အမှိုက်ပြဿနာကြောင့် ကနေဒါဆိုင်ရာဖိလစ်ပိုင်သံမတ်ကို ပြန်ခေါ်

အမှိုက်များကို ကနေဒါသို့ ပြန်ပို့ရန် ဖိလစ်ပိုင်ပါလီမန်ရှေ့တွင် ၂၀၁၅ ခုနှစ်က ဆန္ဒပြနေကြစဉ်

မနီလာ၊ မေ ၁၆

ကနေဒါနိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ အမှိုက်ကွန်တိန်နာ ၁၀၀ ခန့် ပို့ခဲ့သည့်ကိစ္စတွင် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသောကြောင့် ကနေဒါနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကို မေလ ၁၆ ရက်နေ့ က ပြန်လည်ခေါ်ယူလိုက်ကြောင်း The Jakarta Post သတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့က ဖိလစ်ပိုင်ဆိပ်ကမ်းသို့ ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများဟု မှားယွင်းသည့်အမှတ်အသားရိုက်နှိပ်ထားသည့် ပုပ်သိုးနေသော အမှိုက်ကွန်တိန်နာ ၁၀၀ ကျော်ကို ကနေဒါကုမ္ပဏီတစ်ခုက ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကနေဒါကို ပြီးခဲ့သည့်လက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး မေလ ၁၅ ရက် နောက်ဆုံးထားဖြေရှင်းပေးရန် ရက်သတ်မှတ်ပေးခဲ့သည်။

“ကနေဒါဟာ မေ ၁၅ ရက် နောက်ဆုံးနေ့သတ်မှတ်ထားတာကို လွဲချော်သွားခဲ့ပါပြီ။ ဒီတော့ အဲဒီအမှိုက်သင်္ဘောကို ပြန်မယူမချင်း မိမိတို့ဟာ ကနေဒါနဲ့ သံတမန်အဆက်အသွယ် ယုတ်လျော့ကျဆင်းပြီးသားအခြေအနေကို ဆက်လက် ထိန်းသိမ်းသွားပါမယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီးယိုဒိုရို လော့ဆင်က ပြောကြားသည်။

ကနေဒါနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် ကောင်စစ်ဝန်တို့ကို ပြန်လည်ခေါ်ယူသည့်စာကို ပေးပို့လိုက်ပြီဖြစ်ပြီး လာမည့်တစ်ရက်နှစ်ရက်အတွင်း ၎င်းတို့ ဖိလစ်ပိုင်ကို ပြည်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများရှိခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး အဖုအထစ်ဖြစ်နေချိန်တွင် ကနေဒါ အမှိုက်သင်္ဘောပြဿနာကြောင့် နှစ်နိုင်ငံဆက်ဆံရေး အစွန်းအထင်းဖြစ်ခဲ့ရသည်။

ဖိလစ်ပိုင်က ကနေဒါထံမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းတန်ဖိုးရှိသည့် စစ်ရဟတ်ယာဉ် ၁၆ စင်း ဝယ်ယူမှုကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ယမန်နှစ် က ပယ်ဖျက်ခဲ့သည်။

ကနေဒါက ဖိလစ်ပိုင်သမ္မတ၏ လူ့အခွင့်အရေးမှတ်တမ်းများကြောင့် ယင်းစစ်ရဟတ်ယာဉ်များ ဝယ်ယူမှုကို သုံးသပ်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

ဧပြီလက ပြောကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏မိန့်ခွန်းတွင် ယင်းအမှိုက်သင်္ဘောများကို ကနေဒါသို့ မိမိတစ်နိုင်ငံတည်း၏ သဘောထားဖြင့်ပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

“ကနေဒါကို တိုက်ခိုက်သွားကြမယ်။ ကနေဒါကို စစ်ကြေညာတယ်” ဟု ၎င်းကပြောကြားသည်။

ကနေဒါက ပို့ထားသည့် အမှိုက်ကွန်တိန်နာ ၁၀၀ ခန့်တွင် ၃၄ ခုကို ဖိလစ်ပိုင်၌ ဖျက်စီးပစ်ခဲ့ပြီး ၆၉ လုံး ကျန်နေသေးသည်ဟု ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *