သူရဲကောင်းမျှော် လျှပ်စစ်ပုစ္ဆာ

ဓာတ်ပုံ - မိုးကျော်လွင်

လျှပ်စစ်မီးမရရှိမှုသည် နွေအပူကိုအံတုရန် အဲကွန်းမဖွင့်နိုင်ရုံသာမက လုပ်ငန်းရှင်တို့၏ ရင်ထဲသို့ သောကမီးကိုပါ ထပ်မွှေးလျက်ရှိနေသည်။

ဧပြီလနှင့် မေလအတွင်း လျှပ်စစ်မီးပြတ်မှုသည် စိပ်လာလျက်ရှိသည်။ ထို့ကြောင့်ပင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးသည်ပင် လွှတ်တော်တွင် ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းရသည့် အဆင့်ရောက်လာခဲ့သည်။

မည်သို့ဆိုစေ လျှပ်စစ်ပုစ္ဆာသည် မြန်မာနိုင်ငံအတွက် အထူးအဆန်းမဟုတ်။ ရှေးရှေးသော အစိုးရမင်းများ လက်ထက်ကတည်းကလည်း ပြတ်ခဲ့သည်။ ယခုလည်း ပြတ်နေဆဲ။ နောင်မပြတ်အောင် မည်သို့လုပ်ကြမည်နည်းဆိုသည့် လမ်းကို ရွေးဖို့သာလိုသည်။ ထိုအတွက် သူရဲကောင်း လိုသည်။

(၁)

လျှပ်စစ်သောကသည် မြန်မာနိုင်ငံတွင် နေထိုင်သော ဦးထွန်းအေးကဲ့သို့ ဝါရင့်ရေထွက်ပို့ကုန်လုပ်ငန်းရှင် တစ်ဦးအတွက် အသစ်မဟုတ်သော ပြဿနာ ဖြစ်သည်။ သို့သော်လည်း ယခုတိုင်နှိပ်စက်ဆဲ ဖြစ်သည်။

ဦးထွန်းအေးသည် ရေထွက်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း လှိုင်သာယာစက်မှုဇုန် (၄)တွင် ရေထွက်ပို့ကုန်စက်ရုံတည်ထောင်ထားသူ ဖြစ်သည်။ ရေထွက်ပို့ကုန်လုပ်ငန်းသည် အချိန်နှင့်အမျှ လည်ပတ်ရသော လုပ်ငန်းဖြစ်ပြီး မီးပြတ်၍ ရပ်ထားမရသည့် လုပ်ငန်းလည်း ဖြစ်သည်။ မီးပြတ်၍ ရပ်ထားလျှင် အအေးခန်းများတွင် အေးခဲထားသော ငါးပုစွန်များသည် အပူကြောင့် ပျက်စီးဆုံးရှုံးခြင်းသို့ မလွဲမသွေ ရောက်ရှိသွားမည်ဖြစ်သည်။

ဦးထွန်းအေးသည် ငါးပုစွန်များကို နိုင်ငံတကာသို့ တင်ပို့နေသည်မှာလည်း ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ပြီး မြန်မာပြည်၏ လျှပ်စစ်မီးပြတ်မှုသည် သူ့အတွက် စိမ်းမနေပေ။ သို့သော်လည်း လျှပ်စစ်မီးပြတ်သည်နှင့်အမျှ ထုတ်လုပ်မှုကုန်ကျစရိတ်သည်ကား မြင့်တက်လာသည်ဟု ဦးထွန်းအေးက ဆိုသည်။

မီးစက်တစ်နာရီမောင်းလျှင် ဒီဇယ် ၁၀ ဂါလန်အသုံးပြုရပြီး ဒီဇယ်တစ်ဂါလန် ပျမ်းမျှကျပ်လေးထောင်နှုန်းဖြင့် တွက်ချက်ပါက ကျပ်လေးသောင်းကုန်ကျလျက်ရှိသည်။ ထို့ကြောင့် မီးတစ်နာရီပြတ်လျှင် ဦးထွန်းအေး အိတ်ထဲမှ ပိုက်ဆံလေးသောင်းမှာ ထွက်လျက်ရှိသည်။

“အဓိက ကတော့ဗျာ စက်မှုဇုန်တွေလို ပိုက်ဆံရှာတဲ့နေရာတွေကို ဂရုစိုက်ပြီး Supporting လုပ်ပေးရင် ကောင်းတာပေါ့။ အထူးသဖြင့် Export လုပ်ငန်းတွေကိုပေါ့။ နိုင်ငံခြားငွေ ပိုရှာလို့ကောင်းတာပေါ့။ တို့က နိုင်ငံတကာနဲ့ ယှဉ်လုပ်နေရတာလေ”ဟု ဦးထွန်းအေးက ဆိုသည်။

ဓာတ်ပုံ – မိုးကျော်လွင်

(၂)

ပြည်တွင်းဆန်လုပ်ငန်းရှင်အချို့အတွက်မူ နွေအပူထက်ပူသည့်ကိစ္စမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးပင် ဖြစ်သည်။ ဆန်တင်ပို့ရေးသည် မီးပြတ်ခြင်း၊ မပြတ်ခြင်းပေါ်တွင် မူတည်လျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်ဈေးကွက်အတွင်း ဆန်လုပ်ငန်းရှင်အချို့ စိတ်အိုက်ရသောကာလ ဖြစ်သည်။

အကြောင်းမှာ မီးမလာသောကြောင့် ဆန်စက်များကို ကောင်းစွာမလည်နိုင်ပေ။ ပဲခူးတိုင်းအရှေ့၊ ဧရာဝတီတိုင်းတို့တွင် နွေစပါးပေါ်ချိန်ရောက်ပြီဖြစ်သကဲ့သို့ အနယ်နယ်အရပ်ရပ်မှ စပါးပေါ်ပြီဖြစ်ရာ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ကုန်ကြမ်းအဝင်များသော ကာလ ဖြစ်သည်။ ကုန်ကြမ်းများပြီး ဆန်စက်တွင်ပုံလျက်ရှိကာ အချို့မှာ ကားရပ်နားရာနေရာများတွင်ပင် ခွဲ၍ ပုံထားရသည်များ ရှိသည်။ ထို့အတူ မီးပြတ်သောကြောင့် မကြိတ်ခွဲနိုင်သည့် စပါးများမှာ ဆန်စက်များတွင် ပုံလျက်ရှိသည်ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

တစ်ဖက်တွင်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရေးမှာ အရေးကြီးလျက် ရှိသည်။

မီးပြတ်သောကြောင့် ဆန်စက်များသို့ ရောက်ရှိလာသော ဆန်များကို မကြိတ်ခွဲနိုင်၊ အရောင်မတင်နိုင်။ ဖိလစ်ပိုင်သို့ တင်ပို့ရမည့်ဆန်များမှာလည်း တန်းမြင့်ဆန်ဖြစ်သောကြောင့် အရောင်မတင်ဘဲ တင်ပို့၍ မရနိုင်။ အရောင်တင်ရန်အတွက် မီးမှန်ရန် လိုအပ်သည်။

မီးပြတ်သောကြောင့် မီးစက်နှင့်လည်ရန် ဖြစ်နိုင်သော်လည်း ကုန်ကျစရိတ်မှာ မြင့်တက်လျက်ရှိသည်ဟု ဆန်ကုန်သည်များက ဆိုကြသည်။ ယခင်က စပါးတစ်အိတ်ကြိတ်ခွဲလျှင် ကျပ် ၇၀၀ ဖြစ်ပါက ယခုအခါ ၁၂၀၀ ကျပ်ခန့်အထိ ဈေးမြင့်တက်လာသည်။ ဆန်စက်ပိုင်ရှင်များကလည်း မီးမလာသောကြောင့် ဒီဇယ်ခ ပိုကုန်ကျလာသည်ကို ကာမိစေရန် ဈေးမြှင့်ယူရခြင်းဖြစ်သည်။ ထိုသို့ မီးစက်ဖြင့်လည်သော်လည်း  လိုအပ်သည့် စွမ်းအင်ကို ဆန်စက်သို့အပြည့်အဝမပေးနိုင်ခြင်းမျိုးလည်းရှိရာ အချို့သော ဆန်စက်ပိုင်ရှင်များက ယခင်ကတည်းကပင် မီးစက်မတပ်ထားသည်များလည်း ရှိသည်။

ထို့ကြောင့်ပင် ဆန်စက်လုပ်ငန်းရှင်များသည်လည်း မီးပြတ်မှု ဒုက္ခရေလျဉ်တွင် မျောပါလျက်ရှိပြန်သည်။

(၃)

မီးပြတ်ခြင်းကြောင့် ဒုက္ခရောက်ကြသူများတွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများလည်း ပါဝင်သည်။ မီးပြတ်သောကြောင့် CNG ဆိုင်များတွင် ဂက်စ် မထည့်နိုင်။ ဆီဆိုင်များတွင် ဂက်စ်ထည့်ရန် တန်းစီးသည့် ယာဉ်များမှာ ရှည်လျားလွန်းသည်။

မေလ ၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ်အတွင်း ဂိတ်ထိုးသော Omni Focus ယာဉ်လိုင်းများရှိ ယာဉ်စီးရေ ၄၁ စီးမှာ ဂက်စ်ဖြည့်ရန် အခက်တွေ့လျက် ရှိသည်။ မီးပြတ်ခြင်းနှင့် Gas Pressure မပြည့်ခြင်းကြောင့် ရိုးကြီး(CNG) ဆိုင်နှင့် ဘီအိုစီ  (CNG) ဆိုင်တို့တွင် ဂက်စ်ဖြည့်မည့် ယာဉ်စီးရေမှာ များပြားလျက် ရှိသည်။

ထို့ကြောင့် Omni Focus ကုမ္ပဏီသည် ယာဉ်စီးရေပြည့်မီရန် ကြိုးစားရလျက်ရှိသည်ဟု အဆိုပါကုမ္ပဏီထံမှ သိရသည်။ ယာဉ်စီးရေ ၄၁ စီးသည် CNG ဖြည့်ရန် တန်းစီနေရသောကြောင့် ကားဆက်ကျဲခြင်းနှင့် ခရီးသည်များ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။

CNG ဆိုင်များရှေ့တွင် ဂက်စ်ဖြည့်သည့် ကားများမှာ ညလုံးပေါက်တန်းစီရလျက်ရှိရာ အချို့မှာ အသိယာဉ်မောင်းများကို ဂတ်စ်ဖြည့်ရန် စောင့်ဆိုင်းခိုင်းထားသည်များလည်းရှိတတ်သည်။ ယင်းသို့ လူငှားဖြင့် CNG ဖြည့်ပါက ယာဉ်တစ်စီးအတွက် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိပေးရသည်ဟု ရိုးကြီး CNG ဆိုင်အနီးတွင် လူငှားအဖြစ် CNG ထည့်ပေးနေသူတစ်ဦးက ဆိုသည်။

မီးပြတ်သောကြောင့် CNG  မဖြည့်နိုင်။ ထို့ကြောင့် ကားများမထွက်၊ ကားမထွက်၍ ခရီးသည်များ ဒုက္ခရောက်၊ အရင်းစစ်လျှင် မီးပြတ်ခြင်းတွင် အခြေတည်လျက်ရှိသည်။

(၄)

လျှပ်စစ်မီးမှန်မှန်မရခြင်းသည် မြန်မာနိုင်ငံအတွက် ပြဿနာအသစ် မဟုတ်ပေ။ သို့သော်လည်း ပြဿနာအဟောင်းကို ဖြေရှင်းနည်းအဟောင်းဖြင့် ဖြေရှင်းလျှင် ယခင်ကဲ့သို့သာ တဝဲလည်လည် ဖြစ်နေမည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားအမြင့် ဆုံးသုံးစွဲမှုသည် တစ်ရက်လျှင် ၂၁၀၀ မဂ္ဂါဝပ်သာရှိသော်လည်း ယခု ၂၀၁၉ ခုနှစ်တွင် မဂ္ဂါဝပ် ၃၃၀၀ ဖြစ်လာသည်။ ထို့ကြောင့် လေးနှစ်အတွင်း များစွာ သုံးစွဲလာသည်ကို တွေ့ရမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း အစိုးရသည် ရေအားလျှပ်စစ်မှ ၂၀၁၇ ခုနှစ်တွင် ၁၁၇ မဂ္ဂါဝပ်၊ ၂၀၁၈ ခုနှစ်တွင် ၁၃၄ မဂ္ဂါဝပ်နှင့် ၂၀၁၉ ခုနှစ်တွင် ၁၂၈ မဂ္ဂါဝပ်တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သော်လည်း  နှစ်စဉ်တိုးတက်လျက်ရှိသော လျှပ်စစ်ပမာဏကို ပြည့်မီနိုင်ခြင်း မရှိသေးချေ။

မြန်မာ့စွမ်းအင်မဟာဗျူဟာအရ မြန်မာနိုင်ငံသည် လာမည့် ၂၀၃၀ ပြည့် နှစ်အထိ တစ်နှစ်လျှင် လျှပ်စစ်လိုအပ်ချက် ပျမ်းမျှမဂ္ဂါဝပ် ၅၀၀ လိုအပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အစိုးရက မည်သည့် ရေအားလျှပ်စစ်စက်ရုံများ တိုးမဆောက်ဘဲ လျှပ်စစ်ပိုမိုထွက်ရှိရန် ကြိုးစားသော်လည်း လျှပ်စစ်လိုအပ်ချက်ကိုမူ ဖြည့်တင်းနိုင်ခြင်းမရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဧပြီလ ၂၉ လွှတ်တော်တွင် ဆိုသည်။

တစ်ဖန် ယခုနှစ် ဧပြီနှင့် မေလများတွင် မီးအပြတ်များရခြင်း အကြောင်းရင်းတစ်ချက်လည်း ရှိသည်။ ယင်းမှာ မိုးနှောင်းကာလများတွင် ဆည်ရေများ စုဆောင်းပြီးသော်လည်း ဒေသခံများ၏ စိုးရိမ်မှုကြောင့် ဆည်ရေသိုလှောင်မှုကို လျှော့ချပေးရန် (ဆည်မကျိုးစေရေး)အတွက် တောင်းဆိုမှုများကြောင့် လည်းကောင်း၊ နွေစပါးစိုက်ပျိုးရန် လိုအပ်သည့် ပျိုးထောင်ရေအတွက် ဆည်ရေလွှတ်ပေးရန်လည်းကောင်း၊ အောက်ရေသွင်းရန်အတွက် ဆည်ရေများကို ထုတ်ပေးရန်အတွက်လည်းကောင်း ညွှန်ကြားချက်များကို လိုက်နာခဲ့ရသည်။

ဆည်ရေများကို ချပေးခြင်းကြောင့် နွေရာသီတွင် လျှပ်စစ်အထွက်လျော့မည့် အကြောင်း ဆွေးနွေးခဲ့သော်လည်း အထမမြောက်ခဲ့ဟု ဒုဝန်ကြီးဒေါက်တာထွန်းနိုင်က ရှင်းပြသည်။

ဤသို့သောအခြေအနေများကြောင့် မတ်လအတွင်း လျှပ်စစ် ၂၂၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ရာမှ ဧပြီလတွင် ၁၉၇၁ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ ပူပြင်းသောနွေရာသီသို့ ရောက်ရှိလာပြီးနောက် ဆည်ရေများမှာလည်း လျော့ကျလျက်ရှိသည်။ ဆည်ရေလျော့ကျမှုသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ရဲရွာရေလှောင်တမံရှိရေသည် တစ်ရက်လျှင် တစ်ပေနှုန်းကျဆင်းလျက်ရှိပြီး အနိမ့်ဆုံးရေမှတ်သို့ရောက်ရှိရန် ၃၈ ပေ၊ ပေါင်းလောင်းရေလှောင်တမံရှိ ရေသည် တစ်ရက်လျှင် ၈ လက်မခန့် နိမ့်ကျလျက်ရှိပြီး အနိမ့်ဆုံးရေမှတ်သို့ ရောက်ရှိရန် ၂၇ ပေ၊ အထက်ပေါင်း လောင်း ရေလှောင်တမံရှိ ရေသည် တစ်ရက်လျှင် ၇ လက်မခန့်နိမ့်ကျလျက် ရှိပြီး အနိမ့်ဆုံးရေမှတ်သို့ရောက်ရှိရန် ၃၄ ပေခန့်သာလိုအပ်ကြောင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက မေလ ၈ ရက်တွင် ကြေညာထားသည်။

ဤကဲ့သို့ ရေလှောင်တမံများမှ ရေနည်းလာခြင်းကြောင့် ရေအားမှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် အခက်တွေ့နေရခြင်းဖြစ်သည်။

ဤအခြေအနေကို ဖြေရှင်းရန်အတွက် ရေတိုနည်းဖြင့်မရ။ ရေရှည်ဖြေရှင်းမှုမျိုး လိုအပ်နေခြင်းဖြစ်သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တောင်းခံသော ဘတ်ဂျက်များကို လိုအပ်လျှင် ခွင့်ပြုရန်လိုအပ်ပြီး စီမံကိန်းများကိုလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနည်းဖြင့် ခွင့်ပြုရန် လိုအပ်လျက်ရှိသည်။

စီမံကိန်းများသည် ငါးနှစ်မှ ၁၀ နှစ်အထိ ကာလရှည်စီမံကိန်းများဖြစ်သောကြောင့် ဘတ်ဂျက်မရ၍ နှောင့်နှေးခဲ့ရပါက ပြည်သူများ မီးပြတ်မည့်ဒဏ်ကို ခံစားရလိမ့်မည်ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆိုသည်။

“ဝန်ကြီးဌာနအနေနဲ့ နှစ်စဉ်တင်ပြ တောင်းခံတဲ့ ဘတ်ဂျက်ပမာဏအားလုံးကို ခွင့်ပြုပေးဖို့လည်း လိုအပ်ပါတယ်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းကဏ္ဍဟာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

မည်သို့ဆိုစေ ဧပြီလနှင့် မေလအတွင်း မီးပြတ်မှုများကြောင့် ဆန်စက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနေလင်ဇင်း တစ်ယောက် တစ်ရက်လျှင် ကျပ်နှစ်သိန်းမှ လေးသိန်းအထိ ဒီဇယ်ဖိုးကုန်ကျလျက် ရှိသည်။

“ကျွန်တော်တို့နိုင်ငံအတွက် မီးကြောင့်လည်း ပြဿနာကြီးတယ်။ မီး မမှန်တာရော၊ မီးလာတော့လည်း မီးအား မမှန်တာကြောင့်လည်း အကုန်အကျတွေ သိပ်များနေတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိ ပြည်တွင်းရှိ အိမ်ထောင်စု ၁၀၀ လျှင် အိမ်ထောင်စု ၄၁ စုခန့်သာ လျှပ်စစ်မီးသုံးစွဲနိုင်ကြပြီး လျှပ်စစ်မီးမရ သည့် အိမ်ထောင်စုပေါင်း ၅၉ စုခန့်ရှိနေ သေးရာ ယင်းတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်က ၇၀ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၈ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း ထုတ်ယူလျက်ရှိသည်။ မည်သည့်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူမည်ကို စဉ်းစားချိန်တန်ပြီဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်က ယူနစ်သန်း ပေါင်း ၆၃၄,၈၁၃ ဖြစ်လာမည်။

စီမံကိန်းမှန်သမျှကို ကန့်ကွက်နေခြင်းနှင့် မည်သည့်စီမံကိန်းမှဖြစ်စေ လျှပ်စစ်ရရေးသာ အဓိကဟူသည့် အစွန်းနှစ်ပါးလွတ်သည့် လမ်းကို ရွေးချိန်တန်ပြီလည်း ဖြစ်သည်။ လျှပ်စစ်မီးရရန် အရင်းအမြစ်တစ်ခုခုကို ရွေးချယ်ရပေမည်။ သို့မဟုတ် တစ်ခုထက်ပို၍လည်း ရွေးချယ်ရပေမည်။

ထိုသို့ အစွန်းလွတ်မည့်လမ်းကို ရွေးမည့် သူရဲကောင်းတစ်ဦးလည်း လိုအပ်လျက်ရှိတော့သည်။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *