ဒေါ်အောင်ဆန်းစုကြည်တည်းခိုခဲ့ရာ ဟိုတယ်အနီးတွင် ကျည်ဆံအတောင့် ရှစ်ရာနီးပါးခန့်တွေ့

မန္တလေး၊ မေ ၁၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် မကွေးမြို့ရှိ နန်းထိုက်သူဟိုတယ်နှင့် လေးဖာလုံခန့်အကွာတွင် ကျည်ဆန်အတောင့်ရှစ်ရာခန့် တွေ့ရှိခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

မကွေးမြို့ ဆားစည်ရပ် ကမ်းနားလမ်း ကျောက်သားဥယျာဉ်အနီးတွင် ဆေးသုတ်နေစဉ် မေလ ၁၀ ရက် နံနက် ၉ နာရီခွဲခန့်က ကျည်ဆန်ထည့်ထားသည့် ဆာလာအိတ်တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ သွားရောက်ကြည့်ရှုရာ အထုပ်နှစ်ထုတ်တွေ့ရပြီး ပထမအထုပ်တွင် ၄၃၀ တောင့်၊ ဒုတိယအထုပ်တွင် ၃၅၂ တောင့်၊ စုစုပေါင်း ၇၈၂ တောင့် တွေ့ရှိခဲ့ရကြောင်း အဆိုပါစခန်းမှူး ဒုရဲမှူး စိုးသိန်းထွန်း က ပြောကြားသည်။

ကျည်အမျိုးအစားမှာ ၅ ဒသမ ၅၆ မမ၊ ၂၀၀၅ ခုနှစ်ထုတ်ဖြစ်ပြီး ကျည်နောက်ပိတ်တွင် မြန်မာစာဖြင့် ရေးသားဖော်ပြထားသည်။ အဆိုပါကျည်ဖြင့် M16 ၊ AK 47 ၊ M 21 အပါအဝင် M စီးရီးသေနတ်များတွင် အသုံးပြုနိုင်ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

အသုံးမပြုလိုတော့သဖြင့် လာရောက်စွန့်ပစ်သည့် သဘောဖြစ်နိုင်ကာ ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်းသို့ မေလ ၉ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မကွေးမြို့ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့သို့သွားရောက်ပြီး ဘိုးဘွားမိဘများ တည်ထားကိုးကွယ်ခဲ့သည့် သစ္စာအောင်၊ မေတ္တာအောင်၊ ပညာအောင် စေတီတော်သုံးဆူကို သံဃာတော် ၁၀၈ ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခြင်း၊ ဘုရားပရဝုဏ်အတွင်းရှိ ငြိမ်းချမ်းရေးတံခွန်တိုင်နှင့် ငြိမ်းချမ်းရေးခေါင်းလောင်းတော် ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာသို့ တက်ရောက်ခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *