ရိုးရာခြင်းလုံးအတွက် ယူနက်စကိုအိပ်မက်

ခြေပေါ်မှ မြေသို့ မကျစတမ်း ထိန်းညှိခတ်ကစားနေသည့် ခြင်းလုံးလေးက လေတွင် ဝဲတက်လွင့်ပျံနေသည်။

ထိုမြင်ကွင်းကို မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ရိုးရာခြင်းဝိုင်းတွင်သာ တွေ့မြင်နိုင်သည်။

ခြေဖနောင့်၊ တံတောင်နှင့် ဒူးတို့ကို ဟန်ချက်ညီညီအသုံးပြုရင်း ခြင်းလုံးလေး မြေသို့မကျစေရန် လက်ကလေးကော့ကာ ထိန်းညှိရင်း ခြေဖြင့်ခတ်ကစားနေဟန်မှာ မြန်မာ့ရိုးရာခြင်းဝိုင်း၏ စွဲမက်ဖွယ်မြင်ကွင်း ဖြစ်သည်။

ရှေးယခင်က ပျိုမေများ ညနေ ရေခပ်ဆင်းသည့်လမ်းတွင် ကာလသားတစ်သိုက်က ကိုယ်ရေးပြသည့်သဘောဖြင့် ခြင်းခတ်ကစားကြသလို တစ်နေ့တာလုပ်ငန်းခွင်ပြီးဆုံး၍ ပုဆိုးကို ခါးတောင်းကျိုက်ကာ ပေါင်တွင် ထိုးကွင်းမင်ကြောင် အပြည့်ဖြင့် အမျိုးသားကြီးများကလည်း အညောင်းအညာပြေရန် ခြင်းခတ်ကစားကြသည်။

တဖြည်းဖြည်း မြန်မာ့ရိုးရာခြင်းခတ်ဝိုင်းများမှာ ရပ်ကွက်၊ ကျေးရွာများတွင် ပြုလုပ်လေ့ရှိသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲများမှအစ မြန်မာနိုင်ငံ၏ အထင်ကရဘုရားပွဲတော်များနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအထိ ရောက်ရှိခဲ့သည်။

သို့သော် ယနေ့ခေတ် မြန်မာ့မျိုးဆက်သစ်လူငယ်များအကြားတွင်တော့ ခြင်းခတ်ကစားနည်းအပေါ် စိတ်ပါဝင်စားမှု လျော့နည်းလာကြလေပြီ။ အခြားသော ခေတ်နှင့်အညီ လိုက်မီရမည့်အရာများစွာအပေါ် အချိန်ပေးကြရသည်။

တန်ဖိုးရှိသော ခြင်းလုံးခတ် အားကစားအဓွန့်ရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းရန် လိုအပ်ပေသည်။

ထို့ကြောင့် မြန်မာ့ရိုးရာကစားနည်းများစွာထဲက ခြင်းခတ်ကစားနည်းနှင့် ခြင်းခတ်ဝိုင်းကို ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ကမ္ဘာက အသိအမှတ်ပြုထိန်းသိမ်းရန် UNESCO – ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့သို့ တင်သွင်းကာ အသိအမှတ်ပြုမှုရယူသင့်သည် မဟုတ်ပါလော။

ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ ရိုးရာဓလေ့အလှူပွဲ၊ ရိုးရာပြဇာတ်၊ အစဉ်အလာထုံးတမ်းများ၊ နှုတ်ပြောရာဇဝင်များ၊ ဘာသာစကားများ၊ စကားထာများ၊ ကစားနည်းများ၊ ရိုးရာအစားအသောက်များ၊ ရက်ကန်း၊ ရိုးရာပန်း ၁၀ မျိုး၊ ဂျပ်ခုတ်ရက်နည်းကဲ့သို့ ရိုးရာလက်မှုပညာ စသည်ဖြင့် အမျိုးအစားများကို ဒြပ်မဲ့ယဉ်ကျေးမှုများအဖြစ် သတ်မှတ်သည်။

ယခုခြင်းလုံးသည်လည်း ထိုဒြပ်မဲ့ယဉ်ကျေးမှုများထဲက တစ်ခုပင်ဖြစ်သည်။ ခြင်းလုံးကိုခတ်၍ ကစားရသည့်နည်းမှာ အနုပညာဆန်စွာဖြင့် မြန်မာပြည်တွင်သာရှိသည့် နည်းပညာတစ်ခုပင်။

ကြိမ်ကို နန်းသေးလေးများအဖြစ်လွှာကာ ရက်လုပ်ထားသော ကြိမ်ခြင်းလုံးကို လူငါးယောက် (သို့မဟုတ်)ခြောက်ယောက်က ဝိုင်းဖွဲ့၍ ခြေဖြင့်ခတ်ကစားသည့် ခြင်းခတ်ကစားနည်းမှာ သမိုင်းမှတ်တမ်းများအရ ပျူခေတ်ကဟု ဆိုကြသည်။

ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းနယ်မြေ၊ မှော်ဇာမြို့၊ ကုလားကန်ကုန်းရွာအနီးရှိ ခင်ဘကုန်း (ဦးခင်ဘ၏ ယာမြေ) တွင် ဌာပနာပစ္စည်းများနှင့်အတူ နှစ်လက်မပတ်လည်အချင်းရှိသော ငွေခြင်းလုံးတစ်လုံးကို တူးဖော်တွေ့ရှိခဲ့ရကြောင်း ခြင်းဘသိန်း (ပီကင်းပြန်) ရေးသားသော စာပေဗိမာန်စာမူဆုရသည့် မြန်မာ့ခြင်းလုံးသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

ထိုတွေ့ရှိရသော ဌာပနာပစ္စည်းများ၏ သက်တမ်းကို သက်ဆိုင်ရာပညာရှင်များက ခန့်မှန်းခဲ့ကြရာ စောလျှင် ခရစ်နှစ် ငါးရာစု၊ နောက်ကျလျှင် ခုနစ်ရာစုထက် နောက်မကျဟု ခန့်မှန်းခဲ့ကြပြီး နှစ်ပေါင်း ၁၅၀၀ ခန့်က မှော်ဇာမင်း ပရဘော်နှင့် မိဖုရားတို့က ဌာပနာထားသော ပစ္စည်းဖြစ်ကြောင်း တွက်ချက်ယူဆခဲ့ကြသည်။

မြန်မာ့ခြင်းလုံးသမိုင်းစာအုပ်တွင် ဖော်ပြထားချက်အရ ခြင်းလုံးကို မြန်မာနိုင်ငံအပြင် ဘော်နီယို၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မာလာယုတို့တွင် မတူညီသော ခြင်းခတ်ကစားနည်းကို ကစားကြကြောင်း၊ အေဒီ နှစ်ရာစုတွင် မြန်မာနိုင်ငံရှိ ပျူလူမျိုးများသည် ခြင်းလုံးကို ပထမဆုံးခတ်ကစားခဲ့ကြပြီး ၎င်းတို့မှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပြန့်ပွားသွားသောကစားနည်းဟု ယူဆကြောင်းလည်း ဖော်ပြထားသည်။

“ရှေးတုန်းက မြန်မာစာပေတွေထဲမှာ ခြင်းလုံးအကြောင်းပါတယ်။ ညောင်ရမ်းခေတ်က ဓမ္မရာသီပျို့ထဲမှာ ရှင်ကုမာရကဿပရေးတဲ့အထဲမှာ ပါတယ်။ ခြင်းလုံးခတ်တဲ့အကြောင်းကိုလည်း ကဗျာတို ကဗျာစလေးတွေ ရှိတယ်” ဟု မြန်မာ့ သမိုင်းအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတိုးလှက ပြောကြားသည်။

စာပေနောက်ခံအနေနှင့် မြန်မာနိုင်ငံတွင်ပင် ခိုင်ခိုင်မာမာရှိထားသည့် အားကစားနည်းလည်းဖြစ်သည်ဟု ၎င်းက အားတက်သရော ဆိုလိုက်သည်။

“ဒါဗမာပြည်မှာပဲ ထွန်းကားတယ်။ ဘယ်မှမရှိဘူး” ဟု ၎င်းကဆိုသည်။

အင်းဝ၊ ကုန်းဘောင်ခေတ်တွင်လည်း ခြင်းလုံးခတ်ကစားခြင်းနှင့်ဆိုင်သည့် အထောက်အထားများကို တွေ့ရသလို ဗဒုံမင်းလက်ထက်တွင်လည်း မင်း၊ မိဖုရား ကိုးကွယ်တော်မူသော ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် ဘုန်းကြီးပျံပွဲ အတွင်း ခြင်းပွဲကိုပါ ထည့်သွင်းကျင်းပရန် မိန့်ကြားတော်မူခဲ့ကြောင်း သမိုင်းအချက်အလက်များအရ သိရသည်။

ကိုလိုနီခေတ်တွင်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံခြားသားများ ရေးသားသည့် မှတ်တမ်းများတွင်လည်း ခြင်းဝိုင်းအကြောင်း ပါဝင်သည်။

ထို့ကြောင့် ခြင်းဝိုင်းသည် မြန်မာပြည်တွင် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီခဲ့ပြီဆိုသည်ကို ထိုသမိုင်းအထောက်အထားများက သက်သေထူနေသည်။

ယနေ့အထိလည်း မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင်လည်း ခြင်းဝိုင်းများက မပါမဖြစ်ပေ။

ဩဂုတ်လနှင့် စက်တင်ဘာလ နှစ်လကြာကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကပါဝင်၍ ဦးဆောင်ကျင်းပခဲ့သည်။ ယခုနှစ်ကျင်းပမည့် ပွဲတော်တွင် (၉၁) ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

ခြင်းခတ်အသင်းပေါင်း ၁၈၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ပြီး တစ်ရက်လျှင် သိန်း ၃၀ အသုံးပြုကာ ရက်ပေါင်း ၆၀ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ခြင်းပညာရှင်အဖွဲ့များအပြင် ပြည်ပနိုင်ငံများဖြစ်သော ကနေဒါ၊ ဂျာမနီ၊ အမေရိကန်နှင့် အာရှနိုင်ငံများထဲမှ ဂျပန်၊ ထိုင်း၊ ကိုးရီးယားနိုင်ငံတို့မှ ခြင်းအသင်းများကလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။

ခြင်းလုံးခတ်ကစားရာတွင် မူသေသတ်မှတ်ထားသည့် ခြင်းကြီး ခြောက်မျိုး ရှိသည်။ မဟာဒူး၊ တည့်ဖဝါး၊ စလွယ်၊ ဝိုက်ကြီး၊ တည့်ဖနောင့်နှင့် မဟာတို့ ဖြစ်သည်။

ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ပါက ခြင်းပေါက် ၁၀ ပေါက်တန်း၊ ၈ ပေါက်တန်းနှင့် ၆ ပေါက်တန်းပြိုင်ပွဲဟူ၍ရှိပြီး ဝိုင်းခြင်းနှင့် တစ်ယောက်ချင်း အလှခတ်ခြင်းတို့ ရှိသည်။ ခြင်းဝိုင်းတစ်ဝိုင်းတွင် ခြင်းခတ်သား ခြောက်ယောက်နှင့် အရန်လူနှစ်ယောက် စုစုပေါင်း ရှစ်ယောက် စာရင်းသွင်းယှဉ်ပြိုင်ကြရသည်။ ယှဉ်ပြိုင်ချိန် ၄၅ မိနစ်ဖြစ်သည်။ တစ်ဝိုင်းလည်ပြီး၍ ခြင်းကို မြေမကျအောင်ခတ်နိုင်လျှင် အမှတ်ရသည်။

မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ၂၀၁၂ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ချိတ်ဆက်ကာ ခြင်းလုံးကစားနည်းကို သင်ကြားပြသပေးခဲ့သလို ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆီးဂိမ်းမှစ၍ ဝိုင်းခြင်းနှင့် ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ခြောက်ခုရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင်ကျင်းပသည့် ဆီးဂိမ်းတွင် ရွှေတံဆိပ်နှစ်ခုနှင့် ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းတွင် ရွှေတံဆိပ်နှစ်ခု ရရှိခဲ့သည်။

ဂျပန်နိုင်ငံ၏ ရိုးရာ ဂျူဒိုအားကစားနည်း၊ တရုတ်နိုင်ငံ၏ ရိုးရာ ဝူရှူးအားကစားနည်းများကဲ့သို့ ခြင်းလုံးအားကစားနည်းကို အိုလံပစ်အားကစားပြိုင်ပွဲသို့ ထည့်သွင်းကစားနိုင်မည်ဆိုလျှင်ပင် မြန်မာတို့ ကမ္ဘာ့ချန်ပီယံဖြစ်မည့် အခွင့်အရေးရရှိနိုင်မည်။

“ခြင်းလုံးဆိုတာက တစ်ယောက်နဲ့ တစ်ယောက် စည်းလုံးညီညွတ်မှုနဲ့ ချစ်ခင်ရင်းနှီးမှုကိုရရှိစေတဲ့ အားကစားနည်းတစ်ခုပါ။ တစ်ယောက်ကောင်းနဲ့ ကစားလို့ မရဘူး။ အားလုံးညီညွတ်နေမှ ကစားလို့ရတယ်။ ခြင်းလုံးကို မြေမကျအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကစားနည်းစနစ်ကိုက ခြင်းလုံးရဲ့ အနှစ်သာရပါ” ဟု မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောကြားသည်။

‘အပေးအယူ ချစ်ကြည်ဖြူ၊ ခြင်းမူ စာဂ မျှစိတ္တ’ ဟူ၍ပင် ခြင်းလုံး၏ အနှစ်သာရကို ဖော်ကျူးထားကြသည်။

“ကိုယ်တစ်ယောက်တည်း ကစားနေလို့မရဘူး။ သူများကို ညီမျှအောင် လိုက်ဖက်အောင်၊ တစ်ယောက်သဘောတစ်ယောက် နားလည်အောင်၊ အသင်းအဖွဲ့ စိတ်ဓာတ်ရှိအောင်၊ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းကူညီပြီး ဆောင်ရွက် တော့မှ ဒီဟာအောင်တာ” ဟု UNESCO – Myanmar ၏ အကြံပေးပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

ခြင်းလုံးမှရရှိသော စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်ရင်းနှီးမှု၊ ကိုယ်ကာယကြံ့ခိုင်မှု စသည်တို့မှာ ငွေနှင့်ပေး၍ ဝယ်မရသော အဖိုးထိုက်တန်သည့်အရာများ ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ရိုးရာအားကစားနည်းတစ်ခုကို ဆက်လက် တည်တံ့စေရန်လည်း ထိန်းသိမ်းရမည် ဖြစ်သည်။

မြန်မာတို့၏ ရိုးရာအားကစားများဖြစ်သော ကြက်ဖခွပ်၊ ဂုံညင်းဒိုးပစ် အားကစား၊ လွန်ဆွဲပွဲများမှာ ယနေ့ခေတ်တွင် ပျောက်ကွယ်လာပြီး ခြင်းလုံးအားကစားတစ်ခုသည်သာ ရိုးရာအားကစားအဖြစ် ယနေ့အဖြစ် ကျန်ရှိတော့ ခြင်းဖြစ်သည်။

“၂၁ ရာစုနောက်ပိုင်းမှာ မြန်မာ့ရိုးရာအားကစားနည်းတွေ တိမ်ကောပပျောက်လာတယ်။ အဲဒီအထဲကမှ အခု ခြင်းလုံးတစ်ခုပဲ ကျန်တယ်” ဟု ခြင်းအနောင်ဇာအဖြစ် လုပ်ကိုင်ပြီး ခြင်းခတ်ဝါသနာထုံသူ အသက် ၈၀ အရွယ် ဦးတင်ဦး က ဆိုသည်။

လက်ရှိတွင်ပင် မြန်မာ့ရိုးရာခြင်းလုံးကို ဆန်းသစ်ကာ ပိုက်ကျော်ခြင်းအဖြစ် နိုင်ငံတကာတွင် ကစားနေကြပြီဖြစ်သလို ကြိမ်ခြင်းလုံးအစား ကြာရှည်ခံသည့် ပလတ်စတစ်ခြင်းလုံးများ ထုတ်လုပ်လာသည်ကပင် မြန်မာ့ရိုးရာခြင်းလုံးကို မပျောက်ပျက်စေရန် ထိန်းသိမ်းရမည့် အချက်ပေးခေါင်းလောင်း မြည်လာခြင်း ဖြစ်သည်။

“ဘာကြောင့် ယူနက်စကိုကို တင်သင့်လဲလို့မေးရင်၊ သူ့ကို ဘာကြောင့် ထိန်းသိမ်းသင့်လဲလို့မေးရင် ကြိမ်နဲ့လုပ်တဲ့ ခြင်းလုံးက ရှားလာပြီးတော့ ပလတ်စတစ်နဲ့လုပ်တဲ့ ခြင်းလုံးတွေ ပေါ်လာတယ်။ ဒီရိုးရာက ပျောက်နေတယ်။ မြန်မာ့ရိုးရာ ခြင်းခတ်ဝိုင်းနဲ့ ကစားတဲ့နည်းစနစ်ကိုတော့ ထိန်းသိမ်းသင့်တယ်” ဟု ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

မြန်မာနိုင်ငံမှာ၂၀၁၃ ခုနှစ်တွင် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကွန်ဗန်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ အမျိုးမျိုးသော ဒြပ်မဲ့ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် အမည်စာရင်း တင်သွင်းခွင့်ရှိသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၁၂၂ နိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုပေါင်း ၅၀၈ ခုကို ယူနက်စကိုစာရင်းဝင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည်။

ထို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ခြင်းခတ်ကစားနည်းအပါအဝင် မြန်မာနိုင်ငံရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းများကို ပြုစုလျက်ရှိပြီး ထိုရရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုများထဲမှ ရွေးချယ်ကာ အမည်စာရင်းတင်သွင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဒြပ်မဲ့ယဉ်ကျေးမှုကို အမည်စာရင်းတင်သွင်းရန်အတွက် တင်သွင်းမည့် အမွေအနှစ်ကို ထိန်းသိမ်းလိုသည့် အဆိုပါအမွေ အနှစ်ရှိရာဒေသမှ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ အစိုးရတို့ ပူးပေါင်းတင်ပြရန်လိုအပ်ပြီး နှစ်စဉ်မတ်လတွင် အမွေအနှစ် အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

တင်သွင်းလိုက်သည့် အမွေအနှစ်ကို နိုင်ငံ ၂၀ ပါဝင်သော ကော်မတီက ၂ နှစ်တွင် တစ်ကြိမ် မဲခွဲဆုံးဖြတ်ကာ အတည်ပြုရွေးချယ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ယောဂကိုတင်သွင်းကာ အမွေအနှစ်စာရင်းဝင်ခဲ့ပြီဖြစ်သလို ၂၀၁၈ ခုနှစ်အတွက် ထိုင်းနိုင်ငံမှ Khon ဆိုသည့် ဒရာမာအကမျက်နှာဖုံးကို အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

“ကျွန်တော်တို့ လက်ရှိစာရင်းတွေတော့ ပြုစုနေပါတယ်။ တော်တော်များများလည်း ရပြီးပါပြီ။ အဲဒီအထဲမှာ ခြင်းလုံးလည်း ပါပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အကယ်၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရပါက အဆိုပါအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သုတေသနပြုလုပ်ရန် ငွေကြေးထောက်ပံ့မှု၊ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အခက်အခဲများရှိပါက ရန်ပုံငွေများရရှိနိုင်မည်ဖြစ်သလို အဆိုပါအမွေအနှစ်ကို စိတ်ဝင်စားသည့် အလှူရှင်များက အမွေအနှစ်ကို တည်တံ့စေရန် ရင်းနှီးမြှုပ်နှံခြင်း စသဖြင့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

မတူညီ ကွဲပြားသော ရိုးရာယဉ်ကျေးမှု များစွာရှိနေသည့် မြန်မာနိုင်ငံတွင် အဆင့်အတန်းမရွေး မတူညီမှုများကို တစ်ပြေးညီထားရှိ ဆော့ကစားနိုင်သည်မှာ ခြင်းလုံးအားကစားနည်းပင် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတွင်သာမက ကမ္ဘာ၏ အသိအမှတ်ပြုခြင်းနှင့်အတူ ခြင်းလုံးကစားနည်း ဆက်လက်တည်တံ့နေရန် လိုအပ်သည်မဟုတ်လော။

“ခြင်းကစားနည်းက အင်မတန်ကောင်းတဲ့ ကစားနည်းပဲ။ လူ့အဖွဲ့အစည်းကို ပေါင်းစည်းစေတာ။ အဲဒါက အရေးကြီးတာပဲ။ အရင်ကဆို ကြားဖူးတယ်လေ။ ငြိမ်းချမ်းနေတဲ့ကာလမှာ KNU နဲ့ မြန်မာစစ်တပ်နဲ့က အမြဲတမ်းချိန်းပြီး ခြင်းခတ်ကြတယ်။ ခြင်းကစားတဲ့နေရာမှာ ရန်သူမဟုတ်တော့ဘူး။ ရန်ဖြစ်နေတဲ့ တပ်နှစ်ခုတောင်မှ ခြင်းကစားလို့ရတယ်” ဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *