ကသိုလ်ဝင်တန်းအောင်ရေး အဓိကဖြစ်ရာ ပုဂ္ဂလိကကျောင်းသို့ ပြောင်းရွှေ့အပ်နှံခဲ့ခြင်းပင်ဖြစ်သည်။

ထို့ပြင် မိခင်ဖြစ်သူမှာလည်း အစိုးရဝန်ထမ်းဖြစ်ပြီး နယ်ဘက်ဒေသတွင် တာဝန်ထမ်းဆောင်နေသည်ဖြစ်ရာ သမီးဖြစ်သူ၏ စာသင်ချိန်၊ စာကျက်ချိန်များ စနစ်တကျဖြစ်စေရန် ရည်ရွယ်၍လည်း ဘော်ဒါဆောင်တွင် ထားခြင်းဖြစ်ကြောင်း ဦးဇော်မျိုးလှိုင်က ပြောဆိုသည်။

အစိုးရနာမည်ကျော် တက္ကသိုလ်များ၏ ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းအောင်မှတ်ဖြင့်ဆုံးဖြတ်သောကြောင့် တက္ကသိုလ်ဝင်တန်းအောင်မှတ်ကောင်းမွန်ရန် သမီးဖြစ်သူကို ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြောင်းလဲပညာသင်ပေးခြင်းဖြစ်ကြောင်း ဦးဇော်မျိုးလှိုင်က ဆက်လက်ပြောပြသည်။

သို့သော်လည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကထိက ဆရာတစ်ဦးလည်းဖြစ်သူ ဦးဇော်မျိုးလှိုင်ကမူ အစိုးရကျောင်းများ၏ အခန်းကဏ္ဍကို ပစ်ပယ်ခြင်းမရှိ။

ကျောင်းသား၊ ကျောင်းသူများသည် စာတစ်ခုတည်းသင်ကြားနေခြင်းမဖြစ်သင့်ပဲ ကာယာ၊ ဉာဏနှင့် စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပြီး ကာယ၊ ဉာဏနှင့် စာရိတ္တဖွံ့ဖြိုးရေးကို အစိုးရ အထက်တန်းကျောင်းများက ပိုမိုကောင်းမွန်ရန် ဆောင်ရွက်ပေးနိုင်သည်ဟု ၎င်းကယူဆလျက်ရှိသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ အထက်တန်းအဆင့်တွင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုမှာ အားကောင်းသော်လည်း အလယ်တန်းနှင့် မူလတန်းတွင် ပုဂ္ဂလိကကျောင်းရှိဆရာများ၏ သင်ကြားမှုမှာ အစိုးရကျောင်းများတွင် သင်ကြားမှုထက်အားနည်းကြောင်း ရွှေပညာအထက်တန်းကျောင်းတည်ထောင်သူ ဦးကျော်မင်းခန့်က ပြောသည်။

“အစိုးရမူလတန်း၊အလယ်တန်းမှာ(သင်ကြားပေးတဲ့ဆရာ၊ ဆရာမတွေ က) အနည်းဆုံး ၁၄ နှစ်၊ ၁၅ နှစ် အတွေ့အကြုံရှိတဲ့ ဆရာဆရာမတွေ ဖြစ်နေတယ်။ ကလေးတွေကို ကွပ်ကဲတာတွေက အပြင်မှာရှိတဲ့ ပုဂ္ဂလိကကျောင်းက ဆရာ ဆရာမတွေထက် ပိုပြီးတော့ ကျွမ်းကျင်တယ်။ သင်ပြနည်းတွေကလည်း ပိုပြီးတော့ ကျွမ်းကျင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့သော်အထက်တန်းအဆင့်တွင်မူ ပုဂ္ဂလိကကျောင်းများ၏ လေ့ကျင့်သင်ကြားမှုမှာ အချိန်များများယူ၍ ထပ်ခါ ထပ်ခါသင်ကြားခြင်း၊ ကျွမ်းကျင်ဆရာများ ခေါ်ယူသင်ကြားနိုင်ခြင်းများကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက်တွင် ပုဂ္ဂလိကကျောင်းများက အစိုးရကျောင်းများထက် ပိုမိုသာလွန်ကြောင်း ၎င်းက ပြောသည်။

International School

အခြေခံပညာရေးတွင် အစိုးရကျောင်းများ၊ အစိုးရသင်ရိုးအတိုင်းသင်သည့် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ကွဲပြားသည့် International School များလည်းရှိသည်။

International School များသည် နိုင်ငံတကာမှ သင်ရိုးများကို ဝယ်ယူသင်ကြားပြီး သင်ကြားပုံမှာလည်း လက်တွေ့ဆောင်ရွက်ချက်များကို အားပြုသည့် ပုံစံဖြင့်လည်ပတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် International School ပေါင်း ၁၀၀ ကျော်ရှိကြောင်း အဆိုပါကျောင်းတည်ထောင်သူအချို့ ထံမှ သိရသည်။ ဝင်ငွေ အလယ်အလတ်နှင့် ငွေကြေးတောင့်တင်းသည့် မိဘများက သားသမီးများ နိုင်ငံတကာအဆင့်မီပညာရေးရရန် ရည်ရွယ်ကာ International School များတွင် ကျောင်းထားကြသည်။

International School များ၏ အားသာချက်မှာ အင်္ဂလိပ်ဘာသာကို ငယ်စဉ်မှစ၍ အလေးထားသင်ကြားပေးခြင်းဖြစ်သည်။ ကမ္ဘာသုံးဘာသာစကားဖြစ်၍ လူပေါင်းဆန့်သည်။ လုပ်ငန်းခွင်တွင် အသုံးချနိုင်သည်။

ကရာတေး၊ ဂျူဒို စသည့် အားကစားပညာများ၊ ဂီတဘက်တွင်လည်း စန္ဒယား၊ တယောစသည့်ပညာများကို ကျွမ်းကျင်ဆရာများဖြင့် သင်ကြားသည်။ စာကို အလွတ်ကျက်မှတ်မှုထက် နားလည်တတ်ကျွမ်းမှုကို ဦးစားပေးပြီး စာမေးပွဲတွင် နားလည်မှုအခြေခံဖြင့် ကိုယ်ပိုင်ဟန်ရေးသားကာ ဖြေဆိုရသည်။

အချို့ကျောင်းများတွင် ဘောလုံးကွင်း၊ ရေကူးကန် စသည်များရှိပြီး လေအေးပေးစက်တပ်ထားသောအခန်းတွင် ကျောင်းသူ၊ ကျောင်းသားများကို နိုင်ငံခြားသား ဆရာများဖြင့် စာသင်ပေးသည်။

ထိုသို့ ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦများ ပြည်စုံသည့်နီးတူ ကျောင်းလခပေးရသည့် ဈေးနှုန်းမှာလည်း မသေးလှပေ။
ဗဟန်းမြို့နယ်ရှိ International School Myanmar (ISM) တွင် သားဖြစ်သူကို အထက်တန်း (၁၀တန်း) ကျောင်းထားပေးထားသည့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ ကျောင်းသားမိခင်ဖြစ်သူ ဒေါ်ခင်မျိုးဆွေကမူ
International School များ၏ ကျောင်းလခများမှာ တစ်နှစ်ထက်တစ်နှစ် ပိုတက်လာကြောင်း ဖွင့်ဟသည်။

သမီးဖြစ်သူကို ISM တွင် ၂၀၁၇ ခုနှစ်က အထက်တန်းကျောင်းထားခဲ့စဉ်က ကျောင်းလခ တစ်နှစ်စာ ကျပ်သိန်း ၂၀၀ ဝန်းကျင်ပေးခဲ့ရသော်လည်း သားဖြစ်သူကို ကျောင်းအပ်သည့် ၂၀၁၉ ခုနှစ်တွင် ကျပ်သိန်း ၂၅၀ ခန့်ပေးရကြောင်း ၎င်းက ပြောဆိုသည်။

နာမည်ကြီးသည့် အချို့ International School များတွင် တစ်နှစ်စာ ကျောင်းအပ်ခ အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲခန့် ပေးနေရသည်များရှိကြောင်း ဒေါ်ခင်မျိုးဆွေက ဆက်လက် ပြောဆိုသည်။

“အကြောင်းပြတာမတူဘူး။ ဒီတစ်နှစ်မှာ ဘယ်လိုလုပ်မှာဆိုပြီး တက်လိုက်တယ်ပေါ့။ ဝိုင်ဖိုင်တပ်ပေးမယ် ပြောတယ်။ တစ်နှစ်ကုန်သွားတယ်မတပ်ပေးဘူး။ ကျွန်မတို့က အရင်ပေးလိုက်တာ မလုပ်ပေးတော့လည်း ဘာမှမတတ်နိုင်ဘူးဆိုတော့ ဒီတစ်ခါလုပ်ပေးပါမယ်ဘာညာပေါ့။ အဓိက က အမြတ်တက်ယူတာပါ” ဟု ၎င်းက မကျေနပ်ချက်ကိုဖွင့်ဟသည်။

ထိုပြင် ISM ကျောင်းတွင် ကာယဆရာမက ပညာရေးအကြံပေးဖြစ်နေခြင်း၊ ဇီဝဗေဒဆရာက ရူပဗေဒသင်နေခြင်းလည်းရှိနေပြီး ကျောင်းသားများအတွက် နစ်နာကြောင်း ဒေါ်ခင်မျိုးဆွေက ပြောသည်။

International School များတွင် အားနည်းချက်မှာ အင်္ဂလိပ်ဘာသာစကား အခြေခံသင်ကြားမှုများပြီး မြန်မာစာသင်ကြားမှုအားနည်းခြင်းဖြစ်သည်။ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် မြန်မာစာကြွယ်ဝမှု အားနည်းသည်။

စာကျက်ရမည်ကိုလည်း ဝါသနာသိပ်မပါကြကြောင်း May International School and Training Center အမှုဆောင်အရာရှိချုပ် ဒေါ်မေယုလှိုင်က ပြောသည်။

“ယဉ်ကျေးမှုမှာဆိုရင် အစိုးရကျောင်းသားတွေကသာတယ်။ နောက်ပြီးတော့ ကျက်အားကျတော့ အစိုးရကျောင်းသားတွေကသာတယ်။ အင်တာနေရှင်နယ်က ကလေးတွေကျတော့ ကျက်အားမရှိဘူး။ သူတို့မှာကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေရှိတယ်။ ပြောရဲ၊ မေးရဲတယ်။ အစိုးရကျောင်းက ကလေးတွေက သိပ်မပြောရဲဘူး။ ကြောက်တတ်တာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

International School မှ အထက်တန်းပြီးဆုံးသူများသည် အစိုးရတက္ကသိုလ်များတွင် တိုက်ရိုက်ပညာသင်ခွင့် မရနိုင်သည့် အခြေအနေလည်း ရှိသည်။

အကြောင်းအရင်းမှာ International School များသည် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန လက်အောက်တွင် ကုမ္ပဏီအနေဖြင့် မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

အစိုးရတက္ကသိုလ်များသို့ ဝင်ရောက်မည်ဆိုပါက တက္ကသိုလ်ဝင်တန်းကို ပြန်လည်ဖြေဆိုရသည်။ သို့ရာတွင် မြန်မာစာအပါအဝင် အခြားသော အစိုးရသင်ရိုးဘာသာရပ်များနှင့် အလှမ်းဝေးနေသည်ဖြစ်ရာ စာမေးပွဲမဖြေနိုင်သည်က များသည်။ အများစုမှာလည်း အစိုးရကျောင်းတွင် ပြန်မဖြေကြပေ။ ပြည်ပထွက်၍ နိုင်ငံတကာတက္ကသိုလ်များတွင် သွားရောက်ပညာသင်လေ့ရှိကြောင်း ဒေါ်မေယုလှိုင်က ပြောပြသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ မြန်မာနိုင်ငံတွင် ပညာရေးစံချိန်စံညွှန်း အကဲဖြတ်သတ်မှတ်သည့် အဖွဲ့အစည်းမရှိသဖြင့် နိုင်ငံတကာကျောင်းမှ ကျောင်းသူ ကျောင်းသားများသည် ပညာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်များတွင် တက်ရောက်ခွင့်မရခြင်းဖြစ်နိုင် ကြောင်းသုံးသပ်သည်။

“အဲဒီအင်တာနေရှင်နယ်ကျောင်း ဆင်းတဲ့ကလေးတွေက DSA တက်လို့ မရဘူး။ သူတို့လမ်းကြောင်းကြီးက သက်သက်ကြီး လွဲထွက်သွားသလိုဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် National Accreditation Board ဟူသည့် ပညာရေး စံချိန်စံညွှန်း သတ်မှတ်သည့် အဖွဲ့အစည်းက ပညာရေး စံချိန်စံညွှန်းသတ်မှတ်ပေးနေသဖြင့် မည်သည့်ကျောင်းက အထက်တန်းအောင်သူမဆို အစိုးရတက္ကသိုလ်တက်ခွင့်ရနေကြောင်း ၎င်းကပြောပြသည်။

“ကျောင်းသားကို သူအောင်တဲ့ High School က ကျန်တဲ့ High School နဲ့ Level ညီ မညီဆိုတာ အဲဒီလိုမျိုး စံချိန်စံညွှန်းသတ်မှတ်တဲ့ ဘုတ်အဖွဲ့ရှိတယ်။ အဲဒီလိုရှိတော့ အင်တာနေရှင်နယ်စကူးအောင်အောင်၊ ဘယ်ကျောင်းအောင်အောင် ကျန်တဲ့တက္ကသိုလ်တွေ တက်လို့ရတယ်။ ပေါင်းကူးသဘောမျိုးရှိတယ်ပေါ့” ဟု ဦးအောင်သူငြိမ်းက ရှင်းပြသည်။

ချင့်ချိန်စဉ်းစား ကျောင်းထားသင့်သည်

မည်သို့ပင်ဖြစ်စေ အသက်ငါးနှစ်ဝန်းကျင် သားသမီးရှိသော မိဘများအနေနှင့်မူ သားသမီးကို မည်သည့်ကျောင်းတွင် ထားသင့်သည်ကို စဉ်းစားကြရမည်ဖြစ်သည်။

အစိုးရအခြေခံပညာကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် International School အသီးသီးတွင် မတူညီသည့် သင်ကြားမှု၊ မတူညီသည့် အားနည်းချက်၊ အားသာချက်များရှိသည်။

အစိုးရကျောင်းတွင် အခမဲ့ပညာရေးဖြစ်ပြီး ပုဂ္ဂလိကကျောင်းများမှာမူ ငွေကုန်ကြေးကျရှိကာ International School များကမူ ငွေကုန်ကြေးကျ အများဆုံးဖြစ်သည်။

ထို့အတူ သင်ကြားပုံ သင်ရိုး၊ သင်ထောက်ကူပစ္စည်းများတွင် International School များကမူ အစိုးရကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများထက် ပိုမိုကောင်းမွန်သည်။

အစိုးရကျောင်းများတွင် သင်ထောက်ကူပစ္စည်း၊ အခြေခံအဆောက်အဦ လိုအပ်ချက်များစွာရှိသည်။ ထို့အတူပင် International School ကျောင်းဆင်းများသည်လည်း အစိုးရတက္ကသိုလ်များတွင် ဝင်ခွင့်မရသည့် အာနးည်းချက်များရှိသည်။

သားသမီးများကို မည်သည့်ကျောင်းထားသင့်ကြောင်း စဉ်းစားရာတွင် သားသမီး၏ ဝါသနာ၊ သားသမီးအပေါ် မျှော်မှန်းသည့် ပညာရေးမျှော်လင့်ချက်၊ မိသားစု၏ ဘဏ္ဍာရေးအခြေအနေတို့အပေါ်တွင် မူတည်ကာ စဉ်းစားသင့်ကြောင်း ပညာရေး အကြံဉာဏ်ပေးသူအချို့က ပြောဆိုကြသည်။

ငွေကြေးအင်အားမတောင့်တင်းဘဲ သားသမီးပညာရေးကောင်းမွန်ရန်ရည်ရွယ်ကာ International School တွင် သားသမီးကို ကျောင်းထားခြင်းများ မလုပ်သင့်ကြောင်း၊ အစိုးရကျောင်းမှ အထက်တန်းပညာပြီးဆုံးပြီးနောက်တွင် နိုင်ငံတကာပညာရေးသို့ ကူးပြောင်းပညာသင်ကြားနိုင်သည့် အခြေအနေများလည်းရှိကြောင်း Crown Education ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်းကပြောသည်။

“ဒါပေမဲ့ ကိုယ့်ရဲ့ အခြေအနေနဲ့ ကလေးရဲ့လိုအပ်ချက်အရ နိုင်ငံတကာကျောင်းတွေက သင့်တော်တာမျိုး၊ ကလေးကို ဖြစ်စေချင်တာက ပုံစံခွက်ထဲ ဝင်တာမျိုးမဟုတ်ဘဲ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ပြီးသွားချင်တာမျိုး၊ ပတ်ဝန်းကျင်မှာလည်း ဒါမျိုးကို အားပေးတာမျိုးဆိုရင် နိုင်ငံတကာကျောင်းတွေမှာ ထားနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကလေး၏လိုအပ်ချက်နှင့် မိဘ၏ ငွေကြေးတတ်နိုင်မှုအပေါ်မူတည်ကာ စဉ်းစားခြင်းကသာ အကောင်းဆုံးအဖြေတစ်ခုဖြစ်လိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ပညာရေးသည် ပြန်လည်အစားထိုးမရနိုင်သော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်။ ရင်သွေးငယ်များကို ပညာသင်ကြားပေးခြင်းသည် ရင်သွေးငယ်များအနာဂတ်အတွက် အကျိုးအမြတ်မမျှော်ကိုးသော ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ လက်ရှိဘ၀အခြေအနေနှင့် ကလေးငယ်၏ စိတ်အားထက်သန်မှုကိုလိုက်၍ သင့်လျော်သောကျောင်းကို ရွေးချယ်ထားနိုင်ရေးသည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် သော့ချက်လည်း ဖြစ်သည်။

သားသမီးများ၏ အခြေခံပညာရေးအတွက် အစိုးရကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် International School များရှိသည့်အနက် မည်သည့်ကျောင်းတွင်ထားသင့်သည်ကို The Voice Journal က ဦးအောင်ကျော်ဆန်းကို မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ဆိုသည်။

“ပြောရမယ်ဆိုရင် ကိုယ့်လက်ရှိအခြေအနေနဲ့ အကောင်းဆုံးသင့်လျော်လျောက်ပတ်တဲ့ ပညာရေးကို ရွေး၊ ကလေးရဲ့ ဗီဇနဲ့ အခြေအနေပေါ်မူတည် ပြီးမှ လိုအပ်ချက်ကို ထပ်ဖြည့်ပေးတာကောင်းတယ်” 

ဇင်လင်းထက်၊ မေထက်ဦးခင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *