မဲဇာရောက်ဝန်ထမ်းများနှင့် နိုင်ငံ့ပြဿနာ

ဓာတ်ပုံ - မိုးကျော်လွင်

ပြည်နယ်ဝန်ကြီးတစ်ဦးအနေနှင့် အငယ်တန်းစာရေးကလေးကိုသော်မှ ထိန်းကျောင်းကိုင်တွယ်ခွင့် ရှိမနေသည့် အဖြစ်က ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် စိတ်ကူးကို ပြက်ရယ်ပြုနေသည်။

တစ်နည်းအားဖြင့်လည်း ယင်းပြဿနာမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်  ဖြစ်တည်လာရေးအတွက် ခလုတ်ကန်သင်းများဖြစ်၍ နေလေသည်။

“ဒီဝန်ထမ်း။ ဒီဝန်ထမ်းကတော့ ကျွန်တော်တို့အတွက် အသုံးမတည့်ဘူးဆိုတာကို ပြောဖို့တောင်မှ ပြောပိုင်ခွင့်မပေးထားဘူးလေ”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်းဆလိုင်းအိုက်ဇက်ခင်က The Voice Journal သို့ ပြောဆိုသည်။

နိုင်ငံ၏ ပြည်သူ့ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကိစ္စတွင် ပြဿနာရှိနေခဲ့သည်မှာ လွန်ခဲ့သည့် နှစ်များစွာကတည်းကပင်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတန်အသင့်ရှိသည့် မြေပြန့်ဒေသများထက် ဝေးလံခေါင်ဖျားနှင့် တောင်ပေါ်တိုင်းရင်းသားဒေသများက ယင်း၏အကျိုးဆက်ကို ထိရှစွာခံစားနေခဲ့ရသည်။

မိမိနေအိမ်တွင် ဆိုးတေလေလွင့်လျက်ရှိသည့် သားကို လိမ္မာစိမ့်သောငှာ ဘုန်းတော်ကြီးကျောင်းသို့ ပို့လွှတ်တတ်ကြသည့် မြန်မာ့ဓလေ့မှ ဆင်းသက်လာသည့်ဆိုရိုးစကားတစ်ခု ရှိလေသည်။

‘မကောင်းကျောင်းပို့’ ဟူ၍ဖြစ်သည်။

၎င်းနှင့် အလားသဏ္ဌာန်တူသည့် အခြေအနေများက နိုင်ငံတော်၏ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုကိစ္စတွင် ရှိနေပြီး တိုင်းရင်းသားများက ယင်းအပေါ် တအုံ့နွေးနွေးဖြစ်နေခဲ့သည်မှာလည်း လွန်ခဲ့သည့်နှစ်များစွာကတည်းကပင် ဖြစ်သည်။

မကြာသေးခင်ရက်အတွင်းကမူ အဆိုပါပြဿနာကို ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်အတွင်းသို့ ဆွဲခေါ်လာပြီး ထပ်မံ၍ မီးမောင်းထိုးပြလိုက်သည်။

ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသနှင့် မငြိမ်းချမ်းသော ဒေသများသို့ ပင်စင်ယူခါနီးဝန်ထမ်းများ၊ အပြစ်ရှိဝန်ထမ်းများ စေလွှတ်နေမှုအပေါ် အစိုးရက မည်သို့စီမံဆောင်ရွက်ပေးမည်နည်းဟူ၍ ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းမိုးက မေလ ၃ ရက်နေ့က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

ပလောင်ဒေသသို့ တာဝန်ကျ၊ရောက်ရှိလာသည့် အထက်တန်းကျောင်းအုပ်  ဆရာကြီးတစ်ဦးသည် အမြဲလိုလိုသောက်စားမူးယစ်ကာ အိပ်နေလေ့ရှိသည်။ လက်အောက်ဝန်ထမ်းများက အလုပ်တာဝန်များနှင့် ပတ်သက်၍ တင်ပြလာသည့်အခါ သူက ယခုလိုပြန်ပြောလေ့ရှိသည်။

အလုပ်ဆိုသည်က ရှာနေလျှင်တွေ့မည်ဖြစ်ပြီး ယင်းသို့ ရှာဖွေလုပ်နေလျှင် ပင်ပန်းသည်၊ ထို့ကြောင့် အေးဆေးစွာနေကြဟု ဆိုသည်။

“ဒီကျောင်းအုပ်မကောင်းလို့ ပြောင်းသွားတော့လည်း နောက်တစ်ယောက်ထပ်ရောက်လာတော့ ကောင်းတယ်လို့မထင်ပါနဲ့။ အလားသဏ္ဌာန်တူတဲ့ ကျောင်းအုပ်ပြန်ရောက်လာပါတယ်” ဟု ဒေါ်နန်းမိုးက ဆိုသည်။

မြန်မာရာဇဝင်တွင် မဲဇာဆိုသည့်ဒေသ ရှိခဲ့သည်။ ယခုစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ အင်းတော်မြို့နယ်အတွင်းက မဲဇာကျေးရွာဝန်းကျင်ဖြစ်သည်။ ရှေးကတောကြီးမျက်မည်းခေါင်ခိုက်ရာတွင် နာမည်ကျော်ပြီး ရှင်ဘုရင်များအနေနှင့် သူ၏မူးကြီးမတ်ရာနှင့် ဝန်ကြီးများ၊အရာရှိများကို အမျက်တော်ရှလျှင် ယင်းဒေသသို့ပို့လွှတ်ကာ ဒဏ်ခတ်လေ့ရှိသည်။

ခေတ်သစ်မြန်မာ့သမိုင်းတွင်လည်း ထိုသို့သောသဘောများ ရှိနေသေးခြင်း ဖြစ်သည်။

အရည်အချင်းမရှိ သို့မဟုတ် လုပ်ရည်ကိုင်ရည်ညံ့ဖျင်းသည့် ဝန်ထမ်းနှင့် အကျင့်ပျက်အပြစ်ရှိ ဝန်ထမ်းများကို ထိုသို့စေလွှတ်ခြင်းသည် နဂိုကမှ ဖွံ့ဖြိုးမှုနိမ့်ကျလျက်ရှိသည့် တိုင်းရင်းသားဒေသများကို အထိနာစေသည်။

“အဲဒီလိုမျိုးလုပ်ရမယ်ဆိုတဲ့ ရေးထားတဲ့ ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကတော့ မရှိဘူး။ အဓိကတော့ ဌာနတိုင်းက အဲဒီလိုလုပ်မယ်လို့တော့ မထင်ဘူးပေါ့။ တစ်ခုကတော့ ဘာဖြစ်နိုင်သလဲဆိုတော့ ဌာနထဲမှာ အရေးယူတဲ့အခါမှာ ဝန်ထမ်းတွေကို ခက်ခဲတဲ့နေရာတွေကို ပို့တဲ့ဟာမျိုး၊ ဒါတွေရှိတာပေါ့” ဟု ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

“အလုပ်မလုပ်ချင်တဲ့ ဝန်ထမ်းတွေ၊ အရည်အချင်းမပြည့်တဲ့ ဝန်ထမ်းတွေကို ဘယ်ကိုပဲပို့ပို့ပေါ့နော်၊ သက်ဆိုင်ရာတာဝန်ကျတဲ့ ဒေသအတွက်တော့ အဆင်မပြေဘူးပဲ”ဟု ၎င်းက ဆိုသည်။

တစ်ချိန်ထဲမှာပင် အသစ်ခန့်ထားသည့် ဝန်ထမ်းများနှင့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စများအတွက်လည်း ဝန်ထမ်းများကို နယ်ဝေးဒေသများသို့ စေလွှတ်ခြင်းများလည်း ရှိပါသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ပါး၊မဖွံ့ဖြိုးသေးသည့် ဒေသများသည် အစစအရာရာ ရှားပါးသည်ဖြစ်ရာ လုပ်ချင်ကိုင်ချင်စိတ်အပြည့်ရှိသည့် ဝန်ထမ်းကောင်းများအတွက်ပင် အခက်အခဲများဖြစ်ရသဖြင့် ဝန်ထမ်းများစွာအနေနှင့်လည်း ယင်းဒေသများသို့ မသွားရောက်လိုကြ။ ညွှန်ကြား၊ အမိန့်ချမှတ်ခြင်းခံရမှသာလျှင် မဖြစ်မနေသွားရောက်ကြသည်။

အစိုးရအနေနှင့် ယင်းပြဿနာကို ဖြေလျှော့ရန်အတွက် မူရင်းလစာနှင့်ညီမျှသည့် ထောက်ပံ့ငွေကို ရှားပါးစရိတ်အဖြစ် သတ်မှတ်ပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင် ပင်မလစာငွေကို တိုးမြှင့်ပေးခဲ့ပြီး ရှားပါးစရိတ်ကို လျှော့ချလိုက်ကာ လက်ရှိတွင် လစာ၏ ၃၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ပေးအပ်တော့သည်။

သွားရေးလာရေးခက်ခဲသည့် ဒေသများတွင် အကျုံးဝင်သော မြို့နယ်ပေါင်း ၉၈ ခုတွင် တာဝန်ထမ်းဆောင်လျက်သည့် ဝန်ထမ်းများအတွက် ရှားပါးစရိတ်ကို ခံစားခွင့်ပေးထားသည်။

လွှတ်တော်မှတစ်ဆင့် ပြန်လည်ဖြေကြားချက်များတွင် ဝန်ကြီးဌာနများအနေနှင့် ဝေးလံခေါင်ဖျားဒေသများသို့ ပင်စင်ယူခါနီးဝန်ထမ်းများ၊ ပြစ်ချက်ရှိ ဝန်ထမ်းများ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်စွမ်းအားနည်းသော ဝန်ထမ်းများကို တမင်စေလွှတ်ခြင်းမရှိကြောင်း ဖော်ပြထားပြီး နေရာလိုအပ်ချက်၊ လုပ်ငန်းလိုအပ်ချက်၊ ဝန်ထမ်း၏ဆန္ဒနှင့် ဝန်ကြီးဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီသာ စေလွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် လုပ်ရည် ကိုင်ရည်ရှိသူများ၊ စည်းကမ်းကောင်းမွန်သူများ၊ အသက်ငယ်ရွယ်သူများနှင့်တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးရန် အလားအလာရှိသူများကိုသာ ရွေးချယ်စေလွှတ်သည်ဟုပင် ဆိုထားသည်။

ပြည်သူ့မူဝါဒရေးရာကျွမ်းကျင်သူလည်း ဖြစ်၊ မူဝါဒလေ့လာရေးမြန်မာအဖွဲ့ ဖြစ်သည့် ISP Myanmar ၏ ပြင်ပဆက်ဆံရေးဒါရိုက်တာဦးအောင်သူငြိမ်းက ယခုလိုသုံးသပ်သည်။

“ဆုပေးတဲ့စနစ်မျိုးလိုမယ်ဗျ”ဟု သူက ဆိုသည်။

“နယ်စွန်နယ်ဖျားဝေးတဲ့ ဝန်ထမ်းတွေဟာ ပိုပြီးတော့ တချို့ပစ္စည်းတွေက ရှားပါးတယ်လေ။ အဲဒီအတွက် လစာတို့၊ တစ်ခုခုတိုးပေးတာရှိတယ်ပေါ့လေ။ အဲဒီလိုမျိုးထက်စာရင် ကျွန်တော်မြင်တာကတော့ အဲဒီလို ကြေးမျိုးကို သေချာသတ်မှတ်သင့်တယ်ဗျ။ အခုပေးတဲ့ စရိတ်တွေကလည်း နည်းတယ်လို့ ထင်ပါတယ်”

အခြားတစ်ဖက်တွင် ဝေးလံခေါင်ဖျားဒေသများသို့ အမျိုးသမီးဝန်ထမ်းများသွားရောက်ရန် ပို၍အဆင်မပြေဘဲရှိရာ အမျိုးသားဝန်ထမ်းများကိုသာ ဦးစားပေးရွေးချယ်နေရသည့် ပြဿနာလည်း ရှိနေသေးသည်။

ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း

မဲဇာဒေသများ၏ ပြည်သူ့ဝန်ထမ်းပြဿနာကို ဖြေရှင်းနိုင်ရန် အခြားနည်းလမ်းတစ်ခုသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ခြင်းဖြစ်သည်။

လက်ရှိတွင် အောက်ခြေဝန်ထမ်းမှသည် အဆင့်မြင့်ဆုံးအရာရှိအထိကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ တစ်နည်းအားဖြင့် ဗဟိုကစီမံခန့်ခွဲခြင်းဖြစ်သည်။ ၎င်းတို့ကို ခန့်ထားခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ အပြစ်ပေးခြင်း၊ ဖြုတ်ပယ်ခြင်းစသည့်ကိစ္စတို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်မရှိ။

၎င်းတို့၏ နေရာချထားရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိ။ အရေးယူပိုင်ခွင့်၊ ဖြုတ်ပိုင်ခွင့်များ မရှိနေခြင်းကြောင့် သက်ဆိုင်ရာဝန်ထမ်းများကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ကြောက်ရွံ့ခြင်း မရှိတော့။

“မရှိတဲ့အခါကျတော့ ဘယ်လောက်ပဲ ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ကောင်းတာလုပ်ချင်လုပ်ချင် သက်ဆိုင်ရာဦးစီးဌာနတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ လွှတ်ပေးလိုက်တဲ့ ဝန်ထမ်းတွေနဲ့ အလုပ်လုပ်ရတဲ့အခါကျတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းအတွက် နစ်နာမှုတွေဖြစ်တယ်ပေါ့လေ”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြန်တမ်းဝင်အရာရှိနှင့် အထက်ဝန်ထမ်းများကို ရွေးချယ်ခန့်ထားခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ဝန်ထမ်းကျင့်ဝတ်များထုတ်ပြန်ခြင်း၊ ရာထူး တိုးမြှင့်ခြင်းများကို အတည်ပြုပေးခြင်းစသည်တို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားရှိသည်။ တစ်နည်းအားဖြင့် ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်၍ လူသားအရင်းအမြစ် (Human Resource)  စီမံခန့်ခွဲမှုဆိုင်ရာပင်မအဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော် ဝန်ထမ်းများ နေရာပြောင်းရွှေ့မှုနှင့် အပြစ်ပေးအရေးယူမှုတို့တွင် ယင်းအဖွဲ့က တိုက်ရိုက်လုပ်ဆောင်၍ မရပေ။

အဆိုပါရာထူးဝန်အဖွဲ့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အဖွဲ့ခွဲများဖွဲ့စည်း၍ ဒေသအလိုက် လိုအပ်ချက်များကို စီမံခန့်ခွဲလျှင် အဆင်ပြေနိုင်သည်ဟု ဦးအောင်သူငြိမ်းက ဆိုသည်။

“သူတို့လိုတဲ့ ဝန်ထမ်းလည်း သူတို့ ခန့်မယ်ပေါ့နော်”ဟု ၎င်းက ဆိုသည်။

‘ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်’ ဆိုသည့် ဆောင်ပုဒ်ကို အစိုးရများ အဆက်ဆက်က အသုံးပြုခဲ့သည်ကို ထောက်ရှုလျှင် ဝန်ထမ်းကိစ္စသည် မည်မျှအရေးပါကြောင်း တွေ့နိုင်မည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာစီမံချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတက်လာပြီး မကြာခင်မှာပင် နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေးအတွက် လူထုထံမှအကြံဉာဏ်များရယူခြင်း၊ ဆွေးနွေးပွဲများကျင်းပ၍ အဖြေရှာခြင်း၊ နိုင်ငံတကာပညာရှင်များနှင့် အဖွဲ့အစည်းများ၏ အကူအညီကိုရယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာစီမံချက်တစ်ရပ်ကိုလည်း ရေးဆွဲလိုက်သည်။ စီမံချက်သည် ၂၀၂၀ အထိ ဖြစ်သည်။

“ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်းစသည့် အခြေခံမူများအပေါ် တည်ဆောက်ထားသည့်၊ လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်ချက်ခိုင်မာမှုရှိသည့် ပြည်သူ့ဝန်ထမ်းဟူသည် ကောင်းမွန်သော ဒီမိုကရေစီကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်ပင် ဖြစ်ပါသည်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စုစုပေါင်း အစိုးရဝန်ထမ်းတစ်သန်းဝန်းကျင်ရှိနေခြင်းဖြစ်ပြီး ၎င်းတို့၏ အမူအကျင့်နှင့် စိတ်ဓာတ်များမှသည် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများအထိ ပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်းဖြစ်သည်။ ယင်းတို့အထဲတွင် အဂတိလိုက်စားမှုကိစ္စကလည်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေသည်။

ဝန်ထမ်းပြဿနာကို ဖြေရှင်းရာတွင် စိန်ခေါ်မှုများစွာရှိပြီး အဆိုပါ မဟာဗျူဟာဖြင့် ရင်ဆိုင်ကျော်လွှားသွားရန် အစီအစဉ်များချမှတ်ထားသည်ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဝန်ထမ်းကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူ ၉၁ ရာခိုင်နှုန်းက နိုင်ငံ့ဝန်ထမ်းဖြစ်ရသည်ကို ဂုဏ်ယူသည်၊ မိမိတို့ အလုပ်ကို နှစ်သက်သည်ဟု ဆိုသည်။

ယေဘုယျအားဖြင့် ဝန်ထမ်းဖြစ်လာသည့်အကြောင်းရင်းသုံးခုရှိပြီး ပထမတစ်ခုမှာ ဝန်ထမ်းဘ၀သည် လူ့အဖွဲ့အစည်းတိုးတက်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်သည့် အခွင့်အလမ်းဖြစ်ခြင်းကြောင့်၊ ဒုတိယတစ်ခုသည် အလုပ်အာမခံရှိသောကြောင့်၊ တတိယတစ်ခုသည် ဂုဏ်ရှိသောကြောင့် ဖြစ်သည်။

စစ်တမ်းကယင်းအချက်များကို တွေ့ရှိရသော်လည်း လက်တွေ့တွင် ဝန်ထမ်းများအကျင့်ပျက်ခြင်း၊ စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းများပေါ်ပေါက်လျက်ရှိနေခြင်းက စီမံအုပ်ချုပ်မှုစနစ်တွင် ပြဿနာများ ရှိနေကြောင်းပြဆိုနေခြင်း ဖြစ်သည်။

မဟာဗျူဟာစီမံချက်တွင် နယ်ပယ်ကြီးလေးခုကို ဦးတည်ထားသည်။

၁။ အုပ်ချုပ်မှုပုံစံသစ်သို့ ပြောင်းလဲရန်၊ ၂။ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို ဦးစားပေးရန်၊ ၃။ ပြည်သူဗဟိုပြု၍ ခေါင်းဆောင်မှုအရည်အသွေးတိုးမြှင့်ပေးရန်၊ ၄။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်တို့ ဖြစ်သည်။

အဆိုပါနယ်ပယ်လေးရပ်ထဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို ခိုင်မာစေခြင်း၊ ရှင်းရှင်းလင်းလင်းရှိစေခြင်းစသည့်လုပ်ငန်းစဉ်များ ပါဝင်သလို ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ရွှေ့ပြောင်းကိစ္စများ၊ လုပ်ငန်းခွင်တွင် တက်ကြွမှုရှိစွာဖြင့် အကျိုးရလဒ်ဦးတည်လုပ်ဆောင်ရေး၊ စိတ်ဓာတ်၊ ခံယူချက်များပြုပြင်ပြောင်းလဲရေး၊ ရိုးသားဖြောင့်မတ်မှုနှင့် တာဝန်ခံမှုမြင့်မားလာစေရေးစသည့်ကိစ္စများလည်း အကျုံးဝင်သည်။

အစိုးရအနေနှင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းကို အကောင်အထည်ဖော်သည့်အနေနှင့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီကို ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ၂၀၁၇ ခုနှစ်အတွင်းက ဖွင့်လှစ်လိုက်ပြီး စီမံခန့်ခွဲမှု၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာနှင့် သတင်းအချက်အလက်နည်းပညာဘာသာရပ်များ သင်ကြားပို့ချလျက်ရှိသည်။

မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်မှုနှင့် စောင့်ကြည့်လေ့လာမှုကို ကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တို့က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြုပြင်ပြောင်းလဲရေးကိစ္စများကို ကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌကို တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပါဝင်သည့် အရန်ကော်မတီများကိုပါ ဖွဲ့စည်းမည်ဖြစ်သည်။

သို့သော် မကြာသေးခင်လများ အတွင်းက ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌနှင့် ပတ်သက်ပြီး ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ ဒေါက်တာဘွဲ့အတု၊ အစစ်ကိစ္စ၊ နိုင်ငံတကာအသိအမှတ်မပြုသည့် တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဝန်ထမ်းများကို သင်တန်းပေးခြင်းကိစ္စများ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအနေနှင့် ကြီးမားသည့် ဩဇာရှိမနေခြင်းကြောင့် ဝန်ထမ်းပြုပြင်ပြောင်းလဲရေးကိစ္စသည် ယခုအခါတွင် ရှေ့မဆက်နိုင်ဘဲ မရေမရာရှိနေသည်ဟု အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက The Voice Journal သို့ပြောဆိုသည်။

ဓာတ်ပုံ – မိုးကျော်လွင်

ပြဿနာများရှိနေဆဲဖြစ်သည့် မြေပြင်အခြေအနေ

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး  ဆိုင်ရာမဟာဗျူဟာစီမံချက်သည် ၂၀၂၀ အထိ ဖြစ်ပြီး လက်ရှိတွင် ၂၀၁၉ ခုနှစ် နှစ်ဝက်ကျိုးတော့မည်။

ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်သို့ ရောက်ရှိလာသည့် တာဝန်ကျဆရာဝန် တစ်ဦးသည်လည်း ထိုနည်းလည်းကောင်း။ အမြဲသောက်စားမူးပြီး အိပ်နေသည်။ ဆေးရုံသို့ အရေးပေါ်လူနာရောက်ရှိလာချိန်တွင် သူ့ကို သွားနှိုးမည်ပြုသည့်အခါ အိပ်ရေးပျက်မည်ကိုစိုးသဖြင့် သူ့မိခင်က မနှိုးရန် တားသည်။

“နောက်ထပ်ဆရာဝန်အသစ် ထပ်ရောက်လာပါတယ်။ အချိန်ပြည့် ခရီးထွက်၊ ခွင့်ယူ၊ လစာထုတ်ရက်ပဲ တွေ့ရလို့ ဆေးရုံလူနာတွေ ဆေးဝယ်သုံးရတဲ့ အဆင့် ဖြစ်ပါတယ်”ဟု ဒေါ်နန်းမိုးက ဆိုသည်။

မြို့နယ်စာရင်းရုံး၏ ဦးစီးမှူးသည် တာဝန်ကျလာစဉ်ကတည်းက ကျန်းမာရေးကောင်းသူ မဟုတ်။ အိမ်ထဲက အိမ်ပြင်မထွက်နိုင်။ နောက်တစ်ယောက်ကျပြန်တော့လည်း မြန်မာစကားကိုပင် အချင်းချင်းပြောလျှင် နားမလည်။ ဘာသာပြန်တစ်ယောက် ထားပေးရသည်။

ထိုသို့ဖြင့်တိုင်းရင်းသားဒေသများက ပြည်သူ့ဝန်ထမ်းများ၏ ပြဿနာသည် ပြောမဆုံးပေါင်တောသုံးထောင်။

“ဥက္ကဋ္ဌကြီးရှင့်၊ ယခုရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးဟာ ကျွန်မမြို့နယ်တင်မကဘဲ ဝေးလံခေါင်တီးတဲ့ ဒေသနဲ့ မြို့နယ်ဖွံ့ဖြိုးမှုနောက်ကျတဲ့ တိုင်းရင်းသားဒေသတော်တော်များများတွေ့ရပြီး အစဉ်အလာ တစ်ခုလိုဖြစ်နေပြီလို့ ခံယူကြရပါတယ်”ဟု ဒေါ်နန်းမိုးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကို တိုင်တည်လေသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်  ဦးစောဗယ်လင်တိုင်းက လွှတ်တော်သို့ လာရောက်ဖြေကြားခဲ့သော်လည်း ဖြေရှင်းမည့်နည်းလမ်းများ၊ အစီအစဉ်များကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

ဝန်ကြီးဌာနများအနေနှင့်လည်း နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို အခြေခံ၍သာ ဆောင်ရွက်ကြရသည်ဟု ဆိုသည်။ အကယ်၍ ယင်းသို့ မဆောင်ရွက်ဘဲရှိပါက သက်ဆိုင်ရာဌာနများ၏ တာဝန်သာဖြစ်သည်ဟု ဦးစောဗယ်လင်တိုင်းက ဆိုသည်။

လတ်တလောတွင် ပြည်သူလူထုအနေနှင့် ဝန်ထမ်းများအပေါ် မည်သို့သဘောထားအမြင်များ ရှိနေသည်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က စစ်တမ်းကောက်ယူလျက်ရှိပြီး မေလလယ်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားသည်။

တိုင်းရင်းသားဖြစ်သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ လာရောက်ဖြေဆိုသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်အပါအဝင် ဆက်စပ်၍ ဝန်ကြီးဌာနများကိုပါ သတိပေးလိုက်သည်။

ယခုမေးခွန်းနှင့် ပြဿနာများသည် အဖြစ်မှန်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ လွှတ်တော်တွင် လာရောက်ဖြေဆိုရုံနှင့်မပြီးဘဲ သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြသင့်သည်ဟု ဦးတီခွန်မြတ်က ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကမူ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေတို့ကို ထောက်ပြသည်။

“လောလောဆယ်က ပြည်နယ်နဲ့ တိုင်းအစိုးရရဲ့လုပ်ပိုင်ခွင့်က သီးသန့်ဖြစ်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ပိုင်ခွင့်က သီးသန့် ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဥပဒေများကို ပြင်ဆင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များထည့်သွင်းပေးသင့်သည်ဟု သူက ဆိုသည်။

“ဒီနှစ်ခုက အချိတ်အဆက်မညီဘူးဆိုရင် ဒီလိုမျိုးအကျင့်ပျက်တဲ့ ဝန်ထမ်းတွေက ရှိနေဦးမှာ”

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *