အပူဒဏ်ကို တွန်းလှန်ခြင်း

ဓာတ်ပုံ - မြတ်(ကလေး)

“မိုးမိုး မိုးလား မောင်တို့၊ လေလေ လေလား မောင်တို့၊ မိုးမရွာလို့ လွန်ဆွဲတယ်၊ မိုးခေါင်ကျော်စွာ မစပါဦး…”

စင်မြင့်ပေါ်မှာ သံချပ်အပြီးတွင် မောင်းသုံးချက်တီးလိုက်သည်နှင့် တစ်ပြိုက်နက် စင်အောက်မှ လူအုပ်ကြီးက တစ်ဖက်နှင့် တစ်ဖက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတော့သည်။

ယင်းမှာမေလ၈ရက်နေ့ညနေ ပိုင်းကမရမ်းခြံဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည့် မိုးခေါ်လွန်ဆွဲပွဲ ဖြစ်သည်။ သုံးရက်ကြာလွန်ဆွဲကြမည်ဟု စီစဉ်သူများက ပြောသည်။

မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိုးမရွာလျှင်၊ မိုးခေါင်လျှင်၊ ရာသီဥတုပူပြင်းလျှင် မိုးခေါင်ကျော်စွာနတ်ကို ပင့်ဖိတ်၍ လွန်ဆွဲပွဲကျင်းပကြသည်မှာ အစဉ်အလာလိုပင် ဖြစ်နေသည်။

မိုးခေါင်သည့် ယခုနှစ်အတွက် မန္တလေးမြို့တွင်လည်း လွန်ဆွဲပွဲများကို ရပ်ကွက်အလိုက်ပြုလုပ်နေကြခြင်း ဖြစ်သည်။

လွန်ဆွဲ၍ မိုးရွာသည်ဖြစ်စေ၊ မရွာသည်ဖြစ်စေ လတ်တလောခံစားနေရသည့် ရာသီဥတုအပူဒဏ်ကို ခေတ္တခဏတော့ မေ့လျော့သွားစေကြောင်း လွန်ဆွဲသူများက ပြောကြသည်။

မန္တလေးမြို့တွင် သင်္ကြန်အပြီး ဧပြီလလယ်ခန့်မှစ၍အပူချိန်သည် တဖြည်းဖြည်းမြင့်တက်လာသည်။ ဧပြီလပုံမှန်  အမြင့်ဆုံးအပူချိန် ၃၈ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ရှိသည့် မန္တလေးမြို့တွင် ဧပြီလ ၂၈ ရက်တိုင်းထွာချက်များအရ ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ကြောင်း အထက်မြန်မာပြည်မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မေလတွင်လည်း အပူချိန်ကလျော့မသွားဘဲ ပို၍ပင်တိုးလာခဲ့သည်။ မေလ ပုံမှန်အမြင့်ဆုံးအပူချိန် ၃၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိသည့် မန္တလေးမြို့တွင် ယခုနှစ်အတွက်မူ ၄၀ မှ ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေခဲ့သည်။

“မေလအတွင်းမှာ အမြင့်ဆုံးအပူချိန်အဖြစ် ၂၀၁၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့တုန်းက ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ခဲ့ဖူးတယ်။ အဲဒီနောက်တော့ ၄၀ နဲ့ ၄၁ ဝန်းကျင်တွေမှာပဲ ရှိတယ်”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်လွင်ဦးက ရှင်းပြသည်။

အပူဒဏ်ကို ကာကွယ်နိုင်ရန် လွန်ဆွဲပွဲများအပြင် မန္တလေးမြို့ရှိ မီးပွိုင့်များတွင် အပူဒဏ်ခံမိုးကာ အစိမ်းများတပ်ဆင်ရန်အတွက် အလှူရှင်များက အားတက်တရောလှူဒါန်းမှုများလည်း ရှိလာသည်။

လက်ရှိတွင် နေရာငါးနေရာခန့်တပ်ဆင်ထားပြီး အလှူရှင်ရှိလျှင် ထပ်မံတပ်ဆင်သွားမည်ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ဆိုသည်။

“ဘတ်ဂျက်မှာ လျာမထားခဲ့ရင် ဘယ်လုပ်ငန်းအသစ်မှ လုပ်လို့မရတဲ့စနစ်ကြောင့် အလှူရှင်များ ပေါ်ပေါက်လာမှသာ ဆက်လုပ်ဖို့ရှိပါတယ်။ လေဒဏ် မိုးဒဏ်လည်း စဉ်းစားရတာမို့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ တိုင်တွေ မလဲနိုင်ပေမယ့် အရွက်တွေပြုတ်တာမျိုးဖြစ်ခဲ့ရင် သတင်းပေးပေးပါ”ဟု ၎င်းက ပြောသည်။

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အောက်တွင် သွားလာရုန်းကန်နေရသူများအတွက် မီးပွိုင့်တွင် တစ်မိနစ်မျှရပ်စောင့်ရသည့်အခါ အပေါ်ပူ၊ အောက်ပူဖြင့် ခံစားရသည့် ရာသီဥတုဒဏ်ကို ယင်းအမိုးစိမ်းများက သက်သာစေကြောင်း မန္တလေးသူမန္တလေးသားတို့က တုံ့ပြန်ကြသည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့်လည်း အပူဒဏ်က ပိုမြင့်သယောင်ခံစားရစေသည်။

တစ်ရက်လျှင် လေးငါးကြိမ်ခန့်ပြတ်တောက်နေသည့် လျှပ်စစ်မီးကြောင့် အပူဒဏ်ကို အံတုမည့်သူများ အခက်ကြုံကြရသည်။

ပြည်သူများမှာ အပူဒဏ်မှကာကွယ်ရန် အဲကွန်း၊ ပန်ကာစသည်များကို ပိုမိုအသုံးပြုလာကြရသော်လည်း လျှပ်စစ်မီးလုံလောက်အောင် မပေးနိုင်သည့်အတွက် တောင်းပန်ကြောင်း မန္တလေးတိုင်းလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်က ပြောသည်။

မိုးမရွာသဖြင့် လျှပ်စစ်မီးအတွက် အားထားနေရသည့် ဆည်ကြီးများတွင် ရေမှတ်လျော့နည်းနေပြီး မီးပုံမှန်ရရှိရန် မိုးရွာရန်အတွက် ဆုတောင်းရမလိုပင်ဖြစ်နေကြောင်း ၎င်းက ဟာသနှော၍ ပြောဆိုသည်။

ရာသီဥတုပူပြင်းမှုကြောင့် အပူရှပ်ဝေဒနာကို သတိထားရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မကြာခဏ သတိပေးလျက်ရှိသည်။

နေပူထဲသွားလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်စသည့် အကာအကွယ်များဝတ်ဆင်ရန်နှင့် ရေများများသောက်ရန် အဆိုပါဝန်ကြီးဌာနက တိုက်တွန်းသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း အပူဒဏ်ကြောင့် ဆိုင်ကယ်စီးနေသူတစ်ဦး ရုတ်တရက်လဲကျခဲ့သည်။ အသက် ၄၀ နှစ်ဝန်းကျင် ဆိုင်ကယ်စီးအမျိုးသားသည် ယင်းနေ့ ညနေ ၆ နာရီခန့်က ၈၆ လမ်း (၃၅ _၃၆) တွင် လဲကျပြီး သတိမေ့သွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရခြင်းဖြစ်သည်။

သို့သော် ယင်းသည် အပူရှပ်လူနာ(Heat Stroke) မဟုတ်ဟု ပြည်သူ့ဆေးရုံကြီးဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။

“ကျွန်တော်တို့ဆီမှာ အခုအထိ  Heat Stroke ကြောင့် တက်ရောက်ကုသရတဲ့ လူနာနှစ်ဦးပဲ ရှိပါသေးတယ်”ဟု ယင်းဌာနတာဝန်ခံဦးမင်းလွင်က ပြောသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးဆေးရုံကြီးသို့ အပူဒဏ်နှင့်ပတ်သက်၍ လာရောက်ကုသမှုခံယူသူ ရှစ်ဦးခန့်ရှိသော်လည်း ၎င်းတို့သည် Heat Stroke (အပူလွန်ကဲမှုကြောင့် သတိမေ့လဲကျခြင်း) မဟုတ်ဘဲ မူလရောဂါအခံကြောင့် ဆေးကုသမှုခံယူကြသူများသာဖြစ်ကြောင်း ဦးမင်းလွင်က ရှင်းပြသည်။

အပူဒဏ်သက်သာစေရန် မိုးခေါ်လွန်ဆွဲပွဲ၊ မီးပွိုင့်များတွင် အရိပ်ရအကာများပြုလုပ်ပေးခြင်းတို့အပြင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်ဓမ္မာရုံများတွင် အပူရှောင်စခန်းများကို ဖွင့်လှစ်ပေးထားသည်မှာ မန္တလေးမြို့ပေါ်တွင် စခန်းပေါင်း ၂၀ ခန့်အထိ ရှိသည်။

အပူရှောင်စခန်းများသို့ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အများဆုံးလာရောက်ပြီး အဲကွန်း၊ ပန်ကာစသည်များ လုံလောက်အောင်တပ်ဆင်ပေးထားရသည်။ အချို့စခန်းများတွင် အအေးစတုဒိသာတိုက်ကျွေးမှုများလည်း ရှိသည်။

လျှစ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် အပူရှောင်စခန်းများတွင် လျှပ်စစ်မီးလိုင်းနှစ်လိုင်း သွယ်တန်းထားပြီး တစ်လိုင်းပြတ်တောက်လျှင် နောက်တစ်လိုင်းအသုံးပြုခြင်းဖြင့် အပူရှောင်သူများအတွက် အဆင်ပြေအောင် ပြုလုပ်ပေးထားကြောင်း စိတ္တရမဟီရပ်ကွက်အတွင်းရှိ ဆုတောင်းရ ဘုရားဓမ္မာရုံအပူရှောင်စခန်းမှ သိရသည်။

မန္တလေးမြို့အပြင် တိုင်းဒေသကြီးအတွင်းရှိ ရာသီဥတုပူပြင်းသည့် မြို့နယ်များတွင်ပါ လိုအပ်လျှင် အပူရှောင်စခန်းများ ဖွင့်လှစ်ပေးသွားမည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ဆိုသည်။

မေလအတွင်း အပူချိန်ဆက်လက်မြင့်မားနိုင်သော်လည်း ဒုတိယ ၁၀ ရက်ပတ်(မေ ၁၈ မှ ၂၃) အတွင်း မိုးရွာသွန်းမှုများဖြစ်လာနိုင်ကြောင်း အထက်မြန်မာပြည်မိုးဇလညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ခန့်မှန်းပြောဆိုသည်။

“မိုးရွာလာရင်တော့ အပူဒဏ်တွေ တော်တော်လျော့ပါးသွားမယ်”ဟု ၎င်းက ဆိုသည်။

ရာသီဥတုပူပြင်းသည် မှန်သော်လည်း အပူရှပ်ရောဂါကြောင့် ချမ်းမြသာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့မှ လူနာနှစ်ဦး လာရောက်ကုသမှုခံယူသည်မှအပ စိုးရိမ်ရသည့် Heat Stroke မဖြစ်ပေါ်သေးကြောင်း၊ အပူဒဏ်ကြောင့် သေဆုံးသူလည်း မရှိသေးကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးဆေးလူမှုဆက်ဆံရေးမှူး ဦးမင်းလွင်က ပြောသည်။

အကယ်၍ Heat Stroke ဖြစ်ပေါ်လာပါကလည်း ဆေးရုံကြီးတွင် လူနာ ၁၀၀ အတွက် အဲကွန်း၊ ပန်ကာစသည့် အပူဒဏ်သက်သာစေသည့်အရာများကို အဆင်သင့်ပြင်ဆင်ထားကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့ ၄၀ လောက်နဲ့ ချိတ်ဆက်ထားတယ်။ ရေခဲစက် ၁၀ ခုလောက်နဲ့လည်း ချိတ်ဆက်ထားတယ်။ ဖြစ်လာခဲ့ရင် အကောင်းဆုံးတုံ့ပြန်နိုင်အောင်ပါ” ဟု ဦးမင်းလွင်က ပြောဆိုသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *