“လူထုလှုပ်ရှားမှုနဲ့ နိုင်သလောက် သစ်ပင်စိုက်တာတွေ လုပ်သင့်တယ်။ မစဉ်းစားဘဲ သစ်ပင်မခုတ်သင့်ဘူး”

ဓာတ်ပုံ - ဥမ္မာလွင်

RECOFTC မြန်မာမှ မြန်မာဌာနေကိုယ်စားလှယ် ဒေါက်တာမောင်မောင်သန်းနှင့် တွေ့ဆုံခြင်း

ယခုနှစ်တွင် အပူချိန်မြင့်တက်လာမှုသည် ပြည်သူများအတွက် ဆိုးရွားလျက်ရှိသည်။ ပြီးခဲ့သည့်သုံးနှစ်အတွင်း အပူချိန်တစ်စတစ်စ နှစ်စဉ်တိုးမြင့်လာလျက်ရှိသည်။ ယခုနှစ်တွင်မူ မြန်မာနိုင်ငံရှိ မြို့ကြီးအချို့သည်ပင် အပူချိန်စံချိန်သစ်များ တင်ခဲ့သည်။ လူတို့ အရေးမထားခဲ့သော သဘာဝပတ်ဝန်းကျင်သည် လူတို့ကို ပြန်လည် ခြိမ်းခြောက်စပြုလျက်ရှိသည်။ လက်ရှိအပူချိန်မြင့်မားနေမှုကို မည်သို့ကုစားနိုင်မည်နည်း။ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများနှင့် မော်တော်ယာဉ်များမှထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ကို မည်သို့လျှော့ချ၍ မျှတသည့်ရာသီဥတုဖြစ်ပေါ်ရေး မည်သို့လုပ်ဆောင်သင့်သနည်း အစရှိသည် ကိစ္စများနှင့် ပတ်သက်၍ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းဆောင်ရွက်နေသည့်  RECOFTC  မြန်မာမှ မြန်မာဌာနေကိုယ်စားလှယ် ဒေါက်တာမောင်မောင်သန်းကို The Voice Journal က တွေ့ဆုံမေးမြန်းထားသည်။ (ဒေါက်တာမောင်မောင်သန်းသည် Yokohama National University မှ Environment Science, Forest Ecology ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိထားသူတစ်ဦး ဖြစ်သည်။)

The Voice Journal – ရာသီဥတုပြောင်းလဲမှုကြောင့် ပူလာတယ်။ အဲဒီလိုပူတာကို ဘယ်လိုလျှော့ချလို့ ရမလဲ။

Dr.MMT – ပူတာက ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကြောင့် အဲဒီမှာအကြောင်းတရားတွေ အများကြီး ရှိတယ်။ အဲဒါတွေကို လျှော့ချဖို့လိုတယ်။ ဥပမာ – မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှု၊ ပြောင်းလဲစေတဲ့ အကြောင်းတရားတွေက ဘာတွေလဲ။ သစ်တောပြုန်းတီးသွားလား၊ လယ်ယာကဏ္ဍပြောင်းလဲမှုတွေလား၊ ဖန်လုံအိမ်အာနိသင် (Green House Gas) တွေ  ထုတ်တာများလို့လား။ နောက်တစ်ခါ သယ်ယူပို့ဆောင်ရေးကဏ္ဍလား။ ကားတွေ၊ ဆိုင်ကယ်တွေ၊ အဲကွန်းသုံးနေတာတွေ အများကြီးပဲ။ ရေခဲသေတ္တာ၊ စက်မှုလက်မှုကဏ္ဍက ဒါတွေအားလုံးကို နည်းပညာနဲ့ ဘယ်လောက်ထိန်းချုပ်နိုင်မလဲ။ နောက်တစ်ဦးချင်းစီကျင့်ဝတ်နဲ့ ဘယ်လောက်ထိန်းချုပ်နိုင်မလဲလိုပါတယ်။ သစ်တောကြီးတွေ မပြုန်းတီးအောင် ကာကွယ်မယ်၊ ဥပဒေအကြောင်းအရ ကာကွယ်မယ်။ ပြည်သူတွေ သစ်တောကဏ္ဍကို တအားမမှီခိုရဘဲ ပြုပြင်ပြောင်းလဲပေးနိုင်မလားစတဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး လုပ်ရမယ်။ အပူဒဏ်က တစ်နေ့ထဲ ဖြစ်လာတာ မဟုတ်ဘူး။ ဆယ်စုနှစ်နှစ်စု၊ သုံးစုစာလောက် ဖြစ်လာတာဆိုတော့လေ။

The Voice Journal – ဆရာ အဲဒီထဲက ဘာတွေကို လက်တွေ့ကျကျ ဦးစားပေးဖြေရှင်းလို့ ရမလဲ။

Dr.MMT – အပူဒဏ်ကို လတ်တလောချက်ချင်းဖြေရှင်းလို့လည်း ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဖြေရှင်းနိုင်ဖို့က ဒီ အကြောင်းတရားတွေကိုသိဖို့။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဘယ်လောက်ထုတ်လွှတ်နေလဲ။ သစ်တောကို ဘယ်လောက်ထိန်းသိမ်းမလဲ။ နောက်ပြီးရင် သစ်တောဘယ်လောက်စိုက်မလဲ။ ဒါတွေက လုပ်နိုင်တဲ့ အလုပ်တွေ။ စက်ရုံတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဘယ်လောက်ထိန်းမလဲ။ နည်းပညာအဟောင်းသုံးနေရင် စက်ရုံက အခိုးတအားလွှတ်မယ်။ နည်းပညာသစ်ကို ပြောင်းလဲဖို့။ နဂိုကတည်းက စက်ရုံကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို တစ်တန်လောက် အခိုး အငွေ့တွေ  လွှတ်နေရာကနေ သုည ဒသမ ၅ ရာခိုင်နှုန်း  လျော့အောင် လုပ်နိုင်ဖို့။ ဒါတွေက လက်တွေ့မှာ နည်းပညာပြောင်းလဲမယ်ဆိုရင် ငွေကုန်ကြေးကျများတယ်။ ချက်ချင်းမလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ လူတွေက ဘာဖြစ်သလဲဆိုရင် သစ်ပင်ကို များများထိန်းဖို့၊ ပြန်စိုက်ဖို့ အဲဒါက ဖြစ်လာမယ့် အကြောင်းတရားရှိတယ်။ နောက်မှ နည်းပညာကို ဖြည်းဖြည်းချင်း ပြောင်းလဲမယ်။ နည်းပညာပြောင်းလဲမယ်ဆိုရင်လည်း စက်ရုံပိတ်ရမယ်။ သူတို့ကို မှီခိုနေတဲ့ အလုပ်သမားတွေရှိတော့။ အဲဒါတွေ ကြည့်ရမယ်။ အဲဒါကြောင့် နည်းပညာကို သုတေသနလုပ်တစ်ချိန်တည်းမှာလည်း လူတစ်ဦးချင်းစီရဲ့ အမူအကျင့်ကို ပြုပြင်ဖို့လိုတယ်။ လူတစ်ယောက်ကလည်း ကိုယ်ပိုင်ကားဝယ်၊ သူကလည်း ကားဝယ် အားလုံးက အခိုးငွေ့တွေ ထုတ်ကြမယ်။ အဲဒီတော့ အစိုးရကနေ မြို့ပြသယ်ယူပို့ဆောင်ရေး (Public Transportation)  အားကောင်းအောင် လုပ်ရမယ်။

The Voice Journal – အပူလျှော့ချဖို့ လူတွေရဲ့ နေထိုင်မှုပုံစံ ဘယ်လိုပြောင်းလဲရမလဲ။ အစိုးရက  ဘာတွေလုပ်သင့်လဲ။

Dr.MMT – ခုနက ပြောသလိုပါပဲ။ နေထိုင်မှုပုံစံ ပြောင်းရမယ်။ ကိုယ်က လျှပ်စစ်မရရင် အဲကွန်းမရတော့ဘူး။ လျှပ်စစ်ကို ဘယ်ကရလဲ။ လျှပ်စစ်ကို လေက ရတယ်၊ ရေက ရတယ်။ ဒါဆို Pollution မဖြစ်စေတဲ့ စွမ်းအင်။ ဥပမာ – ကျောက်မီးသွေးက ယူမယ်ဆို ကျောက်မီးသွေးစက်ရုံက အခိုးတွေလွှတ်ရင် သူကနေပြီးတော့ လျှပ်စစ်ရမယ်ဆို ကျွန်တော်တို့ လျှပ်စစ်ဓာတ်ကို အလေအလွင့်သုံးမယ်ဆို၊ ပရမ်းပတာသုံးမယ်ဆိုရင် စက်ရုံတွေ ပိုလည်ရမယ်။ ပိုလည်ရရင် အခိုးအငွေ့ထွက်မယ်။ ဒီဇယ်နဲ့ ပေးတာ၊ မြို့တော်မှာ မီးမမှန်လို့ ဒီဇယ်မီးစက်တွေနဲ့ တစ်ဟုန်းဟုန်းချနေတယ်။ ကျွန်တော် ခုနပြောသလိုပေါ့။ တစ်ကိုယ်ရေတစ်ကာယ အမူအကျင့်တွေကို ပြောင်းရမယ်။အဲဒါကဘာနဲ့ ဆက်စပ်လဲဆိုရင် အစိုးရအစီအမံနဲ့ သွား ဆက်စပ်တယ်။ အစိုးရ စီမံရတာကို အားကိုးတယ်ပေါ့ဗျာ။ အစိုးရစီမံပေးရမယ့် ကား၊ ရထားတို့။ ဂျပန်မှာဆိုရင် အားလုံးရထားစီးကြတယ်။ ရထားတစ်စင်းဆိုရင် ခရီးသည်ပေါင်း ရာထောင်ချီသယ်နိုင်တယ်။ ကျွန်တော်တို့ ကားတွေ အစီးတစ်ထောင်လောက် သုံးနေရင်(မီးခိုး)ပိုထွက်လာမယ်။ တစ်ကိုယ်ရေစာ သုံးတာကိုလည်း လျှော့ချရမယ်။ လျှပ်စစ်တွေ မလိုဘဲ သုံးတာ၊ အဲကွန်းတွေ မလိုဘဲ ဖွင့်ထားတာ၊ အဲကွန်းဖွင့်တဲ့အခါမှာလည်း လိုအပ်တဲ့ အအေးဒဏ်လောက်ပဲ ဖွင့်ဖို့။ အားလုံးဆင်ခြင်ပေးနိုင်ရင် ကောင်းမယ်။ သူတို့  Behaviour ချိန်းဖို့ လိုတယ်။

The Voice Journal – အပူကြောင့် ပြည်သူတွေ သစ်ပင်စိုက်ဖို့ လှုပ်ရှားမှုတွေ တွေ့လာရတယ်။ အဲဒါကြောင့် ဘယ်အပင်ကို ဘယ်နေရာ စိုက်သင့်လဲဆရာ။ 

Dr.MMT – အဓိက သစ်ပင်မရှိတဲ့နေရာတွေ ပြန်စိုက်နိုင်ရင် အကောင်းဆုံးနေမှာ။ သစ်ပင်မရှိတဲ့ နေရာ၊ တောပြုန်းသွားတဲ့နေရာမှာ ကာလဒေသကိုက်ညီတဲ့ အပင်စိုက်ရမယ်။ ဆိုလိုတာက ဒီရေအတက်အကျရှိတဲ့ နေရာမှာဆိုရင် ဒီရေတောပင်စိုက်ရမယ်။ တောင်ပေါ်မှာလည်း တောင်ပေါ်နဲ့ ကိုက်ညီတဲ့ အပင်စိုက်ရမယ်။ Dry Zone (အပူပိုင်းဒေသ)ဆိုရင်လည်း သူ့နဲ့ ကိုက်ညီတာ စိုက်ရမယ်။

လူတွေက တော်တော်များများပြောရမယ်ဆိုရင် သစ်ပင်စိုက်မယ်ဆိုရင် တောက လူရဲ့အလုပ်လို့ပဲ ထင်ကြတယ်။ မြေကလည်း များတာကိုး။ ဖြစ်နိုင်ရင်တော့ Urban မှာ Urban Forestry ဆိုတာ ရှိတာပေါ့။ မြို့ပြက လူတွေဟာ တကယ့်ကို သစ်တောသစ်ပင်တွေနဲ့ ရှိဖို့လိုတယ်။ Green Area ရှိဖို့ လိုတယ်။ တတ်နိုင်သမျှ အစိုးအနေနဲ့ ကွက်လပ်မှန်သမျှ အဆောက်အအုံဆောက်ဖို့ မကြိုးစားသင့်ဘူး။ တစ်မြို့မှာဆို Green Area ၃၀ ရာခိုင်နှုန်းလောက်ရှိဖို့ လိုပါတယ်။ တခြားနိုင်ငံမှာလည်း ကိုယ့်အိမ် တစ်အိမ်ချင်းစီမှာလည်း ပန်းအိုးလေးနဲ့ ရသလောက်ဖြစ်အောင် စိုက်ကြမယ်။ တကယ့် Green City လေ။ နောက်ပိုင်းဆိုရင် Eco-City လုပ်လာကြမယ်။ သစ်ပင်စိုက်ပျိုးရာမှာလည်း သင့်လျော်တဲ့ အပင်စိုက်ဖို့ လိုတယ်။ အရိပ်လည်းရ၊ အလှလည်း ရှိရမယ်။ လှပရမယ်။ မြို့ထဲမှာဆို လူနေရပ်ကွက်တွေဆိုတော့ ကျိုးလွယ်၊ ဆတ်လွယ်တဲ့ အပင်တွေ မစိုက်ဖို့ လိုတာပေါ့။ နောက်တစ်ခါ အကိုင်းတွေ အများကြီးထွက်သွားရင်လည်း မြို့မှာကျတော့ လျှပ်စစ်မီးကြိုးတွေရှိတယ်။ စသဖြင့်ပေါ့။ သင့်လျော်တဲ့ သစ်ပင်မျိုးရွေးချယ်ရမယ်။ အများပိုင်နေရာရုံးတွေ၊ ပန်းခြံတွေမှာ ဖြစ်ထွန်းဖို့ (သစ်ပင်စိုက်ဖို့) လိုတယ်။ အထူးသဖြင့် မြို့တော်စည်ပင်အနေနဲ့ အခုလို ရာသီဥတုပြောင်းလဲတဲ့ အနေအထားမှာ Green City  ဖြစ်ဖို့ သူတို့အနေနဲ့ သစ်ပင်စိုက်ပျိုးရေး လုပ်သင့်တယ်။ Renewable Energy အထိသွားဖို့လည်း စဉ်းစားသင့်တယ်။

The Voice Journal – မြို့မှာ ဘယ်လိုအပင်တွေ စိုက်နိုင်မလဲ ဆရာ။ ဓာတ်ကြိုးနဲ့မလွတ်လို့ အပင်ကို  ခုတ်နေတာမျိုးလည်း မကြာခဏတွေ့ရတယ်။

Dr.MMT – အပင်ကတော့ အများဖြစ်တာက ဗမာဓလေ့က သင်္ကြန်လွန်ရင် အပင်တွေကို အကိုင်းချိုင်ပေးရတယ်။ ကျွန်တော်တို့ အဘိုးတွေ ဘာလို့လုပ်ပေးရသလဲဆိုရင် မိုးကျလာရင် လေပြင်းတယ်။ လေပြင်းရင် ရွက်အုပ်ကြီးတဲ့ အပင်တွေက လဲကျတတ်တယ်။ အမြစ်တိမ်တယ်။ အဲဒီအခါကျရင် အကုန်မခုတ်ဖို့ အကိုင်းချိုင်ဖို့ လုပ်ရတယ်။ တချို့ဓာတ်ကြိုးရှိရင်လည်း လွတ်သွားအောင် လုပ်ရတယ်။ မြို့မှာဆိုရင် မြေနေရာကလည်း နည်းတယ်။ ဓာတ်ကြိုးတွေကလည်းရှိလို့ တတ်နိုင်သမျှ အကိုင်းတအားပြန့်တဲ့ အပင်မျိုးတွေ ရှောင်ရမယ်။ မြို့ရဲ့အနေအထားအရ သင့်လျော်တဲ့ အပင်ဒီဇိုင်းကို ရွေးချယ်ရမယ်။

The Voice Journal – လက်ရှိမှာလည်း အိမ်ရာတွေ တိုးလာတယ်။ မြို့တစ်မြို့မှာ စိမ်းလန်းတဲ့နေရာ (Green Area) ဘယ်လိုထားသင့်လဲ။ ဘယ်လောက်ထားသင့်လဲ။

Drr.MMT – Green Area က ပျံ့ပျံ့နှံ့နှံ့ရှိသင့်တယ်။ ဒါ ရန်ကုန်မြို့ကြီးဆိုပါစို့။ တစ်နေရာထဲမှာ  Green ဖြစ်နေရင်းလည်း မကောင်းဘူး။ မျှမျှတတလေးရှိနေမယ်ဆိုရင် ဒီမှာရှိနေတဲ့သူတွေက အပန်းလည်း ဖြေလို့ရတယ်။ ဒီကထွက်လာတဲ့ မော်တော်ကားတွေရဲ့ အခိုးအငွေ့တွေကို စုပ်ယူနိုင်တယ်။ မြို့လည်း နေချင့်စဖွယ်ဖြစ်တာပေါ့။ ဟိုတုန်းက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အိမ်ခန်းပေးတော့မယ်ဆိုတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဆောက်ဖို့လုပ်တော့ ကျွန်တော်တို့ တော်တော်ကို ပြောကြရတယ်။ အဲဒီတုန်းက တိရစ္ဆာန်ရဲ့ အနံ့နံတယ်ပြောတယ်။ တကယ်တော့ တိရစ္ဆာန်ဥယျာဉ်က ဟိုနှစ်ထောင်ကျော်ကတည်းက ရှိခဲ့တာ အဲဒီတော့ ဘာကိစ္စရှိလဲ။ ဒီနေရာမှာပဲ ရှိခဲ့တာ။ အခုတော့ တိရစ္ဆာန်တွေလည်း နေပြည်တော် ပြောင်းထားပြီးတော့။ ဟုတ်ပြီ။ တိရစ္ဆာန်ရုံမဟုတ်ရင် ရုက္ခဗေဒဥယျာဉ်လုပ်လေ။ လူတွေ အပန်းဖြေလို့ ရတယ်။ ရန်ကုန်မြို့ရဲ့ Green Area ရတယ်။ ဘာလို့ ကွန်ဒိုဆောက်နေလဲ။ ပြောရရင် စီးပွားရေးလုပ်တာပဲ။ အခု ကျွန်တော်တို့ ရန်ကုန်မှာ ကံကောင်းနေတာက တိုက်ဧရိယာတွေမှာ စိမ်းလန်းနေတာလေးပုံတစ်ပုံ ရှိတယ်။ အဲဒီဧရိယာတွေသာ အကြောင်းကြောင်းကြောင့် လူနေရပ်ကွက်ဖြစ်သွားရင် Green လျော့သွားမယ်။ အင်းယားတို့၊ မြကျွန်းသာတို့မှာ ခုဆောက်နေတာတွေက ကျွန်တော့်အမြင်အရဆို မှားတယ်။ အဲဒီနေရာမှာ Public Park လုပ်ရမှာ။ စနေ၊ တနင်္ဂနွေကျရင် လူတွေ အပန်းဖြေမယ်။ သင့်လျော်လျှောက်ပတ်တဲ့ Green Area ထားရှိသင့်တယ်။ နောက်တစ်ခါ အိမ်တစ်အိမ်ချင်းစီရဲ့ ဒီဇိုင်းပေါ့။ ပန်းအိုးလေးတွေ စိုက်လို့ရတဲ့ ဒီဇိုင်းလုပ်ပေးသင့်တယ်။ အိမ်တိုင်းအိမ်တိုင်းအစိမ်းရောင်ရှိဖို့၊ အခန်းတိုင်းအတွက် နေရာလေးတွေ ပေးဖို့။ တချို့နေရာမှာဆို ကွန်ဒိုတွေမှာ အစိမ်းရောင်တွေလေ။ တစ်ပိုင်တစ်နိုင် ၁၀ ပေလောက် ကိုယ်စိုက်ချင်တာကို အန္တရာယ်လည်း မဖြစ်အောင်၊ လှလှပပပန်းတွေလည်း ဖြစ်အောင်လို့။ အခုဆို အပင်ရေလောင်းရင် အောက်ထပ်က Sun Shade ကို သွားထိတယ်။ အောက်မှာ အော်ဦးမှာလေ။ စနစ်ကောင်းလုပ်ရင် ရေတစ်လျှောက်လမ်းလေးလုပ်ထား၊ ဘုံစနစ်ပိုက်လိုင်းနဲ့ ကျသွားတာမျိုးလုပ်ထား၊ သူတို့ ဒီဇိုင်းဆွဲရင် ရပါတယ်။ အဲဒါဆို ရန်ကုန်မြို့က နောက်ဒီဇိုင်းနဲ့ အဲဒီလိုဖြစ်သွားရင် လှသွားမယ်။

The Voice Journal – Climate Change နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက အစည်းအဝေး တက်ကြတယ်။  ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းတယ်လို့ မြင်ကြတယ်။  ဘာကြောင့်လဲ ဆရာ။

Dr.MMT – အစိုးရပိုင်းကလည်း အကောင်အထည်တော့ ဖော်တာပေါ့နော်။ မထိရောက်တဲ့ သဘော ဖြစ်နေတယ်။ ခုနပြောတဲ့ဟာတွေ စွမ်းအင်ပေါ်လစီပေါ့။ ဖြစ်နိုင်တာတွေလုပ်ဖို့ လိုတယ်။ ရန်ကုန်တို့၊ မန္တလေးတို့မှာ Public Transportation ကို သက်တောင့်သက်သာဖြစ်ဖို့။ အဲဒါဆို ဘယ်သူမှလည်း ကားကို အကုန်အကျခံပြီးတော့ ဝယ်စီးမှာ မဟုတ်ဘူး။ ထားစရာနေရာကလည်း ရှားတယ်။ ဒါမျိုးတွေကို အစိုးရက ဦးစားပေးလုပ်သင့်တယ်။ Green City လေးတွေ များများလုပ်ပေးနိုင်ရင် တစ်ဦးချင်းကို စွမ်းအင်သုံးစွဲတာ လျှော့ချနိုင်မယ်။ စိမ်းလန်းစိုပြည်မှုများလာအောင် လုပ်ရမယ်။ စိမ်းစိမ်းစိုစိုမရှိလို့ လူတွေက လမ်း မလျှောက်ချင်ဘူး။ မလျှောက်တော့ ကားငှားပြီးလေ။ အဲဒီတော့ စွမ်းအင်ပိုထွက်တယ်။ တကယ်တော့ မြို့တော်က စိမ်းစိုအေးမြတယ်ဆိုရင် လူတိုင်း လမ်းလျှောက်ကြမယ်။ ဒီမှာဖြစ်နေတာ စွမ်းအင်မူဝါဒကို ဝန်ကြီးဌာနတစ်ခုပဲ လုပ်နေတယ်။ ဝန်ကြီးဌာနတွေက  ချိတ်ဆက်နေတာ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုတယ်။ စွမ်းအင်နဲ့ ပတ်သက်တဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အကျိုးရှိရှိနဲ့ သွားဖို့လိုတယ်။ အဲဒါ အကောင်အထည်ဖော်တဲ့အပိုင်းမှာ ကြီးကြပ်ဖို့လိုတယ်။ မြို့နေလူတန်းစားဆို စွမ်းအင်လိုအပ်တယ်။ စွမ်းအင်ပေါ်မှာ မူတည်နေတယ်။ စွမ်းအင်မရရင် ရေ ဘယ်လိုတင်မလဲ။ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ အဲကွန်းမရှိရင် အိပ်ဖို့တော်တော်ခက်မယ်စသဖြင့် သူရဲ့စွမ်းအင်က အတော်တော်အရေးကြီးတယ်။

The Voice Journal – Climate Change နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေလည်း အများကြီးရှိပါတယ်။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ဘာတွေက အတားအဆီးဖြစ်နေလဲ။

Dr.MMT – အစိုးရအနေနဲ့ အကောင်အထည်ဖော်နိုင်တဲ့ဟာတွေလည်း ရှိသလို မဖော်နိုင်တာလည်း ရှိတယ်။ တွန်းအားပေးဖို့ကျတော့လည်း ဒီပြဿနာတွေက စွမ်းအင်မူဝါဒနဲ့ ဆိုင်တယ်။ အစိုးရရဲ့ မူဝါဒ။ နံပါတ်တစ်က အစိုးရရဲ့ စွမ်းအင်မူဝါဒက ဘယ်လိုလဲ။ သူ့ရဲ့ ရာသီဥတုဆိုင်ရာ ရာသီဥတုအပေါ်ထားရှိတဲ့ မူဝါဒ၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ မြေမူဝါဒ၊ သစ်တောဆိုင်ရာ မူဝါဒတွေကို ကျွန်တော်တို့ လေ့လာဖို့လိုတယ်။ ဥပမာ – စွမ်းအင်ဆိုရင် ပြန်လည်ဖြည့်နိုင်တဲ့ စွမ်းအင်ကို ယူမယ်ဆိုရင် Climate Change ကသက်သာမယ်။ ရေအားလျှပ်စစ်၊ လေ၊ ဒီရေကနေ သွားတာ စသဖြင့်ပေါ့။ အဲဒီလိုကနေ ရယူမယ်ဆိုရင် လက်တွေ့ဘ၀မှာ ရေအားလျှပ်စစ်ဆိုပေမယ့် အားကုန်လုံးရယူချင်နိုင်မှ ရယူနိုင်မယ်။ ကျေးလက်နေပြည်သူတွေ ၇၀ ရာခိုင်နှုန်းက မီးသွေးနဲ့ ထင်းသုံးနေကြတာ။ ဒီဟာတွေကို လျှပ်စစ်နဲ့ ချက်ပြုတ်နိုင်မယ်၊ Gas နဲ့ ချက်ပြုတ်နိုင်မယ်ဆိုရင် တောတွေ သက်သာမယ်။ တောပြုန်းတာ သက်သာမယ်။ အဲဒါဆို ကာဗွန်ဒိုင်အောက်ဆိုဒ်လွှတ်တာ သက်သာမယ်။ စွမ်းအင်ပေါ်လစီက သိပ်အရေးကြီးတယ်။ နျူကလီးယားစွမ်းအင်လုပ်မယ်ဆိုရင်လည်း တိုင်းပြည်က ရန်ပုံငွေရှိဖို့၊ ထိန်းသိမ်းနိုင်ဖို့၊ သူက  Risk များတယ်။ ဒါလေးတွေကို ချိန်ဆပြီးတော့ အစိုးရက သူ့စွမ်းအင်ပေါ်လစီကို ရေအားလျှပ်စစ်က ဘယ်လောက်ထားမယ်။ နေရောင်ခြည်ကနေ ဆိုလာ၊ လေ စသည်ဖြင့်ပေါ့လေ။ ဒါတွေက အရေးကြီးတယ်။

The Voice Journal – နောက်ပိုင်းလည်း ဆက်ပူလာဖို့ပဲရှိတော့ အပူဒဏ်ကို ဘယ်လိုကာကွယ်ရမလဲ။ 

Dr.MMT – လူတစ်ဦးချင်းက ကျန်းမာရေးရှုထောင့်ကနေ ဝတ်စားဆင်ယင်တာ အိပ်တာ စားတာ၊ ပူနေတဲ့အချိန်မှာ မစားသင့်တာ မစားဖို့။ နောက်တစ်ခုက အိမ်ရာတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ အိမ်တွေမှာ ဗိသုကာပိုင်းဆိုင်ရာမှာ လေဝင်လေထွက်ကောင်းအောင် လုပ်ရမယ်။ နောက်အမိုးတွေမှာ မပူအိုက်စေတဲ့ အမိုးမျိုး။ နောက်တစ်ခါအနာဂတ်မှာလည်း ပိုပူလာဖို့ပဲရှိတဲ့အတွက် အိမ်တွေ ဒီဇိုင်းက လေဝင်လေထွက် ကောင်းမွန်တဲ့ ဒီဇိုင်းတွေရှိဖို့၊ ဖန်တီးဖို့လိုတယ်။ လူထုလှုပ်ရှားမှုနဲ့ နိုင်သလောက် သစ်ပင်စိုက်တာတွေ လုပ်သင့်တယ်။ မစဉ်းစားဘဲ သစ်ပင်မခုတ်သင့်ဘူး။ သူက အရိပ်အာဝါသပေးတယ်။ တခြားလိုအပ်လို့ တစ်ပင်လုံးခုတ်မယ့်အစား လိုအပ်သလောက်အကိုင်းလေးကိုပဲ ခုတ်သင့်တယ်။ လျှပ်စစ်မီးကြိုး ဖြတ်သန်း သွားဖို့လွယ်အောင် တစ်ပင်လုံးခုတ်စရာမလိုဘူး။ နောက်ပြီး အိမ်ဒီဇိုင်းနဲ့ ကိုက်ညီတဲ့ Green ဖြစ်အောင် လုပ်လို့ရတယ်။ တတ်နိုင်ရင် တစ်ဦးချင်းစီမှာ ရေလျှော့သုံးမယ်ဆို စွမ်းအင်လည်းလျော့သွားမယ်။ ရေတင်စရာမလိုဘူး။ စွမ်းအင်ကို ချွေတာတာက Climate Change ကို သွားထိန်းတယ်။ Emission မထွက်ဘူး။ အဲဒီလိုချွေတာရင် လူငါးသန်း၊ ခြောက်သန်းနေတဲ့ မြို့တစ်မြို့ဆိုတော့ စွမ်းအင်ကို အတော်လေးချွေတာနိုင်မယ်။

The Voice Journal – ရာသီဥတု ပြောင်းလဲမှုဒဏ်၊ အပူဒဏ်တွေကို လျှော့ချဖို့ ရေရှည်ဘာတွေလုပ်ရမလဲ။ 

Dr.MMT –  ရာသီဥတုကြီး ရုတ်တရက်ပူလာတာကို လျှော့ဖို့ခက်တာပေါ့။ လက်တွေ့ကျကျလုပ်နိုင်တာက သူရဲ့ Transportation စနစ်၊ လောလာဆယ်သစ်ပင်စိုက်ဖို့၊ အပင်တွေ တတ်နိုင်သမျှ ထိန်းဖို့၊ စွမ်းအင်လျှော့ဖို့၊ Energy Save ဖို့၊ ဒါမျိုးတွေ  သွားဖို့လိုတယ်။ အခုလုပ်နိုင်တာက စွမ်းအင်ချွေတာတဲ့ အစီအစဉ်တွေ။ Energy နဲ့ပတ်သက်လို့ Incentive ပေးဖို့လိုတယ်။ Natural Resources Management တွေ လုပ်ဖို့လိုတယ်။ မီတာခကို တိုးကောက်တာ လူတွေ ပရမ်းပတာသုံးမှာစိုးလို့။ ဒါပေမဲ့ ဒီနိုင်ငံမှာ အခြေခံယူနစ်ခွဲဖို့ လိုတာပေါ့။ ဆိုလိုတာက အိမ်တစ်အိမ်မှာ သူရဲ့ အခြေခံယူနစ် ၂၀၀ လောက်အထိ သုံးဖို့ပဲ အစိုးရက Subsidies လုပ်ဖိုပေါ့။ အခုလည်း လုပ်နေပါတယ်။ လျှပ်စစ်ကို ပရမ်းမတာမသုံးရဘူး။ ဒီထက်ကောင်းတဲ့ သယ်သူပို့ဆောင်ရေးတွေ သုံးဖို့။ ရန်ကုန်မြို့ကြီးမှာ ကားက တအားများတယ်။ သိန်းဂဏန်းရှိတယ်။ တကယ်လို့သာ Public Transportation ကောင်းလာလို့ရှိရင် တစ်ဝက်လောက် ကျသွားမယ်။ ဂျပန်မှာဆိုရင် Public ရထားပဲ  စီးကြတယ်။ အဲဒီအခင်းအကျင်းကို သွားဖို့လိုတယ်။ နောက် အိမ်ဆောက်မယ့် အပိုင်းမှာလည်း အိမ်ဒီဇိုင်းတွေက အပူဒဏ်ခံနိုင်အောင်၊ လေဝင်လေထွက် ကောင်းအောင်လုပ်ဖို့လိုတယ်။ ရေပိုက်စနစ်တွေ ကောင်းအောင်လုပ်ဖို့ လိုတယ်။ ရေကို ထိန်းချုပ်ရမယ်။ တစ်ဦးချင်းကို ပညာပေးဖို့လိုတယ်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *