ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပြန်ကောက်

ရန်ကုန်၊ မေ ၁၆

ပြည်ပပို့ကုန်တင်ပို့မှုအပေါ်ကြိုတင် ဝင်ငွေခွန်၂ရာခိုင်နှုန်း ပြန်ကောက်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလ ၂၂ ရက်က စတင်ပြီး အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် အခွန်ရုံးများဖြစ်သော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)တို့ရှိ အခွန်ထမ်းများ တင်ပို့သည့် ကုန်စည်များအပေါ်တွင် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခဲ့ပြီး လက်ရှိတွင် ပြန်လည်ကောက်ခံခြင်း ဖြစ်သည်။

“ပြန်ကောက်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ တာချီလိတ်တို့လို နယ်စပ်ကုန်သွယ်ရေးမှာ တချို့ကုမ္ပဏီတွေက မသမာမှုတွေ လုပ်တာရှိတယ်။ နောက်ပြီး ကုမ္ပဏီအသေးလေးတွေကကျတော့လည်း သူတို့ကျတော့ အခွန် ၂ ရာခိုင်နှုန်းပေးရတယ်။ ကုမ္ပဏီအကြီးတွေက အခွန်မပေးရဘူး။ ဒါတွေ ညီမျှသွားအောင်လို့ ပြန်ကောက်တာပါ”ဟု ဦးမင်းထွဋ်က ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်အချို့သည် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိသည့် ကုမ္ပဏီအမည်များကို အသုံးပြု၍ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း မပေးဆောင်မှုများ ရှိလာခြင်းကြောင်း တစ်ပြေးညီ အခွန်ကောက်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

“ပြောရရင်တော့ တချို့လုပ်ငန်းရှင်တွေက ကြိုက်တယ်။ နှစ်ကုန်မှ တစ်လုံးတစ်ခဲထဲကြီး ပေးရတာထက်စာရင် နည်းနည်းချင်းပေးသွားတော့ ပေးရမှန်း မသိသာဘူး။ တစ်ခါပေးရင် ၂ရာခိုင်နှုန်း ဆိုတော့ သိပ်မသိသာဘူး။ နှစ်ကုန်ကျတော့မှ သိန်းနှစ်ရာတို့၊ သိန်းသုံးရာတို့ ရှာပေးရတာထက်စာရင် တချို့တွေက အခုဟာကို ပိုကြိုက်တယ်”ဟု ရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းကြောင့် နှစ်ကုန်ချိန်တွင် အခွန်မရှင်းလင်းဘဲ ကုမ္ပဏီပိတ်၍ အခွန်ရှောင်သူများကို တားဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပို့ကုန်ကို ကျပ်ငွေဖြင့် တင်ပို့ပါက ကုန်စည်တန်ဖိုး၏ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ နိုင်ငံခြားငွေဖြင့် တင်ပို့ပါက ပို့ကုန်ကြေညာလွှာတွင် ကုန်စည်တန်ဖိုးနှင့်အတူ ဖော်ပြသည့် ဝင်ငွေခွန်ကြိုတင်ပမာဏကို ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *