အမေရိကကို အရေးယူပေးရန် ICC သို့ ပါလက်စတိုင်း အသနားခံစာတင်

ပါလက်စဆိုင်းနိုင်ငံခြားရေးဝန်ကြီး မာလ်ကီ

ဂါဇာ၊ မေ ၁၆

အစ္စရေးရှိ အမေရိကန်သံရုံးကို ပါလက်စတိုင်းသို့ ပြောင်းရွှေ့ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အမေရိကကို ဥပဒေကြောင်းအရ အရေးယူပေးရန် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) သို့ ပါလက်စတိုင်းက အသနားခံစာတင်သွင်းလိုက်ကြောင်း တူရကီနေ့စဉ်သတင်းစာ Yeni Safak သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပါလက်စတိုင်းက စွပ်စွဲပြောကြားထားကြောင်းလည်း ပါလက်စတိုင်း WAFA သတင်းအေဂျင်စီတွင် ဖော်ပြသည်။

“ထရမ့်အစိုးရအဖွဲ့၏ ရန်လိုသော၊ တရားဥပဒေနှင့် မညီညွတ်သောလုပ်ရပ် တစ်နှစ်ပြည့်အပြီးမှာ ပါလက်စတိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာစနစ်အတွင်းရှိ ဥပေဒကို လေးစားလိုက်နာတဲ့ နိုင်ငံတွေက လက်ခံထားတဲ့ နည်းလမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကတစ်ဆင့် တရားမျှတမှုနဲ့ တာဝန်ခံမှုကို ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး မာလ်ကီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယင်းသတင်းအေဂျင်စီက ဖော်ပြသည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေး၏ မြို့တော်အဖြစ် တစ်ဖက်သတ် အသိအမှတ်ပြုခဲ့ရာ ကမ္ဘာ့နိုင်ငံများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ဂျေရုဆလင်မြို့မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အဓိကကျသည့် ပြဿနာဖြစ်ပြီး ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးသိမ်းပိုက်ခဲ့သည့် အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ်သတ်မှတ်ရန် ရည်ရွယ်ထားသည့်ဒေသဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *