လျှပ်စစ်မီးပြဿနာ ဘာ့ကြောင့်၊ ဘယ်လို

ဂျပန်ဆူနာမီဝင်အပြီး နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စဖြစ်လို့ လျှပ်စစ် မလုံလောက်မှုတွေ ကြုံတဲ့ကာလမှာ သူတို့ဆီ ရောက်သွားခဲ့ဖူးတယ်။

အဲဒီအချိန်မှာ သူတို့ရဲ့ ဓာတ်အားလိုအပ်ချက်တွေက မလောက်တော့ ဖြေရှင်းဖို့ သူတို့လုပ်ကိုင်နေကြတာတွေ တွေ့ခဲ့ရတယ်။

မလောက်တဲ့လျှပ်စစ်ကို လျှော့သုံးဖို့အတွက် ကော်ပိုရေးရှင်းကြီးတွေကို အခွန်လျှော့ပေါ့ခွင့်ပေးပြီး နှစ်အလိုက်လုပ်ငန်းတွေမှာ၊ ရုံးတွေမှာသုံးတဲ့ မီးအားစားတာတွေကို လျှော့ဖို့ စကြိုးစားကြတယ်။

အဲဒီအချိန်က မီးစားတဲ့ မီးချောင်းမီးလုံးတွေနေရာမှာ LED လို အားနည်းပြီး လင်းတဲ့မီးတွေလဲတာ၊ မလိုအပ်ရင် မီးမှိန်စေတဲ့ စနစ်တွေ တပ်တာ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေကို အာရုံခံကရိယာတွေ တပ်ပြီး အားဖြုန်းတီးမှုကိုလျှော့ချဖို့ ကြိုးစားကြတာ၊ သဘာဝလေနဲ့ အလင်းရောင်ကို ပိုသုံးဖို့ လုပ်ကြသလို အချို့ရုံးတွေ၊ အများနဲ့သက်ဆိုင်တဲ့ ကုန်တိုက်လိုနေရာတွေမှာ အပူချိန်ပြန်လည်သတ်မှတ်ပြီး မီးအားသုံးနည်းဖို့ လုပ်ခဲ့ကြတယ်။

ဒီလိုနည်းမျိုးစုံနဲ့မရခဲ့ရင်လည်း တစ်ဆင့်ချင်း မြို့ရွာတွေကို ဝန်လျှော့ဖို့၊ မီးဖြတ်ဖို့ စီမံထားကြသေးတယ်လို့ဆိုတယ်။ ပြောရရင် လက်တွေမှာ မီးမဖြတ်လိုက်ရဘူး။ အလှည့်နဲ့မပေးလိုက်ကြရဘူး။ ဂျပန်တွေရဲ့ အားသာချက်အားလုံးက မီးလျှော့သုံးကြတယ်။ မီးလျှော့သုံးနိုင်ဖို့ ရင်းနှီးမြှုပ်နှံကြတယ်။ စီမံခန့်ခွဲကြတယ်။

အဲဒီအချိန်က တိုကျိုက နိုင်ငံခြားရေးရုံးထဲ ဝင်သွားတော့ ကိုယ်ရောက်တဲ့နေရာလင်းလာပြီး နောက်မှာမီးလင်းရာက ပြန်မှိန်သွားတာ တွေ့ခဲ့ရတယ်။

ကွန်ပျူတာနက်ဝပ်တစ်ခုကို စခဲ့သလိုဘဲ ပထမတော့ ချိတ်ဖို့ ဆက်မိဖို့၊ နောက်တော့ မြန်ဖို့၊ များများချိတ်နိုင်ဖို့အတွက် ဒီဇိုင်းအရေးကြီးသလို တစ်နေရာမှာပြတ်တောက်ရင် ဘယ်ဘက်က ဘယ်လိုပေးမယ်၊ လိုတာများရင် ထုတ်တာတွေကို ဘယ်လိုစီမံမယ်၊ နည်းရင် ဘယ်လိုစီမံမယ်၊ ပိုတဲ့အခါ ဘာလုပ်မယ်ဆိုတာတွေကို တွက်ချက် ချိတ်ဆက် မောင်းနှင်ကြတဲ့ စနစ်မျိုးရှိတယ်လို့ ကြားဖူးတယ်။ မီးကြိုးတွေထဲက ဖိုင်ဘာလိုင်းတွေကနေ ချိန်ညှိတာ၊ လိုင်းအဝင်အထွက်တွေကို ချိန်ညှိတာ စတာတွေကိုလုပ်တဲ့ စနစ်ဆိုတာလည်းရှိတော့ ကိုယ်တွေရင်းနှီးတဲ့ ကွန်ပျူတာနက်ဝပ်လို ဖြစ်နိုင်တယ်လို့တော့ တွက်ဆမိတယ်။ တစ်ဖက်မှာလည်း ရပ်ကွက်တွေ၊ အိမ်တွေသုံးတာကို ချိန်ညှိဒီဇိုင်းဆွဲ မောင်းနှင်ဖို့လိုတယ်လို့ နားလည်တယ်။

ခက်တာက ကိုယ်တွေမှာ ကိုယ့်ပြဿနာ ကိုယ်ရှင်းရင်း မီးအားနည်းတာအတွက် ထရမ်စဖော်မာတွေ၊ မီးစက်အင်ဗာတာလိုင်းချိန်းတာတွေ၊ ရပ်ကွက် မြို့နယ်ရဲ့ မီးအားဆွဲတဲ့အနေအထားကို တစ်ပြေးညီပေးနိုင်ချိန်မှာ အားတည်ငြိမ်ရေးအတွက် လုပ်ဖို့တွေမှာ သူများနိုင်ငံနဲ့ မတူတာတွေလည်း အများကြီးရှိတယ်။

အဓိကက တစ်ချိန်က ဖြစ်သလိုကြီးလာတဲ့ ပစ္စည်းကောင်း၊ နည်းပညာကောင်း မသုံးနိုင်တဲ့အနေအထားမှာ ဆီစားတဲ့ကားအိုကြီး အင်ဂျင်ဖွတ်ချပ်ဖွတ်ချပ်ကို ထိန်းချုပ်ပြီး ၃၈ ဗိုက်ပူ ချက်ပလက်ဘတ်စ်ကားကို ဂီယာတုတ်ထောက်မောင်းတာမျိုး နည်းပညာတွေနဲ့ ဆက်သွားနေကြတော့ ခေတ်ပေါ်တာဘို အီးဖက်အိုင် စီအိုင်စနစ် ရှုပ်ထွေးတဲ့အင်ဂျင်တွေလို ခေတ်ပေါ်ကွန်ပျူတာထိန်းကားတွေလို ဆီစားသက်သာပြီး ပေါ့ပါးတာမျိုးတော့ ရှိဟန်မတူဘူး။

ဒါကြောင့်လည်း သူများတွေ သန့်ရှင်းရေးသာသာနဲ့ အင်ဂျင်နီယာစုစုပေါင်း ငါးယောက်လောက် ဓာတ်အားခွဲရုံကို အဝေးကထိန်းချုပ်ချိန်မှာ ကိုယ်တွေက နေရာကျယ်ကြီးမှာ လူအင်းအားရာချီ ဝန်ထမ်းခန့်ထားရတဲ့ တုတ်ထောက်ခွဲရုံတွေနဲ့ ကာဘာမပါတဲ့ကြိုးတွေ အပင်ကြိုအပင်ကြား၊ တိုက်ကြိုတိုက်ကြား လေကြောက် မိုးလန့်သွယ်ပြီး တိုင်ထိပ်မှာ အိမ်ကြိုးရာချီစုပြီး ပင်ကူအိမ်လိုရှုပ်ထွေးတဲ့ လိုင်းတွေကြားမှာ မတူညီစွာ လည်နေကြတဲ့ တံဆိပ်ပေါင်းစုံမီတာတွေကြားက ခိုးချိတ်ခိုးသွယ် ကြိုးငယ်တွေကြားမှာ လိုင်းပျောက်မှုကြီးတဲ့ မီတာတပ်ရန်မစွမ်းသာတဲ့ စနစ်ကြီးပေါ်မှာ လည်ပတ်နေရတယ်လို့လည်း တွေ့မြင်နေရတယ်။

ကားအိုကို ကာဗရိုက်တာတင် အသစ်လဲလို့မရသလို စနစ်ဟောင်းကြီးမှာ နည်းပညာသစ်တွေကလည်း ဝင်မတိုးသာဘူး။

မီးအားလှုပ်တာ ကျတာ တက်တာ၊ လှိုင်းမငြိမ်တာ ပြတ်တာ လာတာ မျိုးစုံကြားမှာ ခံနိုင်အောင်လုပ်ထားကြရရှာတဲ့ ပြည်တွင်းသုံးတွေရဲ့ဒဏ်ကိုလည်းခံရတော့ ကိုယ်တွေဆီမှာ နေရာယူတဲ့ အိုးကြီးတွေနဲ့ လုပ်ဆွဲအားတွက်ရခက်တဲ့ ရပ်ကွက်တွေမှာ တောင့်ခံနေကြရသလို ဒီဇိုင်းလုပ်ထားတုန်းက ခြံကျယ် အိမ်ပုလေးတွေကနေ ကန်ထရိုက် မျက်နှာကျက်နိမ့် ထပ်ခိုးပါတိုက်ပိန်တွေ ပြွတ်လာတဲ့အခါ လူများပြီး မီးခြစ်ပုံးလို အဆင်တွေကြားမှာ တီဗီအဲကွန်းမီးဖို ရေစက်မျိုးစုံ အရေအတွက် ခွတက်လာပြီး မူရင်းပေးကြိုးမနိုင်တဲ့ အပြောင်းအလဲတွေကလည်း စိန်ခေါ်နေတာ တွေ့ရသေးတယ်။

ဒီကြားထဲ မီးအားမလောက်လို့ အလှည့်ကျတွေ၊ အားလုပ်လျှော့တာတွေ၊ အရေးပေါ်ပျက်မရလိုင်းတွေ၊ အချဉ်ဖျက်ချင်သလိုဖျက် လိုင်းတွေဖြစ်လာတော့ ကျော်ကြခွကြ၊ လိုင်းခွဆွဲကြ ပေးကြကမ်းကြ လုကြ တိုးကြတွေဖြစ်လာပြီး ပေါက်ဈေးတွေနဲ့ ရှုပ်ထွေးလာတာကိုက ခွင်လိုလို အခွင့်အလမ်းလိုလိုဖြစ်တာတွေကနေ ရှုပ်ထွေးတဲ့ စီမံခန့်ခွဲမှုတွေလည်း ကြားလာရပြန်တယ်။

ဝိတ်ကြီးသူတွေ၊ အကောင်ကြီးသူတွေ၊ အမျိုးတော်သူတွေ၊ နေရာမြင့်သူတွေကလည်း စနစ်အပြင်ကနေ လည်နေစေသေးတယ်။

အစိုးရစီးပွားရေးလုပ်တာဆိုတော့လည်း ဖုန်းပါမစ်လို ဈေးနှုန်းတွေနဲ့ ရှားပါးပြီးရောင်းမြတ်တဲ့ အရင်ခေတ် ဆင်းမ်ကတ်တွေလို စရိတ်ကြီးတယ်။

အရင်း ၁၅ သိန်း၊ ငါးသိန်း၊ နှစ်သိန်းနဲ့ ကုန်ကျစရိတ်ပါဆိုပြီးလုပ်ခဲ့ရာက ဂျီအက်စ်အမ် သန်း ၃၀ စီမံကိန်းချိန်ထိ သိန်းချီတန်ဖိုးအရင်းကျတဲ့ ဖုန်းကတ်တွေ ဆက်သွယ်ရေးဥပဒေကြောင်း လူတိုင်းလက်ထဲရောက် တိုင်းနယ်အစုပြေး အင်တာနက်ပါပြီး ၁၅၀၀ အောက် ရောက်ခဲ့တာ မြင်ခဲ့ဖူးတော့ မင်းကုန်ကူးတဲ့အစွမ်းကိုလည်း သတိထားမိနေပြန်တယ်။

မီတာခကို မျက်လှည့်ပြသလို အဆင်မျိုးစုနဲ့ကောက်၊ ရှုပ်ထွေးအောင် ဆင်းရဲသားဝန်ထမ်း ဗန်းပြပြီးလုပ်ထားတဲ့ စနစ်အရှုပ်အထွေးက နောက်ဆုံးအစိုးရ အနည်းဆုံးနဲ့ ရစနစ်၊ ပြည်သူအများဆုံးနဲ့ပေး မီတာခစနစ်တွေဖြစ်ပြီး လျှပ်စစ်က ရှုံးတယ်ဆိုတာကိုလည်း ဘူးလေးရာ ဖရုံဆင့် နေလေသလား တွေးမိပြန်တယ်။

တကယ်တော့ ကမ္ဘာမှာ Information Management System တွေပြောင်းနေတော့ တစ်နေရာထဲကနေ ဘယ်နေရာ ဘာဖြစ်နေတာ၊ ဘယ်လို အရင်းအမြစ်တွေကနေ ဘယ်လိုဖြန့်ဝေနေတာကို သူ့ဘာသူလုပ်နေတဲ့စနစ်ကို လူထိုင်ကြည့်နေကြချိန်မှာ ကိုယ်တွေက ပင်ပန်းကြီးစွာကြိုးစားပြီး လူအားနဲ့ ဖုန်းသုံးလိုင်း ဖြုတ်လိုက်တင်လိုက် ခေတ်မှာပဲရှိသေးတာလည်း တစ်ပိုင်းလိုထင်ပါတယ်။

အရှုံးခံရလို့ ငွေမရှိလို့ ဘတ်ဂျက်မရလို့ ဘာညာတွေကြားမှာ ကြီးထွားမလာတာကို နားလည်ပေးလိုရပေမယ့် အရှုံးခံလို့ ပေါနေလို့ ဖြုန်းတီးတာ၊ ခိုးရလို့ ငွေမဝင်တာ၊ လိုင်းပျောက်လို့ အလကားဖြစ်တာတွေလည်း ရှင်းနိုင်စေချင်မိတယ်။

ကိုယ်တွေ စင်ကာပူမှာဆို အဲကွန်းကို မအိပ်ခင်အေးအောင်ဖွင့်ပြီး ပိတ်လိုက်၊ တကယ်ပူမှ ပြန်ဖွင့်လိုက်၊ မီးလိုက်ပိတ်လိုက် လုပ်နေတတ်ပေမယ့် မီတာခပေါတဲ့ ကိုယ့်ဒေသမှာ ဆင်းရဲသားအိမ်တောင် လူမရှိဘဲ မီးမပိတ်တာ၊ ရေမပိတ်တာ တွေ့နေရတယ်။ ဂရုမစိုက်ကြဘူးလေ။ အင်တာနက်တောင် သုံးသလောက် မီဂါဘိုက် ပေးဆိုတာတောင် ကုန်သလောက်ထည့်သုံးတတ်တဲ့ လူမျိုးတွေဆိုတော့လည်း ပိုဖြုန်းကြတာပေါ့။ သက်သာတော့ မီးဖိုတောင် လျှပ်စစ်နဲ့ ပျော်ပျော်ကြီးသုံးနိုင်ကြတယ်။ ပေါတဲ့အတွက် တန်ဖိုးမထားကြပြန်ဘူးလားလို့ စိတ်မကောင်းဖြစ်မိတယ်။

တကယ်တော့ အရှုံးခံနေရတယ်ဆိုတာ မီးရနေတဲ့ မြို့ကြီးသား အသံကျယ်တဲ့ လူရာဝင်တဲ့ နေရာစုံပေါက်ရောက်တဲ့နေရာကသူတွေသာဖြစ်ပြီး နယ်က တောရွာအများစုက မရကြသေးဘူး။ ရသူတွေကို အရှုံးခံနေရလို့ မရသေးသူတွေဆီ လိုင်းတောင်မဆွဲနိုင်ကြသေးဘူး။

ဒီတော့ ရှိတဲ့သူတွေအတွက် အရှုံးခံနေရလို့ မရှိသေးသူတွေရဖို့ ဝေးနေတာကိုက တောနဲ့ မြို့ကွာဟတာ၊ နယ်မှာ အလုပ်အကိုင်အခွင့် အလမ်းနည်းတာ၊ မြို့ကြီးတွေကျပ်ပြီး ညစ်ပတ်လာတာ၊ ကျူးကြ တိုးဝှေ့ဝင်လာကြတာတွေ ဖြစ်လာတာလို့လည်း ဆိုနိုင်တယ်။

ဒီတော့ ဂေဟစနစ်တွေလည်းထိ၊ ရေတွေလေတွေလည်းညစ် ပြဿနာပေါင်းစုနဲ့ နိုင်ငံသားတွေ ဖြစ်လာကြရရှာတယ်။ အဆိုးသံသရာလည်နေကုန်တယ်။ ဂျာအေး သူ့အမေရိုက်လို့မဆုံးတော့ဘူးဖြစ်လာတယ်။ ပညာပိုမဲ့ကြ၊ ပိုဆင်းရဲကြတဲ့ဘက်ကို ဦးတည်နေသလိုဖြစ်နေတယ်။

အများပြည်သူတွေဘက်က ကြည်တော့လည်း စီးပွားရေးရင်းနှီးမြှုပ်နှံရင်တောင် မီးစက်က အရင်းထဲထည့်ရတယ်၊ ဒီဇယ်နဲ့လည်တဲ့မီးကို စရိတ်ကုန်ခံ သုံးရတယ်၊ မီးအားမြှင့်စက်တွေ အင်ဗာတာတွေ ဆေ့ဂတ်တွေ ပေါင်းစုံနဲ့ တန်ဖိုးကြီး စက်ကရိယာမျိုးစုံ သက်တမ်းတိုခံ အပျက်ခံပြီး မငြိမ်တဲ့ မီးအားမမှန်တဲ့ လိုင်းကြားမှာ ခက်ခဲအောင်သုံးကြရတယ်။ အရင်းကြီး စရိတ်ကြီးတော့ ပြည်ပပြိုင်ဆိုင်မှုထိတယ်။ စက်တိုင်း ဝယ်သုံးလို့မရတာ ပျက်လိုက် အပိုပစ္စည်းအသစ်မှာလိုက် စောင့်လိုက် စရိတ်မျိုးစုံအောက်မှာ အမြတ်ပွန်း အရင်းမပြတ်အောင်လုပ်ရင်း ပြည်တွင်းထုတ်ကုန် အရင်းကြီးလာတယ်။ အပြင်ကနေ သယ်ရောင်းသူတွေကို မပြိုင်နိုင်လို့ စက်ရုံတွေပြုတ်ကြရင်း အလုပ်လက်မဲ့ပေါ၊ စီပွားရေးထုတ်လုပ်မှုရှား၊ နည်းပညာအတွေ့အကြုံမရနဲ့ သူများဆီက အကုန်ဝယ်သုံးဘ၀တွေကနေ ငွေကြေးဖောင်းပွတာတွေဖြစ်ပြီး ဘဏ်တိုးကြီးနိုင်ငံဖြစ်လာတဲ့ အားလျော်စွာ အားလုံး လုံးပါးပါးကုန်ကြတယ်။

ဘာရယ်လို့မဟုတ်ပါဘူး။ မီးပျက်တုန်း ပူပူလောင်လောင်နဲ့ တောင်တွေး မြောက်တွေး တွေးမိတာတွေ ချရေးကြည့်မိတာပါ။ မိတ်ဆွေတို့ရော ဘယ်လိုတွေတွေးမိကြပါသလဲ။ 

 

ရဲမြတ်သူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *