ဒုတိယအကြိမ် ကလေးအသည်းအစားထိုးမည်

ရန်ကုန်၊ မေ ၁၀

မြန်မာ-ဂျပန်ပူးပေါင်း၍ ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ပေးသွား  မည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာစုစုဒွေးက ပြောကြားသည်။

အဆိုပါအသည်းအစားထိုးခွဲစိတ်မှုကို ယခုနှစ်စက်တင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများပါဝင်သော Myanmar Liver  Transplant Team နှင့် ဂျပန်နိုင်ငံ Kyushu University Hospital မှ ဆရာဝန်ကြီးများပူးပေါင်းခွဲစိတ်မည်ဖြစ်ကြောင်း ဒေါက်တာစုစုဒွေးက ပြောကြားသည်။

မွေးရာပါသည်းခြေပြွန်မရှိသော အသက်ငါးနှစ်အရွယ် ကလေးကို မတ်လ ၁၇ ရက်က ရန်ကုန်ကလေးဆေးရုံကြီးတွင် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အစားထိုးခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ယင်းခွဲစိတ်မှုမတိုင်ခင်က ဂျပန်နိုင်ငံတွင် အသက်သုံးနှစ်အရွယ် မြန်မာ ကလေးငယ်တစ်ဦးကိုလည်း ခွဲစိတ်ပေးခဲ့ရာအောင်မြင်မှုရရှိခဲ့သည်။

“ ခွဲစိတ်ဖို့က ပိုက်ဆံလည်းလိုအပ်သလို နည်းပညာလည်းလိုအပ်ပါတယ်။ အမှန်အတိုင်းပြောရရင် အစ်မတို့ ခွဲစိတ်မှုတစ်ခုလုပ်ဖို့ဆိုရင် တော်တော်ကြီးကို အချိန်ယူ ပြင်ဆင်ရပါတယ်။ ရိုးရိုးခွဲစိတ်လူနာနဲ့ မတူဘူးပေါ့။ အသည်းပေးတဲ့သူက မိဘဆွေမျိုးမောင်နှမပေးတာ ဖြစ်ရမယ်။ ပေးနိုင်တဲ့ သူ ဟုတ်ရဲ့လားလို့ စစ်ရသေးတယ်။ ကျန်းမာပြီး အသည်းကောင်းနေဖို့ လိုတယ်” ဟု ဒေါက်တာစုစုဒွေးက ပြောကြားသည်။

အသည်းအစားထိုးကုသမှုခံယူရန်အတွက် ရွေးချယ်ရာတွင် မိဘများအနေနှင့် ကလေးကို ခွဲစိတ်မှုပြီးစီးပါကလည်း ဂရုတစိုက်စောင့်ရှောက်နိုင်ရမည်ဖြစ်သလို လိုအပ်သော ငွေကြေးထည့်ဝင်နိုင်ရန်နှင့် ရောဂါအခြေအနေအဆိုးဆုံးလူနာကို ဦးစားပေးရွေးချယ်ကြောင်း ဒေါက်တာ စုစုဒွေးကပြောကြားသည်။

မွေးရာပါသည်းခြေပြွန်မပါသော ကလေးများတွင် သိရှိနိုင်သော ရောဂါလက္ခဏာမှာ မွေးပြီးပြီးချင်းတွင် အသားဝါခြင်း၊ ဝမ်းအရောင်ဖြူနေခြင်းတို့ဖြစ်ပြီး စောစီးစွာသိရှိပါက အချိန်မီကုသနိုင်ရန် ဆေးရုံသို့ အမြန်ဆုံးလာရောက်ရန် လိုအပ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာယဉ်မာဦးက ပြောကြားသည်။

“ဝမ်းဖြူနေရင် သိရမယ်။ သည်းခြေပြွန်ချောင်းက သည်းခြေရည်မဆင်းရင် အသည်းက ကြွပ်လာတာပေါ့။ စောစောသိရင် စောစောလမ်းကြောင်း လွှဲတဲ့ခွဲစိတ်မှုကို လုပ်ထားရင် အသက်ရှင်မယ်”ဟု ဒေါက်တာယဉ်မာဦးက ပြောကြားသည်။

အသည်းအစားထိုးရန်အတွက် ရန်ကုန်ကလေးဆေးရုံကြီးတွင် တစ်နှစ်လျှင် စာရင်းပေး၍ စောင့်ဆိုင်းသူ ဦးရေ ၂၀ မှ ၃၀ ဦးအထိ ရှိနေကြောင်း အဆိုပါဆေးရုံထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *