ကုန်ထုတ်စွမ်းအား

မြန်မာ့စီးပွားရေးတိုးတက်စေရေးအဖြေမှာ ကုန်ထုတ်စွမ်းအား productivity တိုးမြှင့်ရေးဖြစ်သည်။ မြန်မာသည် နယ်ပယ်စုံတွင် ကုန်ထုတ်စွမ်းအားအတော်နိမ့်သဖြင့် ကုန်ထုတ်စွမ်းအားတိုးတက်အောင်  ဦးစားပေးကို ပေးမှ ဖြစ်မည်။

ပြုပြင်ပြောင်းလဲရေးအပြီးတွင် အတိုးတက်ဆုံးနယ်ပယ်တစ်ရပ်ဖြစ်သည့် အထည်ချုပ်တွင်ပင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့၏ ကုန်ထုတ်စွမ်းအားသည် မြန်မာတို့ထက် ခြောက်ဆလောက်သာသည်ဟု ဆိုသည်။  ကမ္ဘောဒီးယား၊ လာအိုတို့၏ အထည်ချုပ်နယ်ပယ်သည်ပင် မြန်မာထက်  နှစ်ဆ၊ သုံးဆ ကုန်ထုတ်စွမ်းအား မြင့်သေးသည် ဆိုသည်။ နောက်နယ်ပယ်တစ်ခုကို ကြည့်ပါဦး။ မြန်မာသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်။  ကမ္ဘာ့ဘဏ်ကလုပ်သော သုတေသနတစ်ခုအရ တစ်ရက်အလုပ်လုပ်လျှင်  မြန်မာတွင် စပါး ၂၃ ကီလိုဂရမ်သာ ထွက်သည်။ တစ်ရက်အလုပ်လုပ်လျှင်  ကမ္ဘောဒီးယားတွင် စပါး ၆၂ ကီလိုဂရမ်၊ ဗီယက်နမ်တွင် ၄၂၉ ကီလိုဂရမ်၊  ထိုင်းနိုင်ငံတွင် ၅၄၉  ကီလိုဂရမ်ထွက်သည်။

လူတစ်ယောက်သုံးရက်လုပ်မှ ပြီးသော အလုပ်ကို နောက်တစ်ယောက်က တစ်ရက်နှင့်လုပ်လျှင် နောက်လူ၏ ကုန်ထုတ်စွမ်းအား  productivity သည် ရှေ့လူ၏ သုံးဆရှိသည်။ ထွက်လာသော ကုန်ပစ္စည်း အရေအတွက်နှင့် ပြောလျှင် ပိုရှင်းသည်။ လူတစ်ယောက်တစ်ရက်လျှင်  ခြင်းလုံး ၁၀ လုံးပြီးအောင် ရက်နိုင်ပြီး နောက်တစ်ယောက်က ခြင်းလုံး အလုံး၂၀ ပြီးလျှင် နောက်လူက ကုန်ထုတ်စွမ်းအားပိုမြင့်သည်။

နိုင်ငံအလိုက်၊ နိုင်ငံတွင်းရှိ လူတစ်ဦးချင်း ကုန်ထုတ်စွမ်းအားသည် ထိုဥပမာနှစ်ခုထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးသော်လည်း သဘောတရားအတူတူဖြစ်သည်။ ကုန်ထုတ်စွမ်းအားနိမ့်သော နိုင်ငံသည်  ကုန်ထုတ်စွမ်းအားမြင့်သော နိုင်ငံလောက် ကုန်ပစ္စည်းများများ မြန်မြန်ကောင်းကောင်း ထုတ်နိုင်မည်မဟုတ်။ ကိုယ့်နိုင်ငံထုတ်များများကောင်းကောင်းမထွက်သဖြင့် ပြည်ပသို့ မပို့နိုင်၊ ပြည်ပဝင်ငွေမရ။ ကိုယ့်နိုင်ငံ တွင်းတွင်ပင် ပြည်ပကုန်များနှင့် ဈေးမယှဉ်နိုင်၊ အရည်အသွေးမယှဉ်နိုင်သဖြင့် အပြင်က ဝယ်စားရသည်က များမည်။ ကြာလေ ချွတ်ခြုံကျလေ ဖြစ်မည်။ ဖွံ့ဖြိုးမှု နောက်ကျမည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်စွမ်းအားနိမ့်ခြင်းသည် ရင်းမြစ်များ မရှိသောကြောင့်မဟုတ်။

မသုံးတတ်၊ မသုံးနိုင်သဖြင့် အလဟဿဖြစ်နေရသည့် ရင်းမြစ်များစွာရှိသည်။

မြေကြီးသည် ကုန်ထုတ်လုပ်ရန် အခြေခံရင်းမြစ်ဖြစ်သည်။ မြေ မရှိလျှင် စိုက်မရပျိုးမရ၊ စက်ရုံတည်မရ၊ ရုံးခန်းဆောက်မရ။ မြေလွတ်မြေရိုင်းများ သန်းနှင့်ချီရှိသည်။ သို့သော် သစ်ပင်လည်းမရှိ၊ စိုက်ပျိုးထားသည်များ လည်းမရှိ။ စက်ရုံ အလုပ်ရုံလည်း လုပ်မရ။ အဆီးအတား အမျိုးမျိုးရှိနေသည်။ မြေလွတ်မြေရိုင်း စိုက်ခွင့်ပျိုးခွင့် ပေးသော်လည်း တကယ်လုပ်မည့် သူ လက်ထဲ မရောက်ဘဲ မြေဦးထားသူများ လက်ထဲတွင်သာ ရှိနေသည်ဟု ကြားရသည်။ တကယ်လုပ်မနေလျှင် ထိုမြေများ၏ ကုန်ထုတ်စွမ်းအားသည် Productivity= Zero ။ ဘာမျှ လုပ်မထားသော မြေသည် ဧကသန်းချီနေပြီဆိုလျှင် နိုင်ငံ၏ နေ့စဉ်လေလွင့်သွားသော  အခွင့်အရေးများ၊ ကုန်ထုတ်စွမ်းအားများကို တွက်ကြည့်နိုင်သည်။  နိုင်ငံသည် ချမ်းသာနေသည်လည်းမဟုတ်။ ဆင်းရဲနိုင်ငံ ဖြစ်သည့်အတွက် ရှိသမျှ အရင်းအမြစ်များကို အသုံးချရမည်မဟုတ်ပါလား။

လူမနေသော အိမ်လွတ်များစွာ၊ အိမ်ခန်းများစွာ မြို့တိုင်းတွင် များစွာရှိသည်။ အိမ်ခန်းများသည် ပိုင်ရှင် မနေလျှင်သော်မှ အိမ်ငှားတင်ထားလျှင်ပင် အလုပ်ဖြစ်နေသေးသည်။ အငှားပင်မရှိသော အိမ်ခန်းများ၊ ဆိုင်ခန်းများမှာမူ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် အလဟဿသာ  ဖြစ်သည်။

လုပ်သားဘက်ကို ကြည့်ပါဦး။ မြန်မာသည် အလုပ်လုပ်နိုင်သည့် လူဦးရေ working age အသက် ၁၅-၆၄ အချိုးအစားအများဆုံးနိုင်ငံထဲတွင် ပါသည်။ လူငယ်များသဖြင့် မြန်မာသည် ငယ်ရွယ်သော နိုင်ငံ ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးလာသည်။  အလုပ်ကို အပြည့်မလုပ်ကြ၊ မလုပ်ကြရ။ အလုပ်မလုပ်ရလျှင် ကုန်ထုတ်စွမ်းအားကိစ္စ ပြောစရာပင် မလိုတော့။ အလုပ်ကို လုပ်နိုင်သည်ထက်  လျှော့လုပ်ကြလျှင်လည်း ကုန်ထုတ်စွမ်းအားကျဆင်းသည်။

ကိုယ့်နိုင်ငံတွင် အလုပ်အကိုင်ရှာမပေးနိုင် သို့မဟုတ် အခြားနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်း ပိုများသဖြင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်ရှာနေကြရသည်။ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူး   လက်မှတ်အသစ်လုပ်သူများ ပြုံတိုးနေကြသည်မှာ မြင်နေကျ မြင်ကွင်း ဖြစ်သည်။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်၊ ပြီးမှ ငွေပြန်ပို့ကြမည်။ အချို့လည်း အပြီးထွက်သွားကြလိမ့်မည်။ 

မြန်မာတို့သည် ကုန်ထုတ်စွမ်းအားနိမ့်သည်ဆိုသော်လည်း ပြည်ပရောက်လျှင် ကုန်ထုတ်စွမ်းအား မြင့်သွားတတ်သည်။ ကမ္ဘာတွင် ကုန်ထုတ်စွမ်းအား အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံတွင် မြန်မာတို့ သိန်းဂဏန်းရောက်နေ၊ လုပ်ကိုင်နေကြသည်။ ထို့ကြောင့် ထိုမြန်မာတို့လည်း ကုန်ထုတ်စွမ်းအား မြင့်ကြမည်သာ။

မြန်မာထက် ကုန်ထုတ်စွမ်းအားမြင့်သည့် အခြားနိုင်ငံများတွင်လည်း မြန်မာလုပ်သားကို ကြိုက်ကြသည်။ ကိုယ့်နိုင်ငံမှ ရွှေ့ပြီး စွန့်စွန့်စားစား သူ့နိုင်ငံတွင် သွားလုပ်ရသည့်အတွက် အချိန်ကို တန်ဖိုးထား  အလုပ်ကြိုးစားသည့်အတွက် ကုန်ထုတ်စွမ်းအားတက်လာခြင်းလား။  ထိုနိုင်ငံများတွင် စနစ်ကောင်းမွန်သည့်အတွက် မြန်မာလုပ်သားတို့၏  ကုန်ထုတ်စွမ်းအားတိုးတက်လာခြင်း၊ ပိုပြီး လုပ်တတ်ကိုင်တတ်လာသည့်အတွက် ကုန်ထုတ်စွမ်းအားတိုးတက်လာခြင်းတို့လည်း ဖြစ်နိုင်သည်။

မြန်မာတို့ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် နိုင်ငံအဆင့်တွင်ရော၊ လူတစ်ဦးချင်းအဆင့်တွင်ရော၊ လုပ်ငန်းအဆင့်တွင်ပါ ရင်းနှီးမြှုပ်နှံဖို့လိုသည်။ နည်းပညာတွင်၊ စီမံခန့်ခွဲမှုတွင်၊ ပညာတွင်၊ လုပ်ငန်းအတွေ့အကြုံတို့တွင် ယခုထက် အဆများစွာ ရင်းနှီးမြှုပ်နှံဖို့လိုသည်။ အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ချင်ကိုင်ချင်စိတ်ရှိရေးမှာမူ လူတစ်ကိုယ်ချင်း ကြိုးစားရမည့်ကိစ္စ ဖြစ်သည်။ ပျင်းနေ၍ မရ။ စစ်ဖြစ်ပြီးစ ပြာပုံဘ၀မှ ဂျပန်တို့ ရုန်းထကြိုးစားခဲ့သည့် စိတ်ဓာတ်ကို အတုယူရမည်။ ကျန်သည့် နိုင်ငံအဆင့်ကိုမူ အစိုးရက ဦးဆောင်ကြိုးစားရမည်။ စောစောလုပ်လျှင် စောစောအကျိုးရှိမည်။

အလဟဿဖြစ်နေသော အရင်းအမြစ်များဖြစ်သည့် မြေ၊ လူတို့ကို စနစ်တကျအသုံးချခြင်းဖြင့် မြန်မာ့ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရေးသည် ယခုဆောင်းပါးက ပေးလိုသည့် သတင်းစကားဖြစ်သည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *