ပြည်ပအကြံပေး ထားသင့် မသင့်

ပြည်ပပညာရှင်နှင့် အကြံပေးကိစ္စ အတော်ပွဲဆူသွားသည်။ ဆွေးနွေးထိုက်သည့်ကိစ္စဖြစ်သည်။ နိုင်ငံအကျိုး ရှိ မရှိ ဆုံးဖြတ်ဖို့သာလိုသည်။ ပြည်ပအကြံပေး၊ ပညာရှင် ထားသင့်၊ မသင့် မေးလျှင် တစ်ခွန်း ပြန်မေးရမည်။ ‘ဘယ် အကြံပေး’ လဲ။ ဆိုလိုသည်က အကြံပေးဆိုသူတိုင်း ကောင်းသည်မဟုတ်၊ မကောင်းသည်မဟုတ်။ ထို့ပြင် အကြံပေး၏ အကြံဉာဏ်ကို ယူသင့်၊ မယူသင့် ဆုံးဖြတ်နိုင်သည့် သက်ဆိုင်ရာ အစိုးရအရာရှိများသည် တာဝန်အရှိဆုံးဖြစ်သည်။

မြန်မာနှင့် နီးနီးစပ်စပ် အောင်မြင်သည့်ဇာတ်လမ်း Success Story ဖြစ်သည့် စင်ကာပူနိုင်ငံ ထူထောင်နေဆဲကာလတွင် စင်ကာပူခေါင်းဆောင် လီကွမ်ယုသည် နိုင်ငံခြားအကြံပေးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ သူ ပုံမှန်တိုင်ပင်လေ့ရှိသည့် နိုင်ငံခြားအကြံပေးတစ်ယောက် ရှိသည်။ ထိုသူ၏ အကြံများသည် တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စင်ကာပူ၏ခရီးတိုတွင် များစွာအထောက်အကူပြုခဲ့သည်။ စင်ကာပူ၏ လီကွမ်ယုသည် စင်ကာပူအကြောင်း ကောင်းကောင်းသိသူ၊ စင်ကာပူသွားမည့်လမ်းကြောင်းကို အနီးအဝေး စဉ်းစားထားသူ၊ ကမ္ဘာ့အရေး ဒေသအရေး သဘောပေါက်သူဖြစ်ကြောင်းကိုမူ သတိထားမိရန်လိုသည်။ ဆိုလိုသည်က အကြံပေး၏ပြောဆိုချက်များကို သင့်၊ မသင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း လီကွမ်ယုတွင်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးခေတ်ကတည်းက နိုင်ငံတကာအကြံပေးများ ခေါ်ခဲ့သည်။ အလုပ်မဖြစ်သည်များရှိသလို အလုပ်ဖြစ်သည်များလည်းရှိသည်။ သက်ဆိုင်ရာနိုင်ငံအခြေအနေကို သေချာစွာ မသုံးသပ်နိုင်ဘဲ အကြံပေးသည့် နိုင်ငံတကာအကြံပေးများသည် မြန်မာနိုင်ငံတွင်သာမက အခြားနေရာများတွင်လည်း အောင်မြင်မည်မဟုတ်။ ဘာသာရပ်ကျွမ်းကျင်ပြီး အိမ်ရှင်နိုင်ငံအကြောင်းကိုလည်း သေချာစွာ စေ့ငုတွက်ချက်နိုင်သည့် နိုင်ငံတကာပညာရှင်များသည် အောင်မြင်မည်ဖြစ်သည်။

ပထမဆုံးအချက်။ ကိုယ့်ထံတွင် ကိုယ်လုပ်ချင်သည့် စီမံကိန်းအတွက် လူမရှိလျှင် ပြည်ပမှ အကြံပေးငှားသင့်သည်။ အကြံပေးသည် မြန်မာနိုင်ငံအကြောင်း သိသောသူဖြစ်လျင် ပိုကောင်းသည်။ မြန်မာအကြောင်း သိပ်မသိလျှင်လည်း သူသည် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူဖြစ်လျှင် သီအိုရီ ကျွမ်းမည်၊ အခြားနိုင်ငံများတွင် အတွေ့အကြုံများသူ ဖြစ်မည်။ ထိုအတွေ့အကြုံများ၊ ပညာများကြောင့် မြန်မာအတွက် အကျိုးရှိမည်။

နောက်တစ်ခု အရေးကြီးတာရှိသည်။ ပိုက်ဆံ။ ပိုက်ဆံမရှိလျှင် အကြံပေးမငှားနိုင်။ မြန်မာနိုင်ငံ၏ အခြေအနေအရ နိုင်ငံတကာအထောက်အပံ့များနှင့် ဆက်စပ်ပြီးသာ အကြံပေးငှားရသည်က များပုံရသည်။ နိုင်ငံတကာ အထောက်အပံ့ပါလာလျှင် ကိုယ့်သဘောသာမက သူ့သဘောပါ ပါလာသည်။ စီမံကိန်းအတွက် ထောက်ပံ့ထားသည့် နိုင်ငံအလိုက် သူ့နိုင်ငံကလူ ပိုခေါ်ချင်တတ်သည်။ ဥပမာ – B နိုင်ငံက ထောက်ပံ့ထားသော စီမံကိန်းဖြစ်လျှင် B ပညာရှင်များ ရောက်လာတတ်သည်။ ဤတွင်လည်း အနည်းဆုံး နှစ်ချက်ရှိသည်။ B က B ပညာရှင်များအကြောင်း ပိုသိမည်။ ထို့ကြောင့် သူအရည်အသွေး စိတ်ချသော၊ ကြုံဖူး သုံးဖူးသူ B က လူများခေါ်သည်။ ဒုတိယ။ B က ထောက်ပံ့လျှင် ထိုငွေ များသည် B အခွန်ထမ်းပြည်သူများ၏ ငွေများဖြစ်သည့်အတွက် အရည်အချင်း ချင်းတူလျှင် B များကို ပြန်ခေါ်သုံးရမည်ဟူသော မူဝါဒသည် နဂိုစထောက်ပံ့ကတည်းက ပါပြီးဖြစ်နိုင်သည်။

နိုင်ငံခြားသားများ ပါနေသည့်အတွက် ကိုယ့်နိုင်ငံအတွက် ထိခိုက်နိုင်သလားဟူသော စဉ်းစားချက်များရှိသည်။ ယင်းသည် သဘာဝကျသည်။ နိုင်ငံမဟုတ်သည့် ကုမ္ပဏီများတွင်ပင် လုပ်ငန်းလျှို့ဝှက်ချက် Trade Secret ရှိသည်ဖြစ်ရာ မပေါက်ကြားအောင် ဂရုစိုက်ကြရသည်။ နိုင်ငံခြားသားပညာရှင် သို့မဟုတ် အကြံပေးသုံးရာတွင် နိုင်ငံခြားသားအပေါ်ထားသည့် သဘောထား၊ နိုင်ငံသမိုင်းကြောင်းပေါ် မူတည်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူပါ။ အချို့နိုင်ငံက ခပ်မြင့်မြင့်နေရာများအထိ သုံးကြသည်။ အချို့က ပညာရပ်အထူးဆန်သော နယ်ပယ်များအတွက်သာ သုံးသည်။ နိုင်ငံ့ရေမြေနှင့် သမိုင်းကြောင်းပေါ် တည်သည်။ ဘယ်နေရာတွင် သုံးသင့်သလဲ၊ ဘယ်လောက်ထိ ပေးသိသင့်သလဲသည် သက်ဆိုင်ရာအစိုးရ သို့မဟုတ် ခေါင်းဆောင်၏ တာဝန်ဖြစ်သည်။ ထိုသို့ နေရာပေးသည့်အတွက် ဖြစ်ပေါ်လာသော အကောင်းအဆိုးကို သက်ဆိုင်ရာအစိုးရက တာဝန်ခံရမည်။

မြန်မာသည် နိုင်ငံတကာနှင့်ချီသော စီမံကိန်းများ၊ လုပ်ငန်းများတွင် ပညာရှင်များ နည်းပါသေးသည်။ ကိုယ့်နိုင်ငံက ပညာရှင်များ နိုင်ငံခြားတွင် လုပ်ကိုင်နေသည်များရှိသော်လည်း သူတို့အလုပ်နှင့် သူတို့ဖြစ်သည့်အတွက် ကိုယ်လိုအပ်ချိန်တွင် ခေါ်နိုင်ရန်ခက်နိုင်သည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုနှင့် လုပ်ကိုင်ရသည့် စီမံကိန်းများစွာရှိသည့်အတွက် ကိုယ်တစ်ယောက်တည်း သဘောထားနှင့်မရပါ။ ထို့ပြင် ကိုယ့်ထက် သူက ပိုသိသည့်နေရာများရှိသည့်အတွက် နိုင်ငံနှင့် လုပ်ဖော်ကိုင်ဖက် Development Partner ၏ အမြင်များကို လက်ခံစဉ်းစားရမည်။ ထို့ကြောင့် နိုင်ငံတကာအကြံပေးများ၊ ပညာရှင်များ ဆက်သုံးရဦးမည်။ အထူးသဖြင့် တရုတ်နှင့် တွဲလုပ်မည့် ပိုးလမ်းမသစ်စီမံကိန်းကြီးများဆိုလျှင် ဒေါ်လာဘီလီယံချီတန်သည့် ဧရာမစီမံကိန်းကြီးများ Mega Projects များဖြစ်ပြီး ကဏ္ဍပေါင်းစုံပါသည့်အတွက် မြန်မာနိုင်ငံသည် ထိုစီမံကိန်းကြီးများကို လေ့လာဆန်းစစ်နိုင်သည့် အတွေ့အကြုံမရှိပါ။ ထိုစီမံကိန်းကြီးများ၏ အကျိုးအမြတ်ထွက်နိုင်ခြေများ ဆန်းစစ်ရာတွင် နိုင်ငံတကာပညာရှင် လိုကိုလိုပါသည်။ ထို့ပြင် စာချုပ်ချုပ်ဆိုသည့် အသေးစိတ်များ၊ စီမံကိန်းအကောင်အထည်ဖော်မည့် လမ်းကြောင်း၊ အရွယ်အစား စသည့်စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို အိမ်ရှင် နိုင်ငံအကျိုး ရှိ၊ မရှိ ရှုထောင့်မှ လေ့လာဆန်းစစ်မည့် နိုင်ငံတကာမှ အကြံပေးများ လိုပါသည်။ သို့မဟုတ်လျှင် ဒေါ်လာဘီလီယံချီလုပ်ငန်းများ ဖြစ်သည့်အတွက် အနည်းအကျဉ်းနစ်နာလျှင်ပင် သန်းရာချီပြီး၊ နိုင်ငံ့အနာဂတ်နှင့်ချီပြီး နာနိုင်သည်။ ထို့ကြောင့် နိုင်ငံတကာပညာရှင်များကို ဒေါ်လာ သန်းဂဏန်းပေးရလျှင်ပင် ခေါ်သင့်သည်။ ထောင်မြင်ရာ စွန့်သဘော။

နိုင်ငံတကာပညာရှင်များသည် အချိန်တန်လျှင် အိမ်ပြန်မည့်သူများ ဖြစ်သည်။ သူတို့သည် သူ့အလုပ်တာဝန်ကို ကျေပွန်စွာဆောင်ရွက်မည့် ပညာသည် Professional များဖြစ်သော်လည်း စီမံကိန်းများ၏ အကောင်းအဆိုးကို မြန်မာနိုင်ငံသားများကသာ ခံစားရမည်။ ထို့ကြောင့် နိုင်ငံတကာပညာရှင်များပေးသည့် အကြံဉာဏ်ကို စဉ်းစားပြီး ဆုံးဖြတ်ရာတွင် မြန်မာနိုင်ငံသားတို့ကို ကိုယ်စားပြုသည့် အစိုးရအရာရှိများကသာ အပြီးသတ်ဆုံးဖြတ်ရမည်။ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရအရာရှိများသည် သိစပ်မြင်နှံ့သူများ၊ အမြင်ကျယ်သူများဖြစ်ရန်လိုသည်။ နိုင်ငံတကာပညာရှင်များကပေးသည့် အကြံဉာဏ်များ၏ သက်ရောက်နိုင်စွမ်း အတိုင်းအတာကို သဘောပေါက်သူများ ဖြစ်ရန်လိုသည်။

နိုင်ငံတကာပညာရှင်များ၏ အကြံကို သင့်၊ မသင့် စဉ်းစားရာတွင် သူတို့၏ အစွဲအလမ်းများကိုလည်း ထည့်သွင်းတွက်ချက်ရန်လိုသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် အစွဲအလမ်းများ၊ ပညာရပ်နောက်ခံအရ အစွဲအလမ်းများ ရှိတတ်သည်။ လူမှန်လျှင် အစွဲနှင့် မကင်းနိုင်။

နိုင်ငံတကာပညာရှင်များ၏ အကြံဉာဏ်ကို ယူရာတွင် Conflict of Interests ခေါ် အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်။ လခပေးသောနိုင်ငံ၊ မိခင်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည်ကများပြီး မြန်မာ့အကျိုးသိပ်မရှိလျှင် ထိုအကြံဉာဏ်များကို မယူသင့်ပါ။ သို့သော် ထိုသို့ ဆုံးဖြတ်သည့်သူကိုယ်တိုင်က သိစပ်မြင်နှံ့သူဖြစ်ရန်လိုသည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံအတွက် မကောင်းသည့်အကြံဉာဏ်များကို ကောင်းသည်ထင်ပြီး မြန်မာအတွက်ကောင်းသော အကြံဉာဏ်များကို ဒုက္ခပေးမည့်အကြံများဟု ထင်နေလိမ့်မည်။ ‘အချက်မသိက သမက်သူခိုးထင်’ မဟုတ်ပါလား။

ပြည်တွင်းပညာရှင်များအပြင် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများကိုလည်း နိုင်ငံတကာပညာရှင်များထံမှ ပညာရအောင် စနစ်တကျတွဲဖက်ပေးနိုင်ရန် လိုပါသည်။ သို့မှသာ ကိုယ်ပိုင်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်လိမ့်မည်။

မြန်မာနိုင်ငံသည် ငွေကြေးမတောင့်တင်း၊ ပညာအားနည်း အတွေ့အကြုံနည်းသည့်အတွက် နိုင်ငံတကာပညာရှင်များ အကြံပေးများကို အားကိုးနေရဦးမည်။ သူတို့ထံမှ အကျိုးများများရယူနိုင်အောင်၊ အဆိုးနည်းနိုင်သမျှနည်းအောင် ကိုယ်ကိုယ်တိုင်က အားထုတ်ရပေမည်။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *