မြန်မြန်တွေး ဖြည်းဖြည်းတွေး

ဒီစာအုပ်ရေးသူ ပါမောက္ခ Daniel Kahnmenan က ၂၀၀၂ ခုနှစ်မှာ ဘောဂဗေဒဘာသာရပ်မှာ နိုဘယ်လ်ဆု ရတယ်။ ဘောဂဗေဒနဲ့ နိုဘယ်ဆုရပေမယ့် သူက ဘောဂဗေဒ ပညာရှင်မဟုတ်ဘဲ စိတ်ပညာရှင်ဖြစ်နေတာ အတော်ထူးခြား တယ်။

စာအုပ်ရေးသူက ထူးခြားသလို သူ့စာအုပ်ခေါင်းစဉ်ကလည်း ထူးပါတယ်။ မြန်မြန်တွေးခိုင်းသလို ဖြည်းဖြည်းလည်း တွေးခိုင်းတဲ့အတွက် ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါကိုက  သူ့စာအုပ်ရဲ့ အသက်။ လူရဲ့ စဉ်းစားပုံကို စနစ်နှစ်မျိုးနဲ့ ဖော်ပြထားတာ။ တစ်ခုက System 1၊ တစ် စနစ်။ ကျန်တဲ့တစ်ခုက System 2၊  နှစ် စနစ်။

တစ် စနစ်က မြန်တယ်။ ထိုးထွင်းဉာဏ်နဲ့ လုပ်တယ်။  အလိုအလျောက်သွားတယ်။ ကွှန်တော်တို့ လူသားတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေ အတော်များများကို တစ်စနစ်က ကြိုးကိုင်နေတယ်။ ၂ နဲ့ ၂ ပေါင်းခြင်းရဲ့ အဖြေတို့၊ ဘာကားမှမရှိဘဲ ရှင်းနေတဲ့လမ်းမှာ မောင်းတာတို့။

နှစ်စနစ်က နှေးတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်တယ်။ အားစိုက်ရတယ်။  ခက်ခဲလာပြီဆိုရင် နှစ်စနစ်က ဦးနှောက်ကို ထိန်းချုပ်လိုက်တယ်။ နှစ်စနစ်အကြောင်း သိချင်ရင် ၁၃ နဲ့  ၂၄ မြှောက်လဒ်က ဘာလဲ စဉ်းစားကြည့်။

တစ်စနစ်က မြန်သလို သူ့မှာ အစွဲတွေလည်း ရှိတယ်။  halo effect ဆိုတာ နာမည်ကြီး အစွဲ။ လူတစ်ယောက်ကို တစ်ခုခုကြောင့် အထင်ကြီးသွားရင် နေရာအားလုံးမှာ သူတော်မှာပဲ၊ ရိုးသားမှာပဲလို့ ထင်သွားတာမျိုးပေါ့။ ရုပ်ချောတဲ့သူက ထက်မြက်မှာပဲလို့ ထင်တာမျိုးလည်းပါတယ်။ horn  effect ကကျ ပြောင်းပြန်။ တစ်ခုခုကြောင့် ကိုယ်မကြိုက်တဲ့ သူ၊ အထင်သေးသူကို မကောင်းတာတွေချည်း မြင်နေတာ။  အဲဒီလိုအစွဲတွေ စိတ်ပညာမှာ တွေ့ထားတာ အများကြီး။  တစ်စနစ်က အစွဲတွေနဲ့ ဆုံးဖြတ်လေ့ရှိတယ်။ anchoring  effect ကိုလည်း ကြည့်ပါဦး။ ‘ဂန္ဒီသေချိန်မှာ သူ့အသက်က ၁၄၄ နှစ်ထက် ကြီးလား၊ ငယ်လား’ မေးခွန်းနဲ့ ‘သေတဲ့ အချိန်မှာ  ဂန္ဒီ့အသက်က ဘယ်လောက်လဲ’ မေးခွန်းနှစ်ခုက သိပ်မကွာပေမယ့် ပထမမေးခွန်းကို ဖြေတဲ့သူတွေရဲ့အဖြေက ဂဏန်းပိုကြီးကြတယ်။

နှစ်စနစ်က တစ်စနစ်ကို လိုက်လိုက်ထိန်းရတယ်  self-control ။ ဘ၀ရဲ့အချိန်အတော်များများမှာ တစ်စနစ်က  အလုပ်လုပ်တယ်။ ရုပ်ရှင်စကားနဲ့ပြောရင် တစ်စနစ်က ဇာတ်လိုက်၊ နှစ်စနစ်က ဇာတ်ရန်။ တစ်ခါတလေမှ နှစ်စနစ်က ဝင်ထိန်းတယ်။

စာအုပ်ရေးသူ ပါမောက္ခ Kahneman ငယ်စဉ်တုန်းက  စာမေးပွဲအဖြေလွှာတွေကို အမှတ်ပေးတဲ့အခါ အဖြေလွှာတစ်ခုပြီး အောင်စစ်ပြီးမှ နောက်တစ်ခုကို ကူးပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ အဖြေလွှာထဲမှာ ဖြေထားတဲ့ အက်ဆေးတစ်ပုဒ်ကို စစ်၊ အမှတ်ပေး၊ နောက် အက်ဆေး တစ်ပုဒ်ကို စစ်၊ အမှတ်ပေး။ ပြီးရင် အဖြေလွှာထဲက အမှတ်တွေ အားလုံးပေါင်း။ ပြီးမှ နောက်ကျောင်းသားတစ်ယောက်ရဲ့  အဖြေလွှာကို စစ်ပါတယ်။ အဲဒီမှာ အဖြေလွှာတစ်ခုချင်းရဲ့  အက်ဆေးတွေကို ပေးထားတဲ့ အမှတ်တွေက တစ်ထပ်တည်း သွားသွားဖြစ်နေတာကို ပါမောက္ခ Kahneman သွားတွေ့ ရတယ်။ ကျောင်းသားမောင် ကကြီးရဲ့ အက်ဆေး နံပါတ်တစ်ကို  စစ်လိုက်တဲ့အခါ ‘ကောင်း’ နေရင် သူ့ရဲ့အက်ဆေးနံပါတ်နှစ်ဟာ ‘ညံ့’ နေရင်တောင် ‘ကောင်း’ ရတယ်။ အဲဒီအခါမှာ ပါမောက္ခလန့်သွားပြီး အမှတ်ခြစ်တာကို တစ်မျိုးပြောင်းလိုက်တယ်။ သူဟာ ကျောင်းသားတစ်ယောက်ရဲ့ အဖြေလွှာပြီးမှ   နောက်တစ်ယောက်ဆီကို ကူးတာမလုပ်တော့ဘဲ အက်ဆေး  နံပါတ်တစ်ကို စစ်ပြီဆိုရင် အဖြေလွှာအားလုံးမှာ အက်ဆေးနံပါတ်တစ်ကိုပဲ စစ်တယ်၊ ပြီးရင် အမှတ်ပေးတယ်။ အဲဒီအခါ အမှတ်တွေဟာ အရင်ကလိုမဟုတ်ဘဲ ပြောင်းသွားတာ  တွေ့ရတယ်။

လူတွေရဲ့ခေါင်းထဲက တစ်စနစ်ဟာ အဲဒီအတိုင်း အလုပ်လုပ်နေကျ။ ဒါကို နှစ်စနစ်က သိပြီး ဝင်ထိန်းပါမှ ရလဒ်ကောင်းတွေ ထွက်တယ်။ ဒါပေမဲ့ နှစ်စနစ်က ပင်ပန်းလွယ်တယ်၊ ပျင်းတတ်တယ်။ ဒါ့ကြောင့် တစ်စနစ်ပြောတာတွေကို  နှစ်စနစ်က လက်ခံတာများတယ်။ သိပ်ကြီး ကြောက်စရာတော့ မလိုဘူး။ တစ်စနစ်ပြောတာတွေဟာ များသောအားဖြင့်  မှန်ပါတယ်။ ၂ နဲ့ ၂ ပေါင်းရင် ၄ ရတာပဲ။ လမ်းရှင်းနေရင်  ကားမောင်းရတာ အလိုအလျောက်ပဲ။ ကားမောင်းနေတုန်း ၂ နဲ့ ၂ ပေါင်းလို့လည်း ရသေးတယ်။ အေးအေး ဆေးဆေးပဲ။ ကားမောင်းတုန်း ၁၃ နဲ့ ၂၄ တော့ သွားမမြှောက်နဲ့ပေါ့။

နှစ်စနစ်က ဖုန်းဘက်ထရီတွေလိုပဲ သုံးတာများရင် အားကုန်သွားတတ်တယ်။ အလုပ်တစ်ခုလုပ်ရာမှာ သူ့စိတ်ကို ထိန်းထားရရင် အားကုန်သွားပြီး နောက်အလုပ်မှာ စိတ်ကို မထိန်းနိုင်တော့ဘူး။ ဒါ့ကြောင့် အလုပ်ကြီးအကိုင်ကြီး  သေရေး ရှင်ရေး ဆုံးဖြတ်ရတော့မယ်ဆိုရင် အသေးအဖွဲလေးတွေနဲ့  စိတ်အား အကုန်မခံနဲ့။ တခြားသူတွေကို လိုက်ချော့နေရရင်၊  ရန်ဖြစ်ရရင် စိတ်အားကုန်တယ်။ စိတ်အားလျော့နေရင်  တစ်စနစ်ကပဲ အရာရာကိုဆုံးဖြတ်လိမ့်မယ်၊ နှစ်စနစ်က ဘေးထွက်နေလိမ့်မယ်။ ဒါဆိုရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ကောင်းကောင်းထွက်မှာ မဟုတ်ဘူး။ ဒီတော့ အလုပ်အတွက် အရေးကြီးစာချုပ်ချုပ်ဖို့ အသွားကို လူရှုပ်တဲ့လမ်းကနေ ကားမောင်းမသွားနဲ့။ အလုပ်အင်တာဗျူးဖြေမယ့်နေ့  အိမ်က ယောက်ျားနဲ့ မိန်းမနဲ့ ရန်မဖြစ်မိစေနဲ့။

Freaknomics နဲ့ နာမည်ကြီးတဲ့ Steven D. Levitt က ‘တစ်ဘ၀လုံးစာ ပညာဉာဏ်’ လို့ ဒီစာအုပ်ကို  ချီးကျူးထားမှတော့ စဉ်းစားတတ်ချင်သူတိုင်း ဖတ်သင့်တယ်။  မြန်မြန်ဖတ်၊ ဖြည်းဖြည်းဖတ်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *