ကျောက်တန်းပစ်ခတ်မှု ရခိုင်လွှတ်တော် စုံစမ်းလေ့လာမည်

ရန်ကုန်၊ မေ ၁၀

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် AA နှင့် ပတ်သက်သည်ဟု သံသယဖြင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် အရပ်သားများသေဆုံးမှုကို စုံစမ်းလေ့လာရန် ရခိုင်ပြည်နယ်လွှတ်တ်ာက တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမြသန်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး ပါဝင်သည့် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီကို မေလ ၈ ရက်နေ့က တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကော်မတီကို စပြီး လှုပ်ရှားခိုင်းလိုက်ပါပြီ”ဟု ဦးမြသန်းက ပြောဆိုသည်။

အဆိုပါကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မြင့် ဦးဆောင်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုးဦးပါဝင်သည့် အဖွဲ့သည် မေလ ၇ ရက်နေ့က ကျောက်တန်းကျေးရွာသို့ သွားရောက်ခဲ့ရာ သတင်းဖော်ပြချက်များ၊ တပ်မတော်ထုတ်ပြန်ချက်များနှင့် မြေပြင်အခြေအနေမှာ ကွဲလွဲနေသည်ဟု လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကျောက်တန်းဖြစ်ရပ်မှန်ကို သိနိုင်ရေးအတွက် စုံစမ်းလေ့လာရန် အဆိုပါကော်မတီကို လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးလိုက်ခြင်းဖြစ်ပြီး ယင်းကော်မတီတွင် ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားများလည်း ပါဝင်ကြောင်း ဦးမြသန်းက ဆက်လက်ပြောဆိုသည်။

ကော်မတီကို အချိန်ရက် ၃၀ ပေးထားပြီး ယင်းကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များကို အနီးစပ်ဆုံး ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စုံစမ်းလေ့လာရန် အချိန်တစ်လရသဖြင့် သင့်တော်သည့်အချိန်တွင် စုံစမ်းလေ့လာရေးကို စတင်မည်ဖြစ်ပြီး လက်ရှိတွင် မစတင်ရသေးကြောင်း လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဇော်ဇော်မြင့်က ပြောဆိုသည်။

တပ်မတော်သားများကို စစ်ဆေးမည်လောဆိုသည့် မေးခွန်းအပေါ် “အရပ်သားတွေပဲ စုံစမ်းမယ်။ လောလောဆယ်တော့ အဲဒီလောက်ပဲ စဉ်းစားထားပါတယ်”ဟု ၎င်းက ဖြေကြားသည်။

ကျောက်တန်းကျေးရွာတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ပတ်သက်ဆက်နွှယ်သူများ ဝင်ရောက်ပုန်းအောင်းနေသည်ဟု သံသယဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၃၀ ရက်နေ့တွင် အသက်၁၅ နှစ်နှင့် ၅၀ နှစ်ကြားရှိသည့် အမျိုးသား ၂၇၅ ဦးကို ကျေးရွာစာသင်ကျောင်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့သည်။

ယင်းနောက် မေလ ၂ ရက်နေ့ နံနက်၂ နာရီကျော်တွင် ပစ်ခတ်မှုဖြစ်သဖြင့် အရပ်သားခြောက်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။ ယင်းဖြစ်စဉ်ကို တပ်မတော်က ထုတ်ပြန်ရာတွင် ထိန်းသိမ်းထားသူများသည် လူစုလူဝေးဖြင့် ညာသံပေးအော်ဟစ်ကာ ရန်ပြုရန်လုပ်ဆောင်ပြီး လူအချို့က လက်နက်လုယူရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အခင်းဖြစ်နေရာတွင် ရှိခဲ့သည့် ဒေသခံအချို့ကမူ ယင်းနေ့တွင် လူအုပ်ဖြင့် ရန်မပြုသည့်အပြင် လက်နက်လုယူမှုလည်း မရှိခဲ့ကြောင်း၊ အော်ဟစ်နေသူ စိတ်ဝေဒနာရှင်တစ်ဦးကို ပစ်ခတ်ရာမှ အခြားလူများကို ထိမှန်ခြင်းဖြစ်ကြောင်း ပြောဆိုထားကြသည်။

အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မေလ ၃ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးထားသည်။    

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *