၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

‘လူတိုင်းအတွက်’ ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြမလဲ

ဝင်ငွေပေးအပ်သည့် ပုံစံနှင့်ဖြစ်စေ၊ ဝန်ဆောင်မှုများ ပေးအပ်သည့် ပုံစံနှင့်ဖြစ်စေ လူတိုင်းအတွက် အခြေခံအထောက်အပံ့ဟုဆိုရာတွင် များသောအားဖြင့် ဆိုလိုသည်မှာ နိုင်ငံလုံးဆိုင်ရာ အခြေခံအထောက်အပံ့ ဖြစ်သည်။ ယနေ့အချိန်အထိ လူတိုင်းအတွက် အခြေခံဝင်ငွေပေးအပ်သည့် အစီအမံများမှာ နိုင်ငံအလိုက် သို့မဟုတ် မြူနီစပယ်အလိုက်သာ ဆောင်ရွက်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၀၁၇ တွင် ဖင်လန်နိုင်ငံ၌ အလုပ်လက်မဲ့ နိုင်ငံသား ၂၀၀၀ ကို တစ်လ ယူရို ၅၆၀ ပေးအပ်သည့် စမ်းသပ်စီမံကိန်းတစ်ခုကို ၂ နှစ်တာ စမ်းကြည့်ခဲ့သည်။ ယင်းစီမံကိန်းမှာ သူတို့ အလုပ်ရှာသည်ဖြစ်စေ၊ အလုပ်မရှာသည်ဖြစ်စေ ပေးအပ်ခြင်းဖြစ်သည်။ အလားတူ စမ်းသပ်စီမံကိန်းများကို ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်၊ အီတလီနိုင်ငံရှိ လီဗော်နိုမြို့နှင့် နယ်သာလန်နိုင်ငံမြို့အတော်များများတွင် ဆောင်ရွက်လျက် ရှိသည်။ (၂၀၁၆ တွင် ဆွစ်ဇာလန်နိုင်ငံ၌ နိုင်ငံလုံးဆိုင်ရာ အခြေခံဝင်ငွေပေးအပ်ရေး စီမံချက်တစ်ခုစတင်ရန် ဆန္ဒခံယူပွဲ ကျင်းပခဲ့သော်လည်း မဲဆန္ဒရှင်များက ကန့်ကွက်မဲပေးခဲ့ကြသည်။)

သို့တစေ ထို့သို့ နိုင်ငံလုံးဆိုင်ရာ စီမံချက်များနှင့် မြူနီစပယ် စီမံချက်များ၏ အားနည်းချက်မှာ အလိုအလျောက် လုပ်စက်များကြောင့် ဒဏ်ခံရမည့်သူအများစုမှာ အဆိုပါ ဖင်လန်နိုင်ငံတို့၊ အွန်တာရီယိုပြည်နယ်တို့၊ လစ်ဗာနိုမြို့၊ အမ်စတာဒမ်မြို့ စသည့်နေရာများကသူများ မဟုတ်ကြပေ။ ဂလိုဘယ်လ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့် နိုင်ငံတစ်နိုင်ငံရှိ လူအများမှာ အခြားနိုင်ငံများရှိ ဈေးကွက်များကို လုံးလုံးမှီခိုရသည်။ သို့သော် အလိုအလျောက်လုပ်စက်များက ယင်းကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အချိတ်အဆက်အများအပြားကို ပျက်စေပြီး အားအနည်းဆုံးနေရာများကို ဒုက္ခရောက်ကောင်း ရောက်စေနိုင်သည်။ နှစ်ဆယ်ရာစုတွင် သယံဇာတမထွက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် ၎င်းတို့၏ အလုပ်ကြမ်းသမားများ၏ ဈေးပေါသော လုပ်အားကိုရောင်းချ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရသည်။ ယနေ့ခေတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သန်းချီသော အလုပ်သမားများမှာ အထည်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်နေပြီး ယင်းတို့ကို အမေရိကန်နိုင်ငံရှိ ဝယ်သူ (Customer) များထံ ရောင်းချရသည်။ ထို့အတူ ဘင်္ဂလောမြို့ရှိ လူများမှာလည်း အမေရိကန်ဝယ်သူများ၏မေးခွန်းများကို ဖြေပေးရသော Call Center များတွင် အလုပ် လုပ်ပြီး အသက်မွေးဝမ်းကျောင်းနေရသည်။

သို့သော် 3-D ပရင်တာများ၊ စက်ရုပ်များနှင့် AI ထိပ်တန်းရောက်လာသည်နှင့်အမျှ ဈေးချိုသော ကျွမ်းကျင်မှုမရှိသော အလုပ်သမားများ၏ လုပ်အားမှာ အသုံးဝင်မှု နည်းလာနိုင်သည်။ ဒက္ကာတွင် အင်္ကျီချုပ်ပြီး အမေရိကန်ထိ သင်္ဘောဖြင့်ပို့မည့်အစား Amazon မှ အင်္ကျီတစ်ထည်၏ ကုတ်နံပါတ်ကို အွန်လိုင်းမှဝယ်ယူ၍ နယူးယောက်တွင် အင်္ကျီကို 3-D ပရင်တာဖြင့် ထုတ်လိုက်နိုင်သည့် အခြေအနေရောက်လာနိုင်သည်။ Fifth Avenue လမ်းမကြီးရှိ Zara နှင့် Prada ဆိုင်ကြီးများကိုလည်း ဘရွတ်ကလင်းရှိ 3-D ပရင့်ထုတ်သည့်စင်တာများက အစားထိုးကောင်း အစားထိုးသွားနိုင်သည်။ အချို့လူများတွင် ကိုယ်ပိုင် 3-D ပရင်တာများပင် ပိုင်ကြမည့် အခြေအနေမျိုးပင် ဖြစ်နိုင်သေး၏။ တစ်ချိန်တည်းမှာပင် ဘင်္ဂလောမြို့ရှိ Customer Service များကိုဖုန်းခေါ်ပြီး မိမိ၏ 3-D ပရင်တာအကြောင်း စောဒကတက်မည့်အစား Google Cloud ထဲမှ AI ကိုယ်စားလှယ်ကို မိမိသိလိုသမျှ မေးမြန်းနိုင်သည်ဆိုတာမျိုးလည်း ဖြစ်လာနိုင်ချေသေး၏ (ယင်း AI ကိုယ်စားလှယ်၏ လေယူလေသိမ်း၊ ပြောပေါက်ဆိုပေါက်ကို စာဖတ်သူစိတ်ကြိုက် ချိန်ညှိထားနိုင်သေးဦးမည်ဟူ၏)။ ဒက္ကာမြို့နှင့် ဘင်္ဂလောမြို့ရှိ ပူပူနွေးနွေး အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများနှင့် Call Center အော်ပရေတာများမှာ ဖက်ရှင်မိုက်သည့် အင်္ကျီများ ဒီဇိုင်းဆွဲရန်နှင့် ကွန်ပျူတာကုတ်များရေးသည့် အလုပ်ပြောင်းလုပ်ရန်ဆိုတာမျိုးအတွက် လိုအပ်သည့်ပညာရေး ရှိမည်မဟုတ်ချေ။ သည်လိုဆိုလျှင် သူတို့ ဘယ်လို ဘ၀ရပ်တည်ကြပါမည်နည်း။

AI နှင့် 3-D ပရင်တာများက ဘင်္ဂလားဒေ့ရှ်နှင့် ဘင်္ဂလောမှလူများကို အမှန်တကယ် အစားထိုးသွားမည်ဆိုကြပါစို့။ တောင်အာရှသို့စီးဆင်းနေသည့် ငွေကြေးအရင်းအနှီးများမှာ ကယ်လီဖိုးနီးယားရှိ လက်တစ်ဆုပ်စာ နည်းပညာလုပ်ငန်းကြီးများ၏ အိတ်ထဲရောက်သွားမည် ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာတစ်လွှား လူနေမှုအဆင့်အတန်းများ တိုးမြင့်လာစေမည်ဆိုတာမျိုးအစား ဆီလီကွန်တောင်ကြား (Silicon Valley) ကဲ့သို့သော နည်းပညာမြင့်နေရာများမှာသာ သူဌေးကြေးပင့်သလို ပိုကျိကျိတက် ချမ်းသာလာကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား ပြိုလဲသည့်အဖြစ်နှင့် ကြုံကောင်းကြုံရဖွယ် ရှိလေသည်။

အချို့သော စီးပွားရေးတိုးတက်လာနေသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့လိုနိုင်ငံများမှာ အချိန်မီလျင်လျင်မြန်မြန်ဖွံ့ဖြိုးလာပြီး အရှုံးနှင့်ရင်ဆိုင်စရာမလိုသည့်အနေအထားမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အချိန်လုံလောက်စွာရပါက အထည်ချုပ်အလုပ်သမားများနှင့် Call Center အော်ပရေတာများ၏ သားသမီး မြေးမြစ်များမှာ ကွန်ပျူတာများ၊ 3-D ပရင်တာများ ပိုင်သည့်၊ တည်ဆောက်သည့် အင်ဂျင်နီယာများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်လာနိုင်သေးပါသည်။ သို့သော် ယင်းကဲ့သို့ အသွင်ကူးပြောင်းရန်အချိန်မှာ နည်းလာပြီဖြစ်ပါသည်။ ယခင်ကမူ ဈေးချိုသော၊ ကျွမ်းကျင်မှုမလိုသော လုပ်သားများ၏ လုပ်အားကို တံတားအဖြစ်အသုံးချ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရယူကာ ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးကွာခြားချက်ကို ကျော်လွှားနိုင်ခဲ့သည်။ နိုင်ငံတစ်ခု၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေသည်ဆိုဦးတော့၊ တစ်ချိန်တွင် လုံခြုံသည့်အခြေအနေသို့ ရောက်ရန် မျှော်လင့်နိုင်သေးသည်။ လျှင်မြန်စွာ တိုးတက်မှုရရန်ထက် ခြေလှမ်းမှန်မှန်လှမ်းနိုင်ရန်က ပိုအရေးကြီးခဲ့သည်။ သို့သော် ယခုအခါ ယင်းတံတားမှာ လှုပ်ခါနေပြီဖြစ်ပြီး မကြာခင် ကျိုးပျက်သွားနိုင်သည်။ ဈေးသက်သာသောလုပ်အားကို အသုံးချသည့် အခြေအနေမှ မြင့်မားသောကျွမ်းကျင်မှုကို အသုံးချနေသည့် စီးပွားရေးအဖြစ် ပြောင်းလဲပြီးသောနိုင်ငံများမှာ ယင်းတံတားကို ဖြတ်ကျော်ပြီးဖြစ်ပြီး ယင်းတို့မှာ အဆင်ပြေကောင်း အဆင်ပြေနိုင်သည်။ သို့သော် နောက်ကျကျန်နေသည့် နိုင်ငံများမှာ ချောက်နက်ကြီး၏တစ်ဖက်ကမ်းတွင် ကျန်ခဲ့နိုင်ပြီး တစ်ဖက်ကမ်းသို့ကူးရန် လုံးလုံးနည်းမရှိသည့်အဖြစ်ကို ကြုံကောင်းကြုံရနိုင်သည်။ မိမိနိုင်ငံတွင်ရှိသော ဈေးချိုသည့်၊ ကျွမ်းကျင်မှုမရှိသည့် လုပ်သားအင်အားကို ဘယ်သူကမှ မလိုအပ်တော့သောအခါ၊ တစ်ဖန် ကိုယ့်မှာကလည်း အလုပ်သမားများကို ကျွမ်းကျင်မှုအသစ်များ သင်ပေးရန်လိုသည့် ပညာရေးစနစ်ကို တည်ဆောက်ဖို့ရာ အရင်းအမြစ်များမရှိတော့သောအခါ မည်သို့လုပ်ရပါမည်နည်း။

ထိုအခါ နောက်ကျန်ရစ်သူများ၏ ကံကြမ္မာမှာ မည်သို့ဖြစ်လာမည်နည်း။ အမေရိကန် မဲဆန္ဒရှင်များမှာ Amazon နှင့် Google တို့မှရသည့် အမေရိကန်စီးပွားရေးလုပ်ငန်းအခွန်များမှ ပန်ဆဲလ်ဗေးနီးယားရှိ အလုပ်လက်မဲ့ဖြစ်သွားသည့် သတ္တုတွင်းတူးအလုပ်သမားများနှင့် နယူးယောက်ရှိ အလုပ်လက်မဲ့ တက္ကစီမောင်းသမားများကို စတိုင်ပင်ထောက်ပံ့ကြေးငွေနှင့် အခမဲ့ဝန်ဆောင်မှုများပေးရန် သဘောတူသည့်အဖြစ်ကို ကြံကြည့်လို့ရကောင်းရနိုင်ပါသည်။ သို့သော် ယင်းအမေရိကန်မဲဆန္ဒရှင်များမှာ သမ္မတထရမ့်အလိုအရ ‘ချီးထုပ်နိုင်ငံများ’ ဆိုသည့်နေရာများမှ အလုပ်လက်မဲ့ပြည်သူများအား ထောက်ပံ့ရန် အမေရိကန်အခွန်များကို သုံးစွဲမည့်အဖြစ်ကို ကြည်ဖြူကြပါမည်လော။ ကြည်ဖြူကြမည်ဟု စာဖတ်သူထင်ပါက ဘိုးဘိုးအောင်နှင့် ရှင်အဇ္ဇဂေါဏတို့မပြီး ယင်းပြဿနာများ ပြေလည်သွားမည်ဟု ယုံသည်နှင့် ထူးပြီး မခြားတော့ပါချေ။

‘အခြေခံလိုအပ်ချက်’ ဆိုတာကို ဘယ်လိုသတ်မှတ်ကြမလဲ

လူတိုင်းအတွက် အခြေခံအထောက်အပံ့ဆိုသည်မှာ လူသားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်ရန် ဖြစ်သည်။ သို့သော် ယင်းအတွက် အားလုံးလက်ခံထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ ဇီဝရှုထောင့်သတ်သတ်မှကြည့်ပါက လူသား Sapiens တစ်ဦးမှာ အသက်ရှင်သန်ရန်အတွက် နေ့စဉ် ကယ်လိုရီ ၁၅၀၀ မှ ၂၅၀၀ ကြား လိုအပ်သည်။ သည့်ထက်ပိုပါက ဇိမ်ခံရုံသက်သက်သာဖြစ်သည်။ သို့တစေ အဆိုပါဇီဝအားဖြင့် သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုမျဉ်း၏ အထက်တွင် သမိုင်းတစ်လျှောက် လူ့ယဉ်ကျေးမှုအသီးသီးက အပိုဆောင်းလိုအပ်ချက်များကို ‘အခြေခံ’ လိုအပ်ချက်အဖြစ် သတ်မှတ်ဖန်တီးခဲ့ကြသည်သာ။ အလယ်ခေတ်ဥရောပတွင် ဘုရားရှိခိုးကျောင်းများမှာ အစားအသောက်ထက် ပိုအရေးကြီးသည်ဟု ယူဆကြသောဟူ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှိခိုးကျောင်းများက မိမိ၏ မမြဲသောခန္ဓာကိုယ်ကြီးထက် အမြဲထာဝရရှိနေမည့် အသက်ဝိဥာဉ်ကို စောင့်ရှောက်ပေးသည်ဟု မှတ်ယူသောကြောင့် ဖြစ်လေသည်။ ယနေ့ခေတ်ဥရောပတွင် သင့်တင့်သည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို အခြေခံလူသားလိုအပ်ချက်များအဖြစ် ခံယူကြသည်။ အချို့က အင်တာနက်သုံးစွဲနိုင်မှုကိုပင် အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း၊ ကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်ဟု ဆိုကြသည်။ ၂၀၅၀ တွင် ဒက္ကာမြို့တွင် နေသည်ဖြစ်စေ၊ ဒီထရိုက်မြို့တွင်နေသည်ဖြစ်စေ ကမ္ဘာပေါ်ရှိ လူသားတိုင်းအတွက် အခြေခံလိုအပ်ချက်များ ထောက်ပံ့နိုင်ရန် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အစိုးရက Google၊ Amazon၊ Baidu နှင့် Tencent ကော်ပိုရေးရှင်းကြီးများကို အခွန်ကောက်သည် ဆိုကြပါစို့။ သူတို့က ‘အခြေခံ’ လိုအပ်ချက်ဆိုတာကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုကြမည်နည်း။

ဥပမာဆိုကြပါစို့။ အခြေခံပညာရေးဆိုရာတွင် မည်သည့်အရာများ ပါဝင်သင့်ပါသနည်း။ စာရေးတတ်ဖတ်တတ်ရုံသာ ပါဝင်ပါသလော။ သို့တည်းမဟုတ် ကွန်ပျူတာကုတ်များရေးခြင်း၊ တယောတီးခြင်းများရော ပါဝင်သင့်ပါသည်လော။ မူလတန်း ခြောက်နှစ်အတွက်သာ ထောက်ပံ့ရမည်လော။ သို့တည်းမဟုတ် ပါရဂူဘွဲ့ရသည်အထိ အစစအရာရာ ပါဝင်ပါသလော။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ထို့အတူဖြစ်သည်။ ၂၀၅၀ တွင် ဆေးပညာတိုးတက်မှုများကြောင့် အသက်အရွယ်အိုမင်းခြင်းကို နှေးကွေးအောင် ပြုလုပ်လာနိုင်ပြီး လူ့သက်တမ်းရှည်လာသည်ဆိုလျှင် အဆိုပါဆေးနည်းများကို ကမ္ဘာပေါ်ရှိ လူသား ကုဋေတစ်ထောင် အကုန်လုံးအတွက် ဖြစ်စေမည်လော သို့မဟုတ် သန်းကြွယ် သူဌေးကြီးများအတွက်သာ ထားကြမည်လော။ ဇီဝနည်းပညာတိုးတက်လာမှုကြောင့် မိဘများက မိမိကလေးများ၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်လာနိုင်သည်ဆိုလျှင် ယင်းကို လူသားတစ်ဦး၏ အခြေခံလိုအပ်ချက်အဖြစ် သတ်မှတ်မည်လော။ သို့တည်းမဟုတ် သူဌေးများက ဆူပါစွမ်းအားများရလာပြီး ဆင်းရဲသားလူသား Homo Sapiens များထက် အစစအရာရာသာကာ လူသားမျိုးနွယ်မှာ ဇီဝလူတန်းစား (Biological Castes) ကွဲပြားသွားသည့်အဖြစ်မျိုး ကြုံရမည်လော။

‘အခြေခံလူသားလိုအပ်ချက်များ’ ကို စာဖတ်သူ မည်သို့သတ်မှတ်သည်ဖြစ်စေ၊ လူတိုင်းကို အဆိုပါလိုအပ်ချက်များ အခမဲ့ထောက်ပံ့ပေးသောအခါ လူအများက အဆိုပါအထောက်အပံ့များကို အလိုလိုရကိုရရမည့်အရာများဟု မှတ်ယူတော့မည်ဖြစ်သည်။ ထိုအခါ အခြေခံဟု မသတ်မှတ်ထားသည့် ဇိမ်ခံပစ္စည်းများ – ဥပမာ အလိုအလျောက်မောင်းနှင်သည့် တန်ဖိုးကြီးကားများ၊ အစစ်နီးပါးဟု ထင်မှတ်ရသည့် အတုအယောင်ကမ္ဘာ (Virtual Reality) ကစားကွင်းများ၊ ဇီဝအင်ဂျင်နီယာနည်းဖြင့် အဆင့်မြှင့်တင်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ အစရှိသည်တို့ရရှိနိုင်ရန်အတွက် လူမှုရေး၊ နိုင်ငံရေးပြိုင်ဆိုင်မှုများ ပြင်းထန်စွာပေါ်ပေါက်လာတော့မည်ဖြစ်သည်။ သို့တစေ လူအများမှာ အလုပ်လက်မဲ့ဖြစ်နေ ပါက စီးပွားရေးပိုင်ဆိုင်မှုရှိမည်မဟုတ်ဘဲ အဆိုပါ ဇိမ်ခံပစ္စည်းများကို ရရှိနိုင်ဖို့ထားဘိ၍ အိပ်မက်မက်ဖို့ပင် ခက်ခဲတော့မည်ဖြစ်သည်။ အကျိုးဆက်မှာ သူဌေးသူကြွယ်များ (Tencent ကုမ္ပဏီမန်နေဂျာများ၊ Google ရှယ်ယာရှင်များ)နှင့် သူဆင်းရဲများ (‘လူတိုင်းအတွက် အခြေခံဝင်ငွေ’ အပေါ် မှီခိုရသူများ) အကြားကွာဟချက်မှာ ကြီးမားသည် ဆိုရုံမျှမကဘဲ ဘယ်လိုမှ လက်လှမ်းမမီတော့သည့် အခြေအနေဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။

သို့ဖြစ်ရာ ၂၀၅၀ တွင် ဆင်းရဲသားများကို လူတိုင်းအတွက်ပေးသည့် အထောက်အပံ့စီမံချက်တစ်ခုခုဖြင့် ယနေ့ခေတ်ထက် ပို၍ကောင်းသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးပေးအပ်ထားလျှင်တောင်မှ သူတို့အနေနှင့် တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေသည့် တန်းတူညီမျှ မရှိမှုနှင့် လူမှုရေးအရ တိုးတက်လာခြင်း မရှိမှုတို့အပေါ်တွင် လွန်စွာဒေါသထွက်နေသည်မျိုး ဖြစ်ကောင်းဖြစ်နေနိုင်သည်။ လူအများအနေနှင့် စနစ်က မျှတခြင်းမရှိဟု ခံစားရနိုင်ပြီး အစိုးရကလည်း ထိပ်တန်းသူဌေးကြီးများအတွက်သာ ဆောင်ရွက်ပေးနေသည်ဟု တွေးထင်နိုင်သည်။ ထို့အပြင် မိမိကလေးများ၏ အနာဂတ်မှာလည်း ပို၍ပင်ဆိုးနိုင်သေးသည်ဟု ခံစားရနိုင်သည်။

လူသား Homo Sapiens များမှာ စိတ်ကျေနပ်ရုံသပ်သပ်ကို တင်းတိမ်နိုင်ခြင်း မရှိကြပေ။ လူသားများ၏ ပျော်ရွှင်မှုမှာ ယထာဘူတကျကျ လက်ရှိရှိနေသည့် အခြေအနေအပေါ်တွင် များစွာမှီခိုခြင်းမရှိဘဲ မိမိတို့ ထင်ထားသလို ဖြစ်လာခြင်းရှိမရှိအပေါ်တွင် ပို၍ မှီခိုသည်။ လူတစ်ဦးချင်းစီ လိုချင်သောအရာများမှာလည်း အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိသည်။ အခြားသူများ၏ အခြေအနေကို တွေ့မြင်ပြီး မိမိလိုချင်သောအရာများမှာလည်း ပြောင်းလဲလာလေ့ရှိသည့် သဘာဝရှိသည်။ အခြေအနေများ တိုးတက်လာသောအခါ လိုချင်တောင့်တမှုက ပို၍များပြားလာသည်။ သို့ဖြစ်ရာ အခြေအနေအရပ်ရပ် အဆမတန် တိုးတက်လာသောအခါတွင်တောင်မှ ကျွန်ုပ်တို့အနေနှင့် မကျေနပ် မတင်းတိမ်နိုင်သေးဘဲ ဖြစ်နေနိုင်သည်။ ၂၀၅၀ တွင် လူတိုင်းအတွက် အခြေခံအထောက်အပံ့မှာ သာမန်လူတစ်ဦး၏ လက်တွေ့အခြေအနေကို ယေဘုယျတိုးတက်လာအောင် ဆောင်ရွက်ဖို့ ရည်ရွယ်သည်ဆိုလျှင် ထိုရည်ရွယ်ချက်အောင်မြင်နိုင်ခြေ အထိုက်အလျောက် ရှိပါသည်။ သို့သော် ယင်းမှာ လူအများကို ကိုယ့်လက်ရှိအခြေအနေအပေါ် ကိုယ်ကိုယ်တိုင် ကျေနပ်ဖို့ရာနှင့် လူမှုရေးမကျေနပ်မှုများ မရှိတော့အောင် မျှော်မှန်းပါသည်ဆိုလျှင် ယင်းမျှော်မှန်းချက်မှာ အောင်မြင်နိုင်ဖို့ အလားအလာမရှိလှပါ။

လူတိုင်းအတွက် အခြေခံအထောက်အပံ့ပေးသည့် အစီအစဉ်၏ ရည်ရွယ်ချက်များ အမှန်တကယ် အောင်မြင်စေရန် အားကစားမှအစ ဘာသာရေးအဆုံး အခြားသော အဓိပ္ပာယ်ရှိသည့် လိုက်စားမှုများဖြင့် ဖြည့်စွက်ပေးဖို့ လိုအပ်နိုင်သည်။ အလုပ်ခေတ်လွန် ကမ္ဘာကြီး (post- work world) တွင် မည်သို့ကျေနပ်နှစ်သိမ့်နေထိုင်မည်နည်းနှင့် စပ်လျဉ်းပြီး လက်ရှိတွင် အအောင်မြင်ဆုံးဟုဆိုလို့ရသည့် စမ်းသပ်ချက်တစ်ခုကို အစ္စရေးတွင် တွေ့နိုင်သည်။ အစ္စရေးတွင် ရှေးရိုးစွဲ ဘာသာရေးအစွဲပြင်းထန်သည့် ဂျူးအမျိုးသားများ၏ ၅၀ ရာခိုင်နှုန်းလောက်က လုံးဝ အလုပ်မလုပ်ကြပေ။ သူတို့မှာ ဘ၀ကို ဘာသာရေးစာပေများ ဖတ်ရှုလေ့လာခြင်းနှင့် ဘာသာရေးရိုးရာဓလေ့ထုံးတမ်းများဆောင်ရွက်ခြင်းတွင် မြှုပ်နှံထားသည်။ သူတို့နှင့် သူတို့မိသားစုများမှာ ထမင်းတော့ မငတ်ကြ။ အကြောင်းမှာ တစ်ပိုင်းက သူတို့၏ ဇနီးများ များသောအားဖြင့် အလုပ်လုပ်သောကြောင့်ဖြစ်ပြီး တစ်ပိုင်းမှာ အစိုးရက ရက်ရောသော ထောက်ပံ့ကြေးများနှင့် အခမဲ့ဝန်ဆောင်မှုများ ပေးအပ်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် ဘ၀အခြေခံလိုအပ်ချက်များ ပြည့်စုံနေသည်။ ယင်းကဲ့သို့သော အစီအမံမှာ ‘လူတိုင်းအတွက် အခြေခံ အထောက်အပံ့’ ဆိုသည့် စကားရပ်မပေါ်ခင်ကပင် ရှိနေခြင်းဖြစ်သည်။

ယင်းရှေးရိုးစွဲ ဘာသာရေးအစွဲကြီးသည့် အချင်းဂျူးအမျိုးသားများမှာ ဆင်းရဲပြီး အလုပ်လက်မဲ့များဖြစ်သော်လည်း စစ်တမ်းများ တစ်ခုပြီးတစ်ခု ကောက်ယူချက်အရ အစ္စရေးလူ့အဖွဲ့အစည်း၏ အခြားအစိတ်အပိုင်းမှသူများထက် ပိုပြီးဘ၀ပျော်ရွှင်မှု ရှိကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ ရပ်ရွာလူ့အသိုင်းအဝိုင်းအကြား စည်းနှောင်မှုအားကောင်းမှုကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ ဘာသာရေးစာပေများနှင့် ဓလေ့ထုံးတမ်းများ ဆောင်ရွက်ခြင်းမှရရှိသော စိတ်ကျေနပ်မှုတို့ကြောင့် ဖြစ်သည်။ ဂျူးဘာသာရေးကျမ်း Talmud အကြောင်း အခန်းခပ်ကျဉ်းကျဉ်းနှင့် အပြည့်ဆွေးနွေးနေကြသော ဂျူးအမျိုးသားများမှာ အထည်ချုပ်စက်ရုံတွင် တကုပ်ကုပ်ဖြင့် ကြိုးစားပမ်းစား အလုပ်လုပ်နေရသော အလုပ်သမားများထက် ပိုပြီး ပျော်ရွှင်မှုရနိုင်ပြီး ပိုပြီး တစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံခွင့်ရ၊ ပိုပြီး ဉာဏ်ကွန့်မြူးခွင့်ရမည်ဖြစ်သည်။ ဆိုခဲ့သည့် ဆင်းရဲသားအလုပ်လက်မဲ့ ဂျူးအမျိုးသားများကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကောက်ယူသော ဘ၀ပျော်ရွှင်မှုစစ်တမ်းများတွင် အစ္စရေးမှာ အမြဲထိပ်ဆုံးနီးပါးက ပါလေ့ရှိသည်။

ဘာသာရေးအစွဲမကြီးလှသည့် အစ္စရေးနိုင်ငံသားများမှာ ယင်းရှေးရိုးစွဲ၊ ဘာသာစွဲကြီးသည့်အုပ်စုများက လူ့အဖွဲ့အစည်းအတွက် ထည့်ဝင်ကူညီမှုမရှိဘဲ အခြားသူများ ပင်ပင်ပန်းပန်းလုပ်ထားရသောအလုပ်အပေါ် မှီခိုနေသည်ဟု မကျေမချမ်း စောဒကတက်လေ့ရှိသည်။ ထို့အပြင် ဘာသာစွဲမကြီးလှသည့် အစ္စရေးသားများမှာ ယင်းရှေးရိုးစွဲအုပ်စု နေပုံထိုင်ပုံမှာ ရေရှည်တွင် အဆင်မပြေနိုင်ဟု ဆိုကြသည်။ အထူးသဖြင့် ရှေးရိုးစွဲအုပ်စုများ၏ မိသားစုများတွင် ပျမ်းမျှအားဖြင့် ကလေး ခုနစ်ယောက်လောက်မွေးလေ့ရှိသောကြောင့် ဖြစ်သည်။ သိပ်မကြာမီတွင် နိုင်ငံတော်အနေနှင့် သည်လောက်များလှသည့် အလုပ်လက်မဲ့များကို ထောက်ပံ့နိုင်ခြင်း မရှိတော့ဘဲ ယင်းရှေးရိုးစွဲ ဘာသာရေးသမားများမှာ အလုပ်ထွက်လုပ်ရလိမ့်မည်ဟု ဆိုကြသည်။ သို့သော် လက်တွေ့တွင် ပြောင်းပြန် ဖြစ်ကောင်းဖြစ်လာနိုင်သည်။ စက်ရုပ်များနှင့် AI ကြောင့် လူသားများ အလုပ်လက်မဲ့ဖြစ်လာသောအခါ ရှေးရိုးစွဲ ဘာသာရေးသမား ဂျူးများမှာ အတိတ်တွင် ချန်ထားခဲ့ရမည့် ရှေးရိုးစွဲကြီးများ မဟုတ်တော့ဘဲ အနာဂတ်တွင် မည်သို့နေထိုင်ရမည်ဆိုသည်၏ စံမော်ဒယ်လ်ဖြစ်လာနိုင်သည်။ လူတိုင်း ရှေးရိုးစွဲဂျူးများဖြစ်လာပြီး ရေရှီဗသို့သွား၍ တာလ်မတ်ကျမ်းကို ဖတ်ကြမည်ဟုဆိုခြင်း မဟုတ်ပေ။ သို့သော် လူတိုင်းအနေနှင့် အလုပ်နောက်လိုက်ခြင်းထက် ဘ၀အဓိပ္ပာယ်ရှာပုံတော် ဖွင့်ခြင်းနှင့် ရပ်ရွာလူ့အသိုင်းအဝိုင်းအတွက် ဘာလုပ်ပေးထိုက်သည်ကို ရှာဖွေခြင်းက အစားထိုးလာနိုင်သည်။

ကျွန်ုပ်တို့အနေနှင့် လူတိုင်းအတွက် စီးပွားရေးလုံခြုံမှုနှင့်အတူ အားကောင်းသည့်လူ့အဖွဲ့အစည်း၊ အဓိပ္ပာယ်ရှိသော ဘ၀နေထိုင်နည်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုလျှင်ကား အလုပ်အကိုင်များကို အယ်လ်ဂိုရစ်သမ်များ လက်ထဲထည့်လိုက်ရသည့် အခြေအနေမှာ ကျွန်ုပ်တို့အတွက် ဆုလာဘ်တစ်ပါးဆိုတာမျိုးပင် ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် မိမိတို့၏ ဘ၀ကို မိမိတို့ဘာသာထိန်းချုပ်နိုင်ခြင်း မရှိတော့ခြင်းက ပိုပြီးကြောက်ဖွယ်ကောင်းသည့် အခြေအနေဖြစ်သည်။ လူအများ အလုပ်လက်မဲ့ဖြစ်လာနိုင်သည့် အန္တရာယ်ရှိငြားစေကာမူ ကျွန်ုပ်တို့ ပိုပြီးစိတ်ပူပန်သင့်သည်မှာ လူသားများ၏လက်ထဲမှ အာဏာမှာ အယ်လ်ဂိုရစ်သမ်များလက်ထဲရောက်လာသည့် အခြေအနေဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် လစ်ဘရယ်ပုံပြင်အပေါ်တွင် ကျန်ရှိနေသည့် ယုံကြည်မှုမှာ လုံးလုံးပျက်ပြားသွားနိုင်ပြီး ဒစ်ဂျစ်တယ်အာဏာရှင်များ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သည့် အခြေအနေပင်ဖြစ်သည်။ 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *