ငရဲစကားတို့ ထပ်မံလွတ်လာခြင်း

ဓာတ်ပုံ - မိုးကျော်လွင်

ဗုဒ္ဓ၏ သာသနာတော်ပုံရိပ်ကို ကျဆင်းစေ၊ ညစ်နွမ်းစေသည်ဟု သံဃာတော်နှင့် လူများစွာက ရှုမြင်ကြသည့် မိန့်ကြားပြောဆိုမှုတို့ကို ဆရာတော် ဦးဝီရသူက ထပ်၍ထပ်၍ လုပ်ဆောင်လာပြန်သည်။

(ဦးဝီရသူ၏ လူထုမိန့်ကြားမှုများနှင့် ပတ်သက်၍ The Voice Weekly, Vol.13/No7 (၂၀၁၇ ခုနှစ်၊ မတ်လ ထုတ်) နှင့် Vol.15/ No.37 (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလထုတ်) တို့တွင် ဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။)

ပြီးခဲ့သည့်ရက်များက ရန်ကုန်နှင့် မြိတ်မြို့တို့တွင် ပြုလုပ်ခဲ့သည့် လူထုဟောပြောပွဲအခမ်းအနားများတွင် ရုန့်ရင်းသည့် မိန့်ကြားချက်များပါဝင်ခဲ့သလို တပ်မတော်သားများကို ဘုရားကဲ့သို့ ကိုးကွယ်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများသည် လူအများ၏ အမုန်းကိုခံယူကာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသလို လွှတ်တော်ထဲတွင်လည်း ဝင်ရောက်ထိုင်ပေးနေရကြောင်း၊ အချို့ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်လစာကို မရရှိဘဲ တပ်မတော်သားလစာသာရရှိကြောင်း မေလ ၅ရက် နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် အခြေခံဥပဒေထောက်ခံပွဲတွင် မိန့်ကြားခဲ့သည်။

“အမုန်းခံပြီး ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေကို ခင်ဗျားတို့ က ဘုရားလိုတောင် ကိုးကွယ်ရမယ်။ အခုဟာ ရန်သူလို မုန်းတီးနေကြတယ်။ ဒီလို အဆင့်မျိုးကြီးရောက်နေကတည်းက အခြေခံဥပဒေကိုပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ၎င်းက မိန့်ဆိုသည်။

ယင်းအပြင် ဧပြီလအတွင်းက တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့တွင် ပြုလုပ်သည့် လူထုဟောပြောမှုတွင်လည်း နိုင်ငံတော်အတိုင်ပင်ခံနှင့် လက်ရှိအစိုးရကိုရုန့်ရင်းကြမ်းတမ်းစွာ မိန့်ဆိုခဲ့သေးသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မိတ်ကပ်လိမ်းပြီး ဖက်ရှင်ကျစွာဝတ်ဆင်ကာ ဒေါက်မြင့်ဖိနပ်စီး၍ ကြော့ကြော့မော့မော့လျှောက်သွားရုံမျှသာ အရည်အချင်းရှိကြောင်း ညွှန်းဆိုမိန့်ကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့၊ မစိုးရိမ် (တိုက်သစ်) မှ နာယကဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူသည် ယင်းသို့ပြောဆိုမှုများကို အခွင့်အခါသင့်တိုင်းပြုလုပ်နေကျဖြစ်ပြီး အစိုးရက အရေးယူဆောင်ရွက်နိုင်ခြင်းလည်း မရှိခဲ့ပေ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လူမြင်ကွင်းတွင် တရားလွှတ်တော် ရှေ့နေဦးကိုနီကို အနီးကပ်လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ ၎င်းက ကောင်းချီးဩဘာပေးခဲ့သေးည်။

ယင်းလုပ်ကြံမှုကို ကျူးလွန်ခဲ့သည့် သေနတ်သမားကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့ကို ကျေးဇူးတင်ကြောင်း ၎င်း၏ အင်တာနက်လူမှုကွန်ရက်တွင် ၂၀၁၇ ခုနှစ်အတွင်းက ရေးသားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် အမုန်းစကားများဖြန့်ဝေသည်ဟုဆိုကာ Facebook ကုမ္ပဏီက ဦးဝီရသူ၏ Facebook  အကောင့်ကို အပြီးတိုင်ဖယ်ရှားခဲ့သည်။

အလားတူပင်အမျိုးသားရေးအတွက် သေနတ်ကိုင်တိုက်ပွဲဝင်ရန်အသင့်ရှိနေသည်ဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည့်စကားရပ်တို့ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့လယ်ကောင်၌ ပရိသတ်ပေါင်းထောင်နှင့် ချီ တက်ရောက်သည့် အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့သေးသည်။

“မင်းတို့အမေလိုတော့ အနမ်းနဲ့ ကြိုဆိုမှာ မဟုတ်ဘူးဗျ။ Gun (သေနတ်) နဲ့ ကြိုမှာ”ဟု အားမာန်အပြည့်ဖြင့် ၎င်းက မိန့်ဆိုလိုက်ချိန်တွင် ထောက်ခံသူပရိသတ်၏ ဩဘာသံတို့ကလည်း သောသောညံသွားခဲ့ကြသည်။

ရဟန်းတော်တစ်ပါးအနေနှင့် သေနတ်ကိုင်တိုက်ပွဲဝင်မည်ဟု ပြောဆိုမှု၊ လုပ်ကြံသတ်ဖြတ်သူများကို ကောင်းချီးပေးမှုတို့သည် ဗုဒ္ဓဘာသာအတွက် မျက်နှာပျက်ဖွယ်ဖြစ်ကြောင်း ရဟန်းတော်များအပါအဝင် စောင့်ကြည့်သူများက ဝေဖန်ခဲ့ကြသည်။

ယင်းအပြင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအနေနှင့် ဘာသာခြားနှင့် လက်ထပ်မည့်အစား ခွေးကို လက်ထပ်ယူရန်ဟူ၍လည်း ပြောဆိုခဲ့ဖူးသေးသည်။

ဦးဝီရသူ၏ပြောဆိုချက်များနှင့် ပတ်သက်၍ အပြစ်ရှိ မရှိ၊ အရေးယူသင့် မသင့် ဆုံးဖြတ်ပေးရန်အတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံသို့လည်း တက်ကြွလှုပ်ရှားသူအချို့စုပေါင်း၍ တင်ပြခဲ့ကြဖူးသည်။

သို့သော် ဦးဝီရသူသည် ရပ်တန့်၍ မသွားခဲ့ပေ။

မေလ ၅ ရက်နေ့ဟောပြောမှုအပြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနှင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။

ဦးဝီရသူကို အမှုဖွင့်အရေးယူနိုင်ရန် အမှုတည်ဆောက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြည်တွင်းသတင်းဌာနတစ်ခုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ယင်းအပြင် ယင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများကလည်း ခိုင်မာသည့် သက်သေအထောက်အထားများ စုဆောင်းလျက်ရှိပြီး မကြာခင်တွင် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း မီဒီယာများသို့ ထပ်ဆင့်အသိပေးခဲ့သည်။

ယနေ့အထိယင်းကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း The Voice Journal က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ထိုအတိုင်းသာ ပြန်လည်ဖြေဆိုသည်။

ဦးဝီရသူ၏ပြုမူမိန့်ဆိုမှုများသည် သာသနာကို ညစ်နွမ်းစေပြီး ပုံရိပ်ကျဆင်းစေကြောင်း ရဟန်းတော်အချို့ကလည်း ဝေဖန်ထောက်ပြထားသလို အရေးယူမှုမပြုခြင်းအတွက်လည်း မေးခွန်းထုတ် လျက်ရှိသည်။

သိမ်မွှေ့မှုအရာတွင် ထိပ်ဆုံးကရှိနေသည့် ဗုဒ္ဓ၏ တပည့်ရဟန်းတော်တစ်ပါးအနေနှင့် ဆရာနှင့် ပြောင်းပြန် ကြမ်းတမ်းသည့်စကားတို့ကို လူမြင်ကွင်းတွင်အကြိမ်ကြိမ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သက်ဆိုင်ရာအရေးယူရန် ပြင်ဆင်လာမှုအပေါ် ဦးဝီရသူကိုယ်တိုင်ကလည်း ကြိုတင်ပြင်ဆင်ထားပုံပြလေသည်။

ရုရှားအခြေစိုက် VK လူမှုကွန်ရက်တွင် ၎င်းက မေလ ၉ ရက်နေ့တွင် ဗီဒီယိုတစ်ခုကို ရိုက်ကူးလွှင့်တင်လိုက်သည်။

မန္တလေးမြို့၊ မစိုးရိမ်(တိုက်သစ်) ရှိ ၎င်း၏ ကျောင်းဆောင်ဖြစ်သည့် ဓမ္မသဟာယကျောင်းရှေ့ ညအမှောင်ထဲတွင် ဖယောင်းတိုင်ကို လက်တစ်ဖက်က ကိုင်၍ ဦးဝီရသူက ယခုလိုမိန့်ဆိုထားသည့် ရုပ်သံမှတ်တမ်း ဖြစ်သည်။

“ဦးဇင်းဦးဝီရသူ ဒီကနေ့ လုပ်နေတာတွေ အကုန်လုံးဟာ ငွေရေးကြေးရေးမပါပါဘူး၊ အပေးအယူ လုံးဝမရှိပါဘူး။ ယုံကြည်ချက်သက်သက်နဲ့ အလုပ်လုပ်နေတာပါ။ ဝီရသူဆိုတာ ထောင်ကို မကြောက်၊ အမှောင်ကိုသာ ကြောက်တဲ့ လူစားမျိုးဆိုတာ နောင်တစ်ချိန်မှာ သမိုင်းတွင်ကျန်ခဲ့ပါလိမ့်မယ်။ ဒီကနေ့ အမျိုးသားရေးလုပ်နေတာဟာ ဘယ်သူ့ဘယ်သူကိုမှ အကောက်မကြံဖူးသေးပါဘူး။ ဒုစရိုက်ကို အင်မတန် ကြောက်ပါတယ်။ အကုသိုလ်ကို အင်မတန် ကြောက်ပါတယ်။ ဒါပေမဲ့ ထောင်ကို မကြောက်တမ်း၊ လက်ထိပ်ကို မကြောက်တမ်းတရားတွေ ဟောနေတယ်ဆိုတာ အမျိုးသားရေးယုံကြည်ချက်သက်သက်ပါပဲ” ဟု ၎င်းက ဆိုသည်။

အမျိုးဘာသာသသနာအတွက်သာ အလုပ်လုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတိုင်းတစ်ပါးသားလက်အောက်သို့ မကျရောက်စေရန် ဖယောင်းတိုင်ကမ်ပိန်းလုပ်ကာ စကားပြောဆိုရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းရုပ်သံမှတ်တမ်းသည် အချိန်တစ်မိနစ်ခွဲဝန်းကျင်သာကြာမြင့်ပြီး ယင်းသို့မိန့်ဆိုမှုအပြီးတွင် လက်ဖျောက် တစ်ချက်တီးလိုက်သေးသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *