သီချင်းတီးရင်း ကမ္ဘာကျော် ဇာတ်ကောင်ရုပ်များကို ဆေးခြယ်သူ

လေအေးပေးစက်ဖွင့်ထားသည့် အခန်းထဲသို့ ဝင်လိုက်သည်နှင့် Sound Box အပေါ်ရှိ DC ကောမစ်ကုမ္ပဏီ၏ နာမည်ကျော်ဗီလိန်ဇာတ်ကောင် ဂျိုကာအရုပ်က ဝင်လာသူမှန်သမျှကို အန္တရာယ်ပေးတော့မည့်ပုံစံဖြင့် ခပ်စိမ်းစိမ်းစိုက်ကြည့်နေသည်။

သို့သော်အရုပ်က သိပ်မကြီး။ ၁၂ လက်မခန့်သာ အမြင့်ရှိသည်။

ယင်းအရုပ်၏ ဘယ်ဘက်စားပွဲပေါ်တွင်မူ ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုပုံစံတူ တစ်လက်မကျော်အရွယ် အရုပ်ခေါင်းနှင့် Marvel ကောမစ်ကုမ္ပဏီ ဇာတ်ကောင် Wolverine အရုပ်တို့ ရှိနေသည်။

စားပွဲသည် ဆေးခြယ်သည့် စုတ်တံ၊ ကော်ဘူး၊ မီးအိမ်၊ ဓာတုဗေဒဆေးအရည်အချို့ထည့်ထားသည့်ဘူးများ၊ တိရစ္ဆာန်အမွေးအချို့၊ အရုပ်အချို့တို့ဖြင့် အနည်းငယ် ရှုပ်ပွနေသည်။

အခန်းအတွင်းတွင် ကွန်ပျူတာ၊ လက်ပ်တော့တစ်လုံး၊ သီချင်းသံစဉ်တီးသည့်ကီးဘုတ်နှင့် ဂစ်တာနှစ်လက်ရှိပြီး ကွန်ပျူတာ၏အပေါ်ဘက်နံရံတွင် သမင်ချိုအရိုးခေါင်းနှစ်ခုကို ချိတ်ဆွဲထားသည်။

အဆိုပါအခန်းမှာ Hip Hop သံစဉ်တီးလုံးများတီးပြီး အားလပ်ချိန်တွင် အရုပ်များလုပ်သည့် အသက် ၂၈ နှစ်အရွယ် Rapper တစ်ဦး၏ အခန်းဖြစ်သည်။ သူ့အမည်မှာ ဟိန်းထက်ဖြစ်ပြီး ရင်းနှီးသည့် သူငယ်ချင်းများက သူ့ကို လုံးလုံးဟု ခေါ်ကြသည်။

ပစ္စည်းကိရိယာမျိုးစုံရှိနေသည့် ယင်းအခန်းထဲ၌ပင် သီချင်းတီးလုံးများတီးရင်း အရုပ်များကိုလည်း သူဖန်တီးလျက်ရှိသည်။

“ကျွန်တော့်အလုပ်က Music ရှိမယ်။ နောက်တစ်ခုက အရုပ်လုပ်တာရှိတယ်။ အဲဒီနှစ်ခုပဲ အဓိကလုပ်တယ်” ဟု ကိုဟိန်းထက်က ခပ်အေးအေးပြောဆိုသည်။

တနင်္လာမှ သောကြာနေ့အထိ Turning Table Myanmar ဆိုသည့် ဂီတဆိုင်ရာ NGO အဖွဲ့တွင် Music Producer အလုပ်ကို လုပ်ကိုင်ပြီး ရုံးဆင်း၍ အိမ်ပြန်ရောက်သည်နှင့် ဝါသနာပါသည့် သီချင်းတီးခြင်း၊ အရုပ်လုပ်ခြင်းတို့ကို သူ လုပ်ကိုင်လေသည်။

ကိုဟိန်းထက်လုပ်သည့် အရုပ်များသည် Polymer Clay ဆိုသည့် ဓာတုဗေဒပစ္စည်းတစ်မျိုးဖြင့်လုပ်သည့် အရုပ်များဖြစ်သည်။

လက်ရှိတွင် အရုပ်များကို ကိုယ်တိုင်ပြုလုပ်ခြင်းထက် ဆေးခြယ်ခြင်း၊ ဆံပင်တပ်ခြင်း စသည့်အလုပ်ကို ပိုမိုလုပ်ကိုင်ဖြစ်ကြောင်း ကိုဟိန်းထက်က ပြောသည်။

အရုပ်တွင် ခေါင်းပြုလုပ်ရခြင်းသည် အဓိကအရေးကြီးပြီး အကြမ်းထည်အရုပ်ခေါင်းများကို ဆေးခြယ်ပေးရန်နှင့် ဆံပင်တပ်ပေးရန် အီတလီနိုင်ငံမှ အရုပ်ဝါသနာရှင်အချို့က သူ့ထံ အလုပ်အပ်ထားပြီ ဖြစ်သည်။

“လက်ရှိက နိုင်ငံခြားကနေ ခေါင်းပို့လိုက်တယ်။ အဲဒါကို ကျွန်တော်က ဆေးခြယ်ပြီး ပြန်ပို့ပေးပေါ့။ အဲဒီဟာ အပ်ထားတာ သုံးခေါင်းရှိတယ်။ ရောင်းပြီးသွားတာက နှစ်ခေါင်းလောက်ရှိတယ်။ အဲဒါက ဆေးခြယ်တာရော၊ ဆံပင်တပ်တာရော အဲဒါတော့ ရောင်းထားတယ်” ဟု ၎င်းက ဆိုသည်။

အရုပ်ခေါင်းတစ်ခုကို ဆံပင်တပ်ခြင်းအပါအဝင် ဆေးခြယ်ခြင်းများပြုလုပ်ရပါက လက်ခအနေနှင့် အမေရိကန် ဒေါ်လာ ၃၀၀ ဝန်းကျင်ခန့်ယူကြောင်း ကိုဟိန်းထက်က ပြောသည်။

အရုပ်တစ်ခုဖြစ်ပေါ်ရန် ကိုယ်တိုင်ပန်းပုထုပြီး ဆေးခြယ်၊ ဆံပင်တပ်ကာ အင်္ကျီချုပ်၍ ဝတ်ဆင်ပေးရသည့် လုပ်ငန်းစဉ်များရှိပြီး ယင်းလုပ်ငန်းစဉ်အစအဆုံး ကိုယ်တိုင်လုပ်ထားသည့်အရုပ်မှာ ဂျိုကာအရုပ်တစ်ရုပ်သာ ရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

ဂျိုကာအရုပ်မှာ အရုပ်လုပ်ရန် ကြိုးစားခဲ့သည့် ကာလတစ်လျှောက်တွင် ပထမဆုံးဖြစ်မြောက်ခဲ့သော အရုပ်ဖြစ်သဖြင့် ပုံတူပွားခြင်း ၊ ရောင်းချခြင်းမပြုဘဲ အမှတ်တရအဖြစ် သူသိမ်းထားလေသည်။

အရုပ်လုပ်ခြင်းကို ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အရုပ်လုပ်ခဲ့သည်မှာ ၂ နှစ်ကျော်လာပြီဖြစ်သည်။

ရုပ်ရှင်ဇာတ်ကောင်အရုပ်များကို ကိုဟိန်းထက် စတင်ပြုလုပ်ဖြစ်ပုံမှာ အနည်းငယ် ထူးဆန်းသည်။

၎င်းမှာအားလပ်ချိန်များတွင် နိုင်ငံခြားရုပ်ရှင်များကို ကြည့်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကောင်အရုပ်များကို ၁၀ ကျော်သက်အရွယ်ကပင် စုဆောင်းချင်ခဲ့သည်။

ထို့ကြောင့်အရုပ်များကို ကိုယ်တိုင်ဝယ်ယူစုဆောင်းပြီး အခြားအရုပ်ဝါသနာရှင်များကို အရုပ်များ ပြန်လည်ရောင်းချရန် ရည်ရွယ်ကာ ပန်းပုဆရာ၊ ပန်းချီဆရာနှင့် အင်္ကျီချုပ်သူအချို့ထံ ချဉ်းကပ်၍ အလုပ်အပ်ခဲ့သော်လည်း လက်မခံဘဲ ငြင်းဆန်ခံခဲ့ရသည်။

“သူတို့က သေးသေးလေးလေးတွေကို မလုပ်ချင်တော့ဘူး။ ဆီလီကွန်တွေလုပ်တဲ့ ဆရာတစ်ယောက်လည်း ငြင်းလိုက်တယ်။ နောက်ဆုံး လိုက်ပြောနေလည်း မထူးဘူးဆိုပြီး ကိုယ့်ဟာကိုယ်လုပ်တာ။ စလုပ်တဲ့ခေါင်းတွေကတော့ လွဲတာပေါ့။ နောက်ပိုင်းကျတော့ ဒီဂျိုကာခေါင်းထွက်လာတယ်” ဟု ၎င်းက ဆိုသည်။

အရုပ်လုပ်နည်းကို You Tube တွင်ကြည့်ခဲ့ပြီး Messenger မှတစ်ဆင့် နိုင်ငံတကာမှ အရုပ်ကျွမ်းကျင်သူများကို မေးမြန်းကာ သူကိုယ်တိုင်စမ်းသပ်လုပ်ကိုင်ခဲ့သည်။

လုပ်ပြီးသား အရုပ်အတွက် အင်္ကျီချုပ်သည့်ဆိုင်များတွင် အဝတ်အစားသွားအပ်သည့်အခါများ၌လည်း အချို့ဆိုင်ရှင်များက စနောက်ကြပြန်သည်။

“အင်္ကျီချုပ်ဆိုင်ကို သွားပြရင် အရုပ်သေးသေးလေးဆိုပြီး ရယ်ကြတယ်။ နောက်တဲ့လူတွေရှိတယ်။ သူတို့ ဘာလို့နောက်လဲတော့ မသိဘူး။ သူတို့က အရမ်းထူးဆန်းတဲ့ အမြင်ကြီးနဲ့ အရုပ်လေးက သေးသေးလေးပေါ့။ မလုပ်ဘူးဆိုပြီး ပြန်လွှတ်တဲ့သူတွေလည်း အများကြီးပဲ” ဟု ကိုဟိန်းထက်က သူ့အတွေ့အကြုံကို ပြောပြသည်။

ကိုဟိန်းထက်၏ ဖခင်မှာ ပန်းချီဆရာတစ်ဦးဖြစ်သဖြင့် ဆေးခြယ်သည့်ဘက်တွင် အားသန်သောကြောင့် လက်ရှိတွင် အရုပ်ခေါင်းများ ဆေးခြယ်ခြင်းကို သူ ပိုမိုလုပ်ကိုင်ဖြစ်သည်။

“ကျွန်တော်က ပန်းပုသမားမဟုတ်တော့ အဲဒါ အားနည်းတယ်။ ဆေးခြယ်တဲ့ဘက်ကို သေသေချာချာလေ့လာလိုက်တယ်။ ဆေးကို ဘယ်လိုသုံးလဲ။ ဒါပေမဲ့ မရသေးဘူး။ နိုင်ငံခြားကဆရာကြီးတွေလုပ်တာက တော်တော်မိုက်တယ်။ လိုက် လေ့လာနေရတုန်းပဲ။ အမြဲတမ်း ဗီဒီယိုပြန်ပြန်ဖွင့်ပြီး လုပ်နေရတုန်းပဲ” ဟု ကိုဟိန်းထက်က ပြောသည်။

လက်ရှိတွင် အရုပ်ခေါင်းများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူစုဆောင်းပြီး ဆေးခြယ်ပြင်ဆင်ကာ ပြန်လည်ရောင်းချခြင်း၊ ဆေးခြယ်ရန် လာအပ်သော အရုပ်ခေါင်းများကို လက်ခယူကာ ပြန်လည်ပေးပို့ခြင်းများ ကိုဟိန်းထက် လုပ်ကိုင်ဖြစ် သည်။

အရုပ်ခေါင်းဆေးခြယ်ပေးရန် ပြည်ပနိုင်ငံများမှ အလုပ်အပ်သည်များကိုသာ လက်ခံလုပ်ကိုင်ပေးနေရပြီး ပြည်တွင်းမှ အလုပ်အပ်မှုမှာမူ မရှိသေးပေ။

အရုပ်ဆေးခြယ်သည့် အလုပ်ဖြင့် တစ်လခြား သို့မဟုတ် နှစ်လခြားလျှင် အမေရိကန် ဒေါ်လာ ၂၀၀ ကျော်ခန့် ပုံမှန်ဝင်ငွေရကြောင်း ၎င်းကဆိုသည်။

သို့သော် ယင်းဝင်ငွေများကို အရုပ်လုပ်ခြင်းနှင့် ဆေးခြယ်ခြင်း ဆက်စပ်သည့် ပစ္စည်းကိရိယာများ ဝယ်ယူရာတွင် အသုံးပြုဖြစ်ပြီး အရုပ်လုပ်သည့်အလုပ်အတွက် ကုန်ကျထားသည့် ရင်းနှီးငွေမှာ ငွေကျပ် ၁၀ သိန်း ကျော်သွားပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သီချင်းသံစဉ်တီးလုံးများတီးကာ အားလပ်ချိန်တွင် အရုပ်များလုပ်ရခြင်းကြောင့် ကိုဟိန်းထက်မှာ စိတ်ချမ်းသာနေပုံရသည်။

လက်ရှိ ဘ၀အခြေအနေသည် ဝါသနာပါသည့် အလုပ်များကို လုပ်ကိုင်ကာ ဘ၀ရပ်တည်နေနိုင်သဖြင့် ဘ၀ဖြစ်တည်မှုကို ကျေနပ်ကြောင်း ကိုဟိန်းထက် က ပြောသည်။

“တခြားအလုပ်တွေ ထွက်လုပ်ရတုန်းကလည်း အဆင်မပြေဘူး။ ပစ္စည်းပို့တာတို့ ဘာတို့ဗျာ။ ကျွန်တော်က အဲဒီအလုပ်တွေနဲ့ အဆင်ပြေတဲ့လူလည်း မဟုတ်ဘူးလေ။ အခုမှပဲ ဘ၀က အဆင်ပြေသွားတာ” ဟု ၎င်းကဆိုသည်။

Music Producer အလုပ်မှ ဝင်ငွေအထိုက်အလျောက်ရနေကာ Hip Hop သံစဉ်တီးလုံးများတီး၍ ဝင်ငွေရနေပြီး အရုပ်လုပ်သည့်အလုပ်လည်း အဆင်ပြေနေခြင်းကို ရည်ရွယ်ကာ ကိုဟိန်းထက်က ထိုသို့ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ကိုဟိန်းထက်၏ အထက်တန်းကျောင်းနေဖက်သူငယ်ချင်းဖြစ်ပြီး ပညာရေးဆိုင်ရာ NGO တစ်ခုတွင် Junior Communication Officer အဖြစ် အလုပ်လုပ်ကိုင်နေသည့် ကိုနိုင်လင်းအောင်ကလည်း ၎င်း၏ သူငယ်ချင်း ယခုကဲ့သို့ လုပ်ချင်ရာ လုပ်ခွင့်ရ၍ စိတ်ချမ်းသာနေသည်ကို ဝမ်းသာနေလေသည်။

ကိုဟိန်းထက် အရုပ်များလုပ်နေသည်ဟုသိစဉ်ကမူ သာမန်မြင်နေကျ ကလေးကစားသည့် အရုပ်များလုပ်နေသည်ဟုသာ တွေးမိခဲ့ပြီး ကိုဟိန်းထက်ကိုယ်တိုင်လုပ်ထားသည့်အရုပ်များ မြင်တွေ့မှသာ သူအံ့ဩမိသွားသည်။

“မြင်လိုက်တဲ့အချိန်မှာ လုံးဝအကြမ်းကြီးတွေပေါ့။ ထင်မထားတဲ့ ပုံစံမျိုးတွေ။ ရုပ်ရှင်ဇာတ်ကောင်တွေ ပါတယ်ဗျာ။ ကာတွန်းမှာဆိုလည်း ဇာတ်ကောင်တော်တော်များ သူလုပ်နိုင်တယ်ဆိုတော့ သူ့ကို နည်းနည်း အထင်တော့ကြီးသွား တယ်” ဟု ၎င်းကဆိုသည်။

ကိုဟိန်းထက်၏ မိဘများသည်လည်း သီချင်းတီးလုံးများတီးခတ်ခြင်းနှင့် အရုပ်လုပ်ကိုင်ခြင်းကို မကန့်ကွက်ဘဲ ပံ့ပိုးအားပေးခဲ့ကြကြောင်း ကိုနိုင်လင်းအောင် က ပြောသည်။

“ကျွန်တော်တို့ဆီမှာကဗျာ ဒါပဲလုပ်ရမယ်။ ဒီဘောင်ထဲမှာပဲနေ။ ဒီစာပဲ ကျက်။ ကျန်တာတွေဘာမှ ခေါင်းထဲမထည့်နဲ့ အဲလိုပုံစံမျိုး။ သူ့မိဘတွေကျတော့ အဲလို မဟုတ်ဘူး။ ဖြစ်ချင်တဲ့ ပုံစံမျိုးကို Supporting ပေးတာတွေ့ရတယ်။ သူ့ အလုပ်အတွက် အထောက်အကူဖြစ်စေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သီချင်းသံစဉ်တီးလုံးများ တီးပြီး ရုပ်ရှင်ဇာတ်ကောင်အရုပ်များလုပ်သည့် ကိုဟိန်းထက်ကမူ သူ၏ အနုပညာအလုပ်များနှင့်ပတ်သက်၍ အနာဂတ်တွင် ရည်မှန်းထားသည့် ဘ၀ဖြတ်သန်းမှုပုံစံတစ်မျိုး အသေအချာရှိနေသည်။

သူ့အနာဂတ်အတွက်လည်း ယခုကဲ့ သို့ပြောသည်။

“ဂီတနဲ့ပတ်သက်ရင် စတူဒီယိုဖွင့်မယ်။ တီးလုံးပဲ တီးမယ်ပေါ့။ အရုပ်နဲ့ ပတ်သက်ပြီး 3D Printer စက်တွေဝယ်မယ်။ ကိုယ်လိုချင်တဲ့ Character တစ်နှစ်လုံးမှာ တစ်ရုပ်ဖြစ်ဖြစ် နှစ်ရုပ်ဖြစ်ဖြစ်ထုတ်မယ်။ Pre Order နဲ့ရောင်း ဒါမှမဟုတ်လည်း Custom လာအပ်တဲ့လူတွေကိုလည်း ဆွဲပေး အဲ့လိုပဲ ဖြတ်သန်းသွားမယ်ပေါ့” 

 

ဇင်လင်းထက်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *