ဆူပူစေသည့် လွတ်ငြိမ်းခွင့်

နှစ်လအတွင်း အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်ပေးခဲ့သည်။ အကျဉ်းသားကိုးသောင်းအနက် ကံထူးသူ နှစ်သောင်းကျော်မှာ လွတ်မြောက်လာသည်။ ထင်ရှားသူအချို့မှာ ပြစ်ဒဏ်ချမှတ်ပြီး လပိုင်းအတွင်းပင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် မမျှတဟုဆိုကာ ပထမအကြိမ်ခွင့်ပြုစဉ်ကပင် ထောင်ဆူမှုများ ဖြစ်ပွားခဲ့သည်။ တတိယအကြိမ်မြောက် လွတ်ပေးလိုက်ချိန်တွင် ထောင်ခုနှစ်ခုတွင် တစ်ပြိုင်နက်တည်း ထောင်ဆူမှုဖြစ်ပြီး အကျဉ်းသား အချို့ သေဆုံးသည်။

နိုင်ငံတော်သမ္မတရုံးကမူ အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများ၏ နောက်ကွယ်ကအကြောင်းအရင်း အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထောင်ဆူမှုဖြစ်သည့် မေလ ၉ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ယနေ့အချိန်ထိ လွတ်ငြိမ်းသက်သာခွင့်ကြောင့် ထောင်ဆူပူများ မည်သည့်နေရာတွင်မှ မဖြစ်ခဲ့ပေ။

ထောင်ဆူပူမှုများ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ပွားနေရခြင်းဖြစ်သနည်း။ ယင်းပြဿနာများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း။

ထောင်ဆူမှု ကူးစက်ခြင်း

ယခုလပိုင်းအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်တိုင်တိုင်ပေးခဲ့သည့် ထိုစာရင်းတွင် မပါဝင်သည့် အကျဉ်းသားများက ထောင်ဆူနေကြပြီဖြစ်သည်။

မဟာသင်္ကြန်ကာလပြီးချိန်မှစကာ ဧပြီ ၁၇ ရက်၊ ၂၆ ရက်နှင့် မေ ၇ ရက်နေ့တို့တွင် အကျဉ်းသား နှစ်သောင်းကျော် (၂၃,၀၀၃)ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။ ယင်းအနက် မူးယစ်ဆေးဝါးမှုများ အဓိကပါဝင်သည်။ နိုင်ငံရေးသမား အချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့လည်း ပါဝင်ခဲ့သည်။

လွတ်ငြိမ်းသက်သာခွင့်တွင် မပါဝင်သည့် အကျဉ်းသားများ ထောင်ထဲတွင် ဆူပူဆန္ဒပြကြသည်။ ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီ၊ ပုသိမ် အကျဉ်းထောင်တို့တွင် မေလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ထောင်ဆူမှုများ ဖြစ်ပွားခဲ့သည်။ ယင်းအနက် ရွှေဘိုထောင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်လူစုခွဲသဖြင့် အကျဉ်းသားလေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသည်။

မေလ ၈ ရက်နေ့ ညသန်းခေါင်အချိန်တွင် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားများ ထောင်ဆူမှုရုပ်သံကို Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ကြသည်။ တန်းတူညီမျှ ခံစားခွင့်ရရှိရေးဟု ကြွေးကြော်ဆန္ဒပြခဲ့သည်။

အကျဉ်းသားအချို့က လက်ကိုင်ဖုန်းဖြင့် Facebook ပေါ်တွင် Live လွှင့်ကြောင်း စိစစ်တွေ့ရှိရာ သွေးထိုးလှုံ့ဆော်မှုများရှိနေသည်ဟု သုံးသပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာမပါလို့ ဆန္ဒပြတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ ဖြစ်စဉ်က တော်တော်ကြီး ထူးထူးခြားခြားဖြစ်စဉ်။ တစ်ထောင်ပြီးတစ်ထောင် ဆက်တိုက်ဆက်တိုက်ဖြစ်လာတာ မရိုးသားဘူးလို့ မြင်တယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဦးဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော်က ဆိုသည်။

ထောင်ဆူမှုများ၏ နောက်ကွယ်တွင် သွေးထိုးလှုံ့ဆော်မှုရှိနိုင်ကြောင်း၊ ထောင်ထဲတွင် မည်သည့် အီလက်ထရွန်နစ်ပစ္စည်းမျှ သုံးခွင့်မရှိခြင်းကြောင့် အကျဉ်းထောင်တွင်လည်း တာဝန်ရှိကြောင်း၎င်းက ပြောဆိုသည်။

လူသေဆုံးသည့်အထိဖြစ်ပွားခဲ့သည့် ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်စစ်ဆေးကာညှိနှိုင်းလျှက်ရှိသည်။

သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်မှာ မမျှတဟု ဆန္ဒပြခြင်းမှာအပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အောက်ပါအတိုင်း သုံးသပ်သည်။

“(အကျဉ်းသား) သူတို့ရင်ထဲမှာ ရှိနေတဲ့ဆန္ဒကို လိုက်လျောလို့ရမလား၊ မရဘူးလားဆိုတာက နိုင်ငံတော်အကြီးအကဲတွေ စဉ်းစားရမှာပေါ့။ လိုက်လျောလို့ရတဲ့ အနေအထားဆိုရင် လိုက်လျောရတာပေါ့။ မဟုတ်ရင် ထအော်တိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးနေရရင် ထောင်ထဲထည့်စရာမရှိတော့ဘူး။ အဲဒီလိုလည်း မဖြစ်သင့်ဘူး”

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုပုဒ်မ ၁၆ (ဂ) တွင် မူးယစ်ဆေးပမာဏ သတ်မှတ်ချက်ထက် အနည်းငယ်သာ ပိုများသော်လည်း ရောင်းချမှုပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ်ကျခံနေရသူများ မလွတ်မြောက်သေးသဖြင့် ဆန္ဒပြရာတွင် ပါဝင်ကြသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“အခုအကျဉ်းထောင်တွေထဲမှာ မကျေနပ်တဲ့ပြဿနာဖြစ်နေတယ်” ဟု ဦးယုလွင်အောင်က ပြောဆိုသည်။

ထောင်ဆူရခြင်း

လွတ်ငြိမ်းသက်သာခွင့်အပေါ် မကျေနပ်၍ ထောင်ဆူပူခြင်းမှာ စနစ်လွဲမှားခြင်းကြောင့်ဟု ဝေဖန်မှုများရှိသည်။

လက်ရှိထောင်ဆူပူမှုများမှာ အစိုးရအနေနှင့် လွတ်ငြိမ်းသက်သာခွင့် အစဉ်အဆက်ပေးလာခဲ့သည့် နည်းစနစ်များနှင့် အစဉ်အလာများကို သေသေချာချာ ပြန်လည်ဆန်းစစ်သုံးသပ်ရန် လိုအပ်သည်ဟု အချက်ပြခြင်းဖြစ်ကြောင်း မော်လိုက် ကလေးထောင်ပိုင်မှူးကြီး (အငြိမ်းစား) ဦးခင်မောင်မြင့်က ပြောဆိုသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးပုံ စနစ်က လွဲမှားမှုရှိနေတယ်” ဟု ၎င်းက ဝေဖန်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်အထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်ပုဒ်မကို ဦးစွာရွေးချယ်ခြင်း၊ ကန့်သတ်ခြင်းများ လုပ်ဆောင်ပြီး ပြစ်ဒဏ်တစ်စိတ်တစ်ပိုင်း ကျခံပြီးသူများ သတ်မှတ်ရွေးချယ်ကာ လွှတ်ပေးရမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့် က ဆိုသည်။ ယင်းသို့ဆိုရာတွင် ရာဇဝတ်မှု ဖြင့်ဆိုင်သည့် ဓားပြမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ ခါးပိုက်နှိုက်မှုများ မပါဝင်ပေ။

“တစ်ပြိုင်ထဲထောင်အားလုံးက လွှတ်တယ်။ အဲဒီတော့ ဒီပြဿနာမရှိခဲ့ဘူး။ ရွေးချယ်တာကလည်း မောင်ဖြူ၊ မောင်နီလို့ မရွေးဘူး။ မူနဲ့သွားတာ” ဟု ၎င်းက ထောက်ပြသည်။

ယခင်က ထောင်ပိုင်မှစတင်ပြီး အထက်အဆင့်ဆင့်တင်ပြကာ နောက်ဆုံးတွင် သမ္မတထံသို့ တင်ပြရကြောင်း၊လက်ရှိ အစိုးရလက်ထက် လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် နိုင်ငံတော်သမ္မတကရွေးချယ်သူများ သက်သာခွင့်ရခြင်းဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောဆိုသည်။

ထို့ကြောင့် လွတ်ငြိမ်းချမ်းခွင့်ပေးရာတွင် စနစ်တကျ ရွေးချယ်လွှတ်ပေးရန် အဖွဲ့အစည်းတစ်ခု ဖွဲ့သင့်ကြောင်း၊ ဥပမာ အကျဉ်းသားစိစစ်ရေးကော်မတီဖွဲ့ကာ ပွင့်လင်းမြင်သာမှုရှိသင့်ကြောင်း ဦးအောင်မျိုးကျော်က ဆိုသည်။

“ဒီလိုဖြစ်တော့ သူကျလွတ်တယ်။ ငါက မလွတ်ဘူးဆိုတဲ့ မကျေနပ်ချက်တွေ ဖြစ်လာတယ်။ နောက်တစ်ခုက တချို့အကျဉ်းသားတွေက အမှုတွဲတွေ လွတ်သွားတယ်။ မိုးအောင်ရင်ကျ သူနဲ့ ငါတို့နဲ့ အမှုဖြစ်စဉ်ခြင်း အတူတူပဲ။ ငါတို့ကြတော့ မလွတ်ဘူး။ ဆိုတဲ့ဟာမျိုးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မူးယစ်အမှု ဘာကြောင့်လွတ်

လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်စလုံးတွင် မူးယစ်ဆေးဝါးအမှုဖြင့် လွတ်မြောက်သူ အများဆုံးဖြစ်သည်။

နောက်ဆုံးအသုတ် တတိယအကြိမ်မြောက်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်ဆေးဝါးမှုကြောင့် ထောင်ကျခံရသူများ၊ သက်ကြီးအကျဉ်းသားများနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးခုမှ အကျဉ်းသားများ ပါဝင်သည်။

မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ပမာဏနည်းပါးစွာကိုင်ဆောင်သူများ စွာ ပြစ်ဒဏ်ချခံနေရသဖြင့် သမ္မတက သုံးသပ်ကာ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

၎င်းတို့မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေကို မပြင်ဆင်ခင်က ပြစ်ဒဏ်ချခံရသူများဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယင်းဥပဒေကို ပြင်ဆင်လိုက်ရာ ပုဒ်မ ၁၅ (သုံးစွဲမှု) နှင့် ၁၆ (လက်ဝယ်ကိုင်ဆောင်မှု) တို့၏ ပြစ်မှုနှင့် ပြစ်ဒဏ်သတ်မှတ်ချက်ကို လျှော့ချခဲ့သည်။ ဥပဒေမပြင်ခင်က ပြစ်ဒဏ်ချမှတ်ခံရသူများမှာ တည်ဆဲဥပဒေဖြင့် နှိုင်းယှဉ်လျှင် ပြစ်ဒဏ်ကိုအဆမတန်ခံနေရသည့် သဘောဖြစ်နေကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

လက်ရှိ ထောင်ဆူပူနေသည့် မူးယစ်ဆေးဝါးအမှုကြောင့် ထောင်ဒဏ်ကျခံနေရသူများ ပါဝင်နေသည်။ မူးယစ်ဆေးဝါးပမာဏ အနည်းငယ်ဖြင့်ထောင်ဒဏ်ကျခံနေရသူအချို့မှာ လွတ်ငြိမ်းခွင့်ရရန် ကျန်နေသေးသည်ဟု ဦးယုလွင်အောင်က ဆိုသည်။

“မူးယစ်ရာဇာကြီးတွေကို လွှတ်ပေးဖို့ပြောတာ မဟုတ်ဘူး။ တချို့ကျတော့ မူးယစ်ဆေးဝါးက သုည ဒသမ၂ ဂရမ်။ အဲဒါမျိုးနဲ့ ထောင်ကျနေတဲ့သူတွေ ၊ မူးယစ်ဆေးဝါး နှစ်ပြားနဲ့ထောင် ၁၀ နှစ်ကျတဲ့ သူတွေ။ သူတို့က မသိလိုက်မသိဘာသာ မိုက်မှားမိလို့ ထောင်ကျတဲ့သူတွေကို ပြောဆိုဆုံးမပြီးတော့ ပြန်လွှတ်သင့်တယ်”

မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၀ ကျော်တွင် အကျဉ်းသား ကိုးသောင်းကျော်ရှိသည်။ ယခုလွတ်ငြိမ်းသက်သာခွင့်ပေးသည့် အကျဉ်းသား နှစ်သောင်းကျော် ရှိသည်။ ယင်းမှာအကျဉ်းသား၏ ၂၆ ရာခိုင်နှုန်းကို ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များက အကျဉ်းထောင် ၃၀ကျော်ကိုလေ့လာရာ ရှိသင့်သည့် အကျဉ်းသားအရေအတွက်ထက် ၄၀ ရာခိုင်နှုန်းကျော်ပိုများနေကြောင်း ၂၀၁၇ ခုနှစ်က ထုတ်ပြန်သည်။ အကျဉ်းသား ဦးရေ စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးမှုကြောင့် ဖြစ်သည်။ မူးယစ်ဆေးဝါးမှု ပမာဏအပေါ် မူတည်ပြီး ပြစ်ဒဏ်လျှော့ပေါ့ရန်နှင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး အလွန်အမင်းချို့တဲ့သူများကို လွတ်ငြိမ်းခွင့်စဉ်းစားပေးရန် ကော်မရှင်က သမ္မတထံ တင်ပြခဲ့သည်။

“အကျဉ်းသား ကျပ်တည်းမှုအကြောင်း အဓိကထားပြောတာပေါ့။ အဲဒီအကြံပြုချက်အပေါ်မှာ အခြေခံပြီးတော့ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်တာပေါ့လေ။ အန်ကယ်တို့အကြံပြုချက်အပေါ်မှာ အခြေခံတာပါပဲ။ အဲဒီအတိုင်းလွတ်တဲ့သဘောပါပဲ” ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

အကျိုးအတွက် လွှတ်သည်

နိုင်ငံတော်၏အကျိုးစီးပွား၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရိုက်တာသတင်းထောက်နှစ်ဦးအပြင် လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့သည်လည်း ပစ်ဒဏ်ချမှတ်ခံရပြီးနောက် ရှစ်လအကြာတွင် လွတ်ငြိမ်းသက်သာခွင့်၌ ပါဝင်လာသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှ ၂၃ ဦး လွတ်မြောက်သည်။ ယင်းအနက် ABSDF ဒုတိယဥက္ကဋ္ဌလည်း ပါဝင်သည်။

မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသည့် သရုပ်ဆောင် မိုးအောင်ရင်လည်း ပြစ်ဒဏ်ချမှတ်ခံရပြီး ခြောက်လခန့်အကြာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသည်။

သို့ရာတွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် နှစ် ၂၀ ၊ အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် ပြည်သူများ အကျိုးစီးပွားပျက်စီးစေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ မပါဝင်ချေ။ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ဘုန်းသျှံလည်း မပါဝင်ခဲ့ပေ။

လွတ်ငြိမ်းခွင့် ပေးနည်း

မြန်မာနိုင်ငံတွင် အကျဉ်းသားများ ထောင်ဒဏ်မှ လွတ်မြောက်နိုင်သည့် နည်းလမ်းနှစ်ခုရှိသည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးခွင့်ရှိသည်။ ပြစ်ဒဏ်များ လုံးဝကင်းလွတ်ခြင်းဖြစ်ပြီး အကျဉ်းသား၊ အချုပ်သားအားလုံး အကျုံးဝင်သည်။ အစိုးရဌာန၏ စစ်ဆေးမှု ခံယူနေရသူ အစိုးရဝန်ထမ်းများလည်း အကျုံးဝင်သည်။

လက်ရှိအကျဉ်းသားများကိုပေးအပ်သည့် လွတ်ငြိမ်းသက်သာခွင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၄ (က) နိုင်ငံတော်သမ္မတ အခွင့်အာဏာ၊ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရပေးခြင်းဖြစ်သည်။ အဓိပ္ပါယ်က ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းဖြစ်သည်။

“ဆိုလိုတာက ကျန်နေတဲ့ ပြစ်ဒဏ်ကာလကို လျှော့ပေါ့ပေးလိုက်တာ။ တရားရုံးက အပြစ်ရှိနေလို့ အပြစ်ပေးတာ။ အပြစ်မရှိတာ မဟုတ်ဘူး။ ကျခံဖို့ကျန်နေတဲ့ ကာလကို သက်သာပေးတာ” ဟု ဦးခင်မောင်မြင့် က ပြောဆိုသည်။

နိုင်ငံတော်သမ္မတက ပေးအပ်သည့် လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်တွင် မပါဝင်သည့် အကျဉ်းသားများက အကျဉ်းထောင်အတွင်း ဆူပူမှုများပြုလုပ်ကြသည်။ ပြဿနာပြေလည်စေရန် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ ညှိနှိုင်းလျှက်ရှိသည်။ လွတ်ငြိမ်းသက်သာခွင့် ဆက်တိုက်ပေးသကဲ့သို့ ထောင်ဆူမှုလည်း ဆက်တိုက်ဖြစ်နေသည်။ ယင်းအပေါ် AAPP ၏ ဦးဆောင်ကော်မတီဝင် ကိုအောင်မျိုးကျော်က အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ဒီလိုဖြစ်နေတာအပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိဖို့လိုတယ်။ အကျဉ်းထောင်နဲ့ပတ်သက်ပြီး ဘယ်သူ့မှာတာဝန်ရှိလဲ အားလုံးသိတယ်။ ဒီလူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့လိုပါတယ်။ လူထုယုံကြည်မှုရဖို့လိုပါတယ်”

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *