၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

သင်ခန်းစာ (၃) လွတ်လပ်မှု

မဟာဒေတာက စာဖတ်သူကို စောင့်ကြည့်နေတယ်

လစ်ဘရယ်ပုံပြင်က လူသားများ၏ လွတ်လပ်မှုကို သူ၏ နံပါတ်တစ် တန်ဖိုးအဖြစ် အမွှမ်းတင်သည်။ လစ်ဘရယ်ပုံပြင်အလိုအရ ဩဇာအာဏာ အလုံးစုံသည် နောက်ဆုံးတွင် အန္တိမအားဖြင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်သောဆန္ဒ (free will) မှဆင်းသက်သည်။ လူသားများသည်ထို လွတ်လပ်သော ဆန္ဒ၊ ဆုံးဖြတ်ပိုင်ခွင့်ကို သူတို့၏ စိတ်ခံစားချက်များ၊ လိုအင်ဆန္ဒများ၊ ရွေးချယ်မှုများအားဖြင့် ဖော်ပြကြသည်။ နိုင်ငံရေးတွင် လစ်ဘရယ်ဝါဒက မဲဆန္ဒရှင်သည် သူ့အတွက် ဘာအကောင်းဆုံးဆိုတာကို သိသည်ဟု ယူဆ၏။ ယင်းကြောင့်ပင် ဒီမိုကရေစီရွေးကောက်ပွဲများကို အလေးထားရသည်။ စီးပွားရေးတွင် လစ်ဘရယ်ဝါဒက ဈေးဝယ်သည် အမြဲမှန်သည်ဟု လက်ကိုင်ထားသည်။ ထို့ကြောင့် ဈေးကွက်ကို လွတ်လပ်စွာဆောင်ရွက်နိုင်ရေး စည်းမျဉ်းစည်းကမ်းများကို ထိပ်တန်းတင်သည်။ လူတစ်ဦးချင်းစီ၏ ပုဂ္ဂလိကရေးရာကိစ္စရပ်များတွင် လစ်ဘရယ်ဝါဒက လူအများကို မိမိရင်တွင်းမှ မည်သို့ဖြစ်ချင်သနည်းဆိုသည်ကို နားထောင်ဖို့၊ မိမိကိုယ်ကိုယ် အမှန်အတိုင်းလက်ခံဖို့၊ နှလုံးသားနောက်လိုက်ဖို့ အားပေးသည်။ အခြားသူများ၏ လွတ်လပ်မှုကို ထိပါးမှုမရှိဘူးဆိုလျှင် မိမိအလိုအတိုင်း ဆောင်ရွက်ဖို့တိုက်တွန်းသည်။ ယင်းလူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို လူ့အခွင့်အရေးအနေနှင့် ထည့်သွင်းဂရုဓမ္မထားသည်။

အနောက်တိုင်း၏ ယနေ့ခေတ်နိုင်ငံရေးပြောဟောမှုနယ်ပယ် (discourse) များတွင် ‘လစ်ဘရယ်’ ဆိုသည့် စကားလုံးကို ပါတီနိုင်ငံရေးနှင့် တွဲသုံးလျက်ရှိရာ စကားလုံး၏အနက်ကို ကျဉ်းမြောင်းသွားစေသည်။ လစ်ဘရယ်ဟုဆိုလိုက်လျှင် လိင်တူလက်ထပ်ခွင့်ထောက်ခံသူ၊ သေနတ်ထိန်းချုပ်ခွင့်ထောက်ခံသူ၊ ကိုယ်ဝန်ဖျက်ချတာ ထောက်ခံသူအနေနှင့် သွားမြင်လေ့ရှိကြသည်။ စင်စစ်အားဖြင့် ကွန်ဆာဗေးတစ်များမှာလည်း ကျယ်ပြန့်သော လစ်ဘရယ်ကမ္ဘာ့မြင်ကို ဆုပ်ကိုင်ထားသူများ ဖြစ်ကြသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရှိ ရီပတ်ဘလစ်ကန်များနှင့် ဒီမိုကရက်များမှာ သူတို့၏ အပြင်းအထန်ငြင်းခုံမှုများကို တစ်ခါတစ်ရံရပ်ဆိုင်း၍ အခြေခံများဖြစ်သော လွတ်လပ်သည့် ရွေးကောက်ပွဲများ၊ အမှီအခိုကင်းသော တရားစီရင်ရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို နှစ်ဖက်စလုံးက သဘောတူကြကြောင်း ပြန်ပြောင်းအမှတ်ရသင့်ပေသည်။

အထူးအားဖြင့်ဆိုသော် လက်ယာနိုင်ငံရေးဟီးရိုးကြီးများဖြစ်ကြသည့် မာဂရက်သက်ချာနှင့် ရော်နယ်ရေဂင်တို့မှာ စီးပွားရေးလွတ်လပ်ခွင့်တင်သာမက လူတစ်ဦးချင်းလွတ်လပ်ခွင့်အတွက် ရှေ့တန်းက ဆောင်ရွက်ပေးခဲ့ကြသူများဖြစ်သည်ကို အမှတ်ရသင့်သည်။ ၁၉၈၇ နာမည်ကျော်အင်တာဗျူးတစ်ခုတွင် သက်ချာက ‘လူ့အဖွဲ့အစည်း ဆိုသည်မရှိပေ။ အမျိုးသားများ၊ အမျိုးသမီးများပေါင်းစုထားသော အသက်ဝင်နေသည့် ရွှေချည်ထိုးပန်းချီကားချပ်သာဖြစ်သည် … ပြီးတော့ ကျွန်မတို့တစ်ဦးချင်းစီ၏ ဘ၀အရည်အသွေးမှာ ကျွန်မတို့ မိမိတာဝန်ကို မိမိဘယ်လောက်ယူနိုင်သလဲဆိုသည့်အချက်အပေါ်တွင် မှီခိုနေသည်’ ဟုဆိုသည်။

ကွန်ဆာဗေးတစ်ပါတီမှ သက်ချာကို ဆက်ခံသူများမှာလည်း နိုင်ငံရေးအာဏာသည် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ ခံစားချက်များ၊ ရွေးချယ်မှုများနှင့် လွတ်လပ်သောဆန္ဒ (free will) တွင် မှီခိုသည်ဆိုသည့် အချက်တွင် လေဘာပါတီနှင့် သဘောမကွဲ၊ တစ်သဘောတည်းရှိကြသည်သာ။ သို့ဖြစ်ရာ ဗြိတိန်နိုင်ငံဥရောပသမဂ္ဂမှ နုတ်ထွက်သင့် မသင့်ဆုံးဖြတ်ရန်ဖြစ်လာသောအခါ ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းမှာ ထွက်သင့် မထွက်သင့်ကို ဘုရင်မကြီးအယ်လ်လီဇဗက်(၂)၊ ကန်တာဘာရီမှ ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး သို့မဟုတ် အောက်စဖို့ဒ်နှင့် ကိန်းဘရစ်မှ တက္ကသိုလ်ဆရာများကို သွားမမေးချေ။ ပါလီမန်အမတ်များကိုပင် မေးခြင်း မရှိပေ။ သူလုပ်သည်မှာ လူထုဆန္ဒခံယူပွဲကြီးကျင်းပပြီး ဗြိတိန်သူဗြိတိန်သားတစ်ဦးချင်းဆီကို ‘ဒီကိစ္စနှင့်ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ’ မေးခြင်း ဖြစ်သည်။

စာဖတ်သူအနေနှင့် ဆန္ဒခံယူပွဲတွင် လူအများကို မေးသည့်မေးခွန်းမှာ ‘သင်ဘယ်လိုခံစားရသလဲ’ မေးခြင်းမဟုတ်ဘဲ ‘သင်ဘယ်လိုထင်မြင်  ယူဆပါသလ’ ဟုမေးခြင်းဖြစ်သည်ဟု ငြင်းချက်ထုတ်ကောင်း ထုတ်နိုင်ပါသည်။ သို့သော် အမှန်မှာနားလည်မှုလွဲနေခြင်းဖြစ်သည်။ ဆန္ဒခံယူပွဲများ၊ ရွေးကောက်ပွဲများမှာ လူသားများ မည်သို့ ‘ခံစား’ ရသနည်းဆိုသည်ကို ဖော်ထုတ်ခြင်းဖြစ်သည်၊ လူသားများ၏ ကျိုးကြောင်းဆင်ခြင်နိုင်မှုကို ဖော်ထုတ်ခြင်း မဟုတ်ပေ။ ဒီမိုကရေစီမှာ ကျိုးကြောင်းဆီလျော်သည့် ဆုံးဖြတ်ချက်ချမှုဆိုင်ရာကိစ္စတစ်ရပ်ဖြစ်သည်ဆိုပါက လူတိုင်းကို တူညီသော မဲပေးပိုင်ခွင့်အခွင့်အရေးပေးရန် အကြောင်းမရှိပေ။ အမှန်တွင် မဲပေးပိုင်ခွင့်ပင်ပေးနေစရာ မလိုတော့ပေ။ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာမေးခွန်းများတွင် အချို့သောသူများမှာ အခြားသူများထက်ပို၍ အသိပညာ ကြွယ်ဝမှု၊ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း သက်သေအထောက်အထားမြောက်မြားစွာ သေချာပေါက်ရှိသည်။ ဗြိတိန်ကဥရောပသမဂ္ဂမှ နုတ်ထွက်သည့် Brexit မဲပေးမှုဖြစ်ပွားပြီးနောက် နာမည်ကျော်ဇီဝဗေဒပညာရှင် တစ်ဦးဖြစ်သူ ရစ်ချက်ဒေါ်ကင်က သူအပါအဝင် ဗြိတိန်လူထုလူအများစုမှာ ဆန္ဒခံယူပွဲတွင် မဲပေးဖို့သင့်တော်မှုမရှိဟု ထုတ်ဖော်ပြောဆိုလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူအပါအဝင် လူအများမှာ သက်ဆိုင်ရာစီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာအခြေခံအသိပညာနောက်ခံမရှိသောကြောင့် ဖြစ်သည်။ “အဲဒီလိုသာ ဆန္ဒခံယူပွဲကျင်းပပြီး ဆုံးဖြတ်ကြေးဆိုလျှင် သင့်အနေနှင့် အိုင်စတိုင်း၏ အက္ခရာသင်္ချာဆိုင်ရာ တွက်ချက်မှုများမှန် မမှန်ကိုလည်း ဆန္ဒခံယူပွဲကျင်းပကြည့်ဖို့ ကောင်းသည်။ သို့တည်းမဟုတ် လေယာဉ်မှူးတစ်ဦးမည်သည့်ပြေးလမ်းကြောင်းပေါ်တွင် ဆင်းသင့်ကြောင်းကိုလည်း ခရီးသည်များ မဲပေးကြည့်ဖို့ ကောင်းသည်”ဟု သူက ဆိုသည်။

သို့တစေကောင်းသည်၊ ဆိုးသည် အသာထား။ ရွေးကောက်ပွဲများ၊ ဆန္ဒခံယူပွဲများမှာ ကျွန်ုပ်တို့ မည်သို့ထင်မြင်ယူဆကြောင်း ဖော်ထုတ်ခြင်း မဟုတ်ပေ။ ကျွန်ုပ်တို့ မည်သို့ခံစားကြောင်း ဖော်ထုတ်ခြင်းဖြစ်သည်။ ခံစားမှုများနှင့် ပတ်သက်လာလျှင် အိုင်းစတိုင်းရော၊ ဒေါ်ကင်ရော သူတကာထက် မသာပေ။ ဒီမိုကရေစီကလူသားများ၏ ခံစားမှုများသည် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသည့် ‘လွတ်လပ်သောဆန္ဒ’ မှလာသည်ဟု မှတ်ယူသည်။ အဆိုပါ ‘လွတ်လပ်သော ဆန္ဒ’ သည်ပင် ဩဇာအာဏာဆင်းသက်ရာ အရင်းခံမူလ ဖြစ်သည်။ သို့ဖြစ်ရာ အချို့သူများမှာ အခြားသူများထက် အသိဉာဏ်အရာတွင်သာသော်လည်း လူသားအားလုံးမှာ တူညီစွာလွတ်လပ်ကြသည်ချည်းသာ ဖြစ်သည်။ အိုင်းစတိုင်းနှင့် ဒေါ်ကင်လိုပင် စာမတတ်သည့် အိမ်အကူတစ်ယောက်တွင်လည်း လွတ်လပ်သော ဆန္ဒရှိသည်ဖြစ်ရာ ရွေးကောက်ပွဲနေ့တွင် သူ့ခံစားချက်ကို ကိုယ်စားပြုသည့် သူ့မဲမှာ အခြားသူများ၏ မဲနှင့် ထပ်တူထပ်မျှတန်ဖိုးရှိသည်။

ခံစားချက်များမှာ မဲဆန္ဒရှင်များကိုသာ စိုးမိုးသည်မဟုတ်ပေ။ ခေါင်းဆောင်များကိုလည်း လွှမ်းမိုးသည်။ 2016 Brexit ဆန္ဒခံယူပွဲတွင် ခွဲထွက်ရေးကမ်းပိန်းကို ဦးဆောင်သူများမှာ ဘောရစ်ဂျွန်ဆင်နှင့် မိုက်ကယ်ဂို့ဗ်တို့ ဖြစ်သည်။ ဒေးဗစ်ကင်မရွန်း နုတ်ထွက်သွားပြီးနောက် အစောပိုင်းတွင် ဂို့ဗ်မှာ ဝန်ကြီးချုပ်နေရာအတွက် ဂျွန်ဆင်ကို ထောက်ခံသော်လည်း နောက်ဆုံးမိနစ်ကျမှ ဂျွန်ဆင်သည် အဆိုပါရာထူးနှင့် သင့်တော်ခြင်းမရှိဟု ဂို့ဗ်က ကြေညာကာ ခေါင်းဆောင်နေရာအတွက် သူဝင်အရွေးခံရန်ရည်ရွယ်ထားကြောင်း ထုတ်ပြောသည်။ ဂျွန်ဆင် အနိုင်ရခြေကို ဖျက်ဆီးလိုက်သော ဂို့ဗ်၏ လုပ်ရပ်ကို တရားသည်၊ မတရားသည် မဆင်ခြင်ဘဲ မိမိရည်မှန်းချက်အောင်မြင်ရေးကိုသာ အလေးပေးသော မက်ခီယာပဲလီဆန်သည့် နိုင်ငံရေးလုပ်ကြံမှုလုပ်ရပ်ဟု ဆိုကြသည်။ သို့သော် ဂို့ဗ်က သူမည်သို့ခံစားကြောင်းပြောပြီး သူ့လုပ်ရပ်ကို ကာကွယ်  ပြောကြားသည်။ သူက ဆိုသည်မှာ “ကျွန်တော် နိုင်ငံရေးလုပ်တဲ့  တစ်လျှောက်မှာ ကျွန်တော့်ကို ကျွန်တော် အမြဲမေးခွန်းတစ်ခု မေးပါတယ်  – ဘယ်အရာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလဲ။ ကျွန်တော့်နှလုံးသားက ဘာပြောနေလဲ”ဟု သူက ဆိုသည်။ ဂို့ဗ်၏အလိုအရ သူ့နှလုံးသားက စေခိုင်းသောကြောင့် Brexit ခွဲထွက်ရေးကမ်ပိန်းအတွက် ကြိုးစားတိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်၊ သူ့၏ မဟာမိတ်ဘောရစ်ဂျွန်ဆင်ကို နောက်ဆုံးမိနစ်ကျမှ ကပ်ပြီး နောက်ကျော ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ပြီးတော့ ထိပ်ဆုံး ခေါင်းဆောင်နေရာရရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အားလုံး သူ့နှလုံးသားက ဒီလိုလုပ်ဟုပြောသောကြောင့်ဖြစ်သောဟူ၏။

ထိုသို့နှလုံးသားစိတ်ခံစားချက်အပေါ် မှီခိုနေမှုမှာ အာခီးလီး၏ ဖနှောင့်သဖွယ် လစ်ဘရယ်ဒီမိုကရေစီကို ထိုးနှက်စရာအားနည်းချက်ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် (ဘေဂျင်းမှ ဖြစ်စေ၊ ဆန်ဖရန်စစ္စကိုမှ ဖြစ်စေ) တစ်ဦးဦးကသာ လူသားများ၏ စိတ်နှလုံးသားကို လိုသလိုခံစားရအောင်လုပ်နိုင်သည့် နည်းပညာစွမ်းပကားရှိလာလေလျှင် ဒီမိုကရေစီနိုင်ငံရေးမှာ စိတ်ခံစားမှုကြိုးဆွဲရာ နောက်လိုက်ရသည့် ရုပ်သေးပွဲသာသာအဖြစ် လျှောကျပြောင်းလဲသွားနိုင်လေသည်။

အယ်လ်ဂိုရစ်သမ်ကို နားထောင်ပါ

လူတစ်ဦးချင်းစီ၏ ခံစားချက်များနှင့် လွတ်လပ်စွာရွေးချယ်မှုများအပေါ်ရှိသော လစ်ဘရယ်ယုံကြည်မှုမှာ သဘာဝအလျောက်ဖြစ်ခြင်းမဟုတ်သလို ရှေးကတည်းကရှိသော ယုံကြည်မှုမျိုးလည်း မဟုတ်ပေ။ နှစ်ထောင်ပေါင်းများစွာ လူများယုံကြည်ခဲ့သည်မှာ အာဏာသည်လူသားနှလုံးသားမှ လာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ဥပဒေများမှ ဆင်းသက်သည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူသားလွတ်လပ်မှုထက် ဘုရားသခင်၏ စကားလုံးများကို ပို၍ အလေးပေးသိဒ္ဓိတင်ကြသည်။ ပြီးခဲ့သော ရာစုနှစ်များကျမှသာ အာဏာသည် ကောင်းကင်ဘုံနတ်ဘုရားများဆီမှ ဆင်းသက်ခြင်းမဟုတ်တော့ဘဲ အသွေးနှင့်အသားနှင့် လူသားများဆီမှ ဆင်းသက်သည်ဟု ယုံကြည်လာခြင်းဖြစ်သည်။

သိပ်မကြာခင်အတွင်း အာဏာသည် လူသားများဆီမှ အယ်လ်ဂိုရစ်သမ်များဆီသို့ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်သည်။ဘုရားသခင်၏ အာဏာကို ဘာသာရေးပုံပြင်များဖြင့် တရားဝင်ဖြစ်အောင် လုပ်ခဲ့သည်။ လူသားများ၏ အာဏာကို လစ်ဘရယ်ပုံပြင်ဖြင့် တရားဝင်ဖြစ်အောင် လုပ်ခဲ့သည်။ ထို့အတူ လာမည့်နည်းပညာတော်လှန်ရေးမှာလည်း လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုဆိုသည့် အိုင်ဒီယာကို ဘေးဖယ်ပြီး မဟာဒေတာအယ်လ်ဂိုရစ်သမ်များ (Jig Data Algoritmhs) ၏ ဩဇာအာဏာကို ထူထောင်ကောင်း ထူထောင်လာနိုင်ပါသည်။

ပြီးခဲ့သောအခန်းတွင်လည်း ဆိုခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် ဦးနှောက်များ အလုပ်လုပ်ပုံကို သိပ္ပံနည်းကျသိလာသောအခါ ကျွန်ုပ်တို့၏ခံစားချက်များမှာ တစ်မူထူးခြားသည်ဆိုသော လူသားဝိဉာဉ်မှ လာခြင်း မဟုတ်သလို၊ ‘လွတ်လပ်သော ဆန္ဒ’ (Free Will)  မှ လာခြင်းလည်း မဟုတ်ကြောင်း သိလာရသည်။ တကယ်တမ်းတွင် ကျွန်ုပ်တို့၏ခံစားချက်များမှာ နို့တိုက်သတ္တဝါအားလုံးနှင့် ငှက်များကဲ့သို့ အသက်ရှင်နိုင်မှုနှင့် မျိုးပွားရန်အတွက် ဖြစ်တန်ရာစွမ်း (Probability) ကို တွက်ချက်သည့် ဇီဝဓာတုဖြစ်စဉ်များမှ လာခြင်းဖြစ်သည်။ ခံစားချက်များမှာ အလိုအလျောက်သိစိတ် (Intuition)၊ ဉာဏ်ကွန့်မြူးမှုနှင့် လွတ်လပ်မှုများမှလာခြင်းမဟုတ်ဘဲ တွက်ချက်မှုများကို အခြေခံပြီး ဖြစ်ပွားခြင်းဖြစ်သည်။

မျောက်တစ်ကောင် သို့မဟုတ် ကြွက်တစ်ကောင် သို့မဟုတ် လူသားတစ်ဦးက မြွေတစ်ကောင်ကို မြင်သောအခါ ကြောက်ရွံ့စိတ်ပေါ်လာခြင်းမှာ ဦးနှောက်အတွင်းမှ သန်းနှင့်ချီသော အာရုံကြောများသက်ဆိုင်ရာ သတင်းအချက်အလက်ဒေတာများကို လျင်မြန်စွာတွက်ချက်ပြီး သေဆုံးနိုင်ခြေမြင့်မားကြောင်း ကောက်ချက်ချမှုမှ လာခြင်း ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိသည့် ခံစားချက်ပေါ်ပေါက်ခြင်းမှာ ဇီဝဓာတုအယ်လ်ဂိုရစ်သမ်များက မျိုးပွားနိုင်ခြေအောင်မြင်နိုင်မှုနှင့် လူမှုရေးအရစည်းနှောင်မှု သို့မဟုတ် အခြားငမ်းငမ်းတက်လိုချင်နေသည့် ပန်းတိုင်တစ်ခုအောင်မြင်နိုင်ခြေမြင့်မားကြောင်း တွက်ချက်မှုမှ လာသည်။ မခံမရပ်နိုင် ဒေါသထွက်ခြင်း၊ အပြစ်မကင်းသလို ခံစားရခြင်း၊ ခွင့်လွှတ်ခြင်း စသည့် ကိုယ်ကျင့်တရားနှင့် ဆိုင်သည့် ခံစားချက်များမှာ အုပ်စုလိုက်ပေါင်းစည်းဆောင်ရွက်နိုင်ရန် အားပေးရန်ဆင့်ကဲဖြစ်စဉ်မှ ပေါ်ပေါက်လာသော ဦးနှောက်အာရုံကြောဖြစ်စဉ်များမှ လာသည်။ ယင်း ဇီဝဓာတုအယ်လ်ဂိုရစ်သမ်များမှာ နှစ်သန်းနှင့်ချီသော ဆင့်ကဲဖြစ်စဉ်မှ တစ်စတစ်စပုံဖော်လာခြင်းဖြစ်သည်။ မိမိ၏ ရှေးဘိုးဘေးတစ်ဦးဦး၏ ခံစားချက်တစ်ခုခုမှာ အမှားအယွင်းတစ်ခုလုပ်ဖြစ်သည်ဆိုလျှင် ယင်းခံစားချက်များကို ဖြစ်ပေါ်စေသော မျိုးဗီဇများကို နောက်မျိုးဆက်ကို လက်ဆင့်မကမ်းတော့ပေ။ သို့ဖြစ်ရာ ခံစားချက်များမှာ ကျိုးကြောင်းဆီလျော်မှုကို ဆန့်ကျင်ခြင်းမျိုးမဟုတ်ဘဲ ဆင့်ကဲဖြစ်စဉ်အရ ကျိုးကြောင်းဆီလျော်မှုကို ကိုယ်စားပြုနေခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေနှင့် ခံစားချက်များမှာ အမှန်တကယ်တွင် တွက်ချက်မှုများသာဖြစ်ကြောင်း များသောအားဖြင့် သဘောမပေါက်ကြပေ။ အဘယ့်ကြောင့်ဆိုသော် တွက်ချက်သည့် ဖြစ်စဉ်မှာ ကျွန်ုပ်တို့ သိနိုင်သည်ထက် အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ဦးနှောက်အတွင်းမှ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေးနှင့် မျိုးပွားနိုင်မှုတို့နှင့် သက်ဆိုင်သော ဖြစ်တန်ရာစွမ်းတွက်ချက်မှုများကို ခံစားသိရှိခြင်း မရှိပေ။ သို့ဖြစ်ရာ မြွေကု ကြောက်ခြင်း၊ လိင်ဆက်ဆံရန် အဖော်ရွေးချယ်ခြင်း သို့မဟုတ် ဥရောပသမဂ္ဂနှင့်စပ်လျဉ်းသော ကျွန်ုပ်တို့၏ အထင်အမြင်များမှာ လျှို့ဝှက်ဆန်းကြယ်သည့်  ‘လွတ်လပ်သော ဆန္ဒ’ (Free Will) မှလာခြင်းဖြစ်သည်ဟု မှားယွင်းစွာထင်မြင်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ လစ်ဘရယ်ဝါဒမှာ ကျွန်ုပ်တို့၏ ခံစားချက်များသည် လွတ်လပ်သော ဆန္ဒကို ကိုယ်စားပြုသည်ဟု ယူဆခြင်းမှာ မှားယွင်းသည်ဆိုသော်လည်း ခံစားချက်များအပေါ်မူတည်၍ ဆုံးဖြတ်ခြင်းမှာ ယနေ့ခေတ်အထိ လက်တွေ့ကျနေသေးသည်သာ ဖြစ်ပါ၏။ ကျွန်ုပ်တို့၏ခံစားချက်များမှာ လျှို့ဝှက်ဆန်းကြယ်ခြင်းမရှိသလို၊ လွတ်လပ်ခြင်း မရှိသည်မှန်သော်လည်း ဘယ်ဘာသာရပ်သင်ယူမည်၊ ဘယ်သူနှင့် အိမ်ထောင်ပြုမည်၊ ဘယ်ပါတီကို မဲပေးမည်ဆုံးဖြတ်ရာတွင် ယင်းတို့မှာ လောကထဲတွင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ကျွန်တော့်ခံစားချက်များကို ကျွန်တော့်ထက်ပိုပြီး မည်သည့် ပြင်ပစနစ်ကမှ နားလည်နိုင်မည် မဟုတ်ပေ။ ရှေးခေတ်စပိန်ထောက်လှမ်းရေးအဖွဲ့ (Spanish Inquisition – ၁၄၇၈ ခုနှစ်တွင် စပိန်၌ တည်ထောင်ခဲ့သော၊ ကက်သလစ်  ဘာသာရေးနှင့် ပတ်သက်ပြီး ဘာသာရေးအဆုံးအမများကို ချိုးဖောက်မှုရှိ မရှိ ထောက်လှမ်းသည့် အဖွဲ့ဖြစ်သည်) နှင့် ဆိုဗီယက်ကေဂျီဘီက ကျွန်တော့်ကို အချိန်ပြည့်ထောက်လှမ်းနေပါသည်ဆိုဦးတော့။ သူတို့တွင် ကျွန်တော့်လိုအင်ဆန္ဒများနှင့် ကျွန်တော့်ရွေးချယ်မှုများကို ဖြစ်ပေါ်စေသည့် ဇီဝဓာတုဖြစ်စဉ်များကို ဖောက်ထွင်းသိမြင်နေနိုင်သည့် ဇီဝဗေဒနှင့် ဆိုင်သော အသိပညာနှင့် တွက်ချက်နိုင်စွမ်းအား မရှိပေ။ ထို့ကြောင့် လက်တွေ့ကျကျပြောကြကြေးဆိုလျှင် ကျွန်တော့်တွင် လွတ်လပ်သော စိတ်ရှိပါသည်ဟု ငြင်းချက်ထုတ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်စိတ်ဆန္ဒကိုပုံဖော်နေသည်မှာ အတွင်းအဇ္ဈတ္တတွင်ဖြစ်နေသော ကိစ္စများဖြစ်ပြီး ပြင်ပမှ သူများဖောက်ထွင်းသိမြင်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ကျွန်တော့်အနေနှင့် ကိုယ့်အတွင်းပိုင်း နယ်ပယ်ကို ကိုယ်ထိန်းချုပ်နိုင်သည်ဟု အထင်များနှင့် ကျွန်တော့် အတွင်းအဇ္ဈတ္တကို ထိန်းချုပ်နိုင်သည်ဟု ထင်မြင်နေနိုင်သည်။ ပြင်ပမှ သူများက ကျွန်တော် မည်သို့ဆုံးဖြတ်သည်၊ အတွင်းတွင် ဘာတွေဖြစ်နေသည်ကို မသိနားမလည်နိုင်ပေ။

သို့ဖြစ်ရာ လစ်ဘရယ်ဝါဒက ဘုန်းကြီးများနှင့် ပါတီလူကြီးများ ပြောသည်ကို နာခံစရာမလိုဘဲ လူအများကို မိမိနှလုံးသားက ဆုံးဖြတ်သည်ကို လိုက်နာဖို့တိုက်တွန်းခြင်းက မှန်ပါသည်။ သို့သော် မကြာမီတွင် ကွန်ပျူတာအယ်လ်ဂိုရစ်သမ်များက လူသားစိတ်ခံစားချက်များထက် ပိုပြီးသာသည့် အကြံဉာဏ်များ ပေးလာကောင်း ပေးလာတော့မည်ဖြစ်ပါသည်။ စပိန်ထောက်လှမ်းရေးနှင့် ကေဂျီဗီနေရာတွင် Google နှင့် Baidu တို့ ဝင်နေရာယူလာမည်ဖြစ်ပြီး ‘လွတ်လပ်သောစိတ်’ဆိုသည်မှာ ဒဏ္ဍာရီ ယုံတမ်းစကားသာဖြစ်ကြောင်း ဖော်ထုတ်လာမည်ဖြစ်သည်။ ထိုအခါ လစ်ဘရယ်ဝါဒမှာ သူ့၏လက်တွေ့ကျသည့် အားသာချက်များကို ဆုံးရှုံးကောင်း ဆုံးရှုံးတော့မည်ဖြစ်သည်။

ကျွန်ုပ်တို့မှာ ယခုအခါအလွန်ကြီးမားသည့်တော်လှန်ရေးဖြစ်စဉ်ကြီးနှစ်ခု တစ်ပြိုင်တည်းဖြစ်ပွားသည့်အချိန်သို့ ရောက်ရှိနေသည်။ တစ်ဖက်တွင် ဇီဝဗေဒပညာရှင်များမှာ လူသားခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နေပြီး အထူးအားဖြင့် ဦးနှောက်နှင့် ခံစားချက်များ မည်သို့အလုပ်လုပ်သည်ကို လေ့လာနေကြသည်။ တစ်ချိန်တည်းမှာပင် ကွန်ပျူတာသိပ္ပံပညာရှင်များမှာ မကြုံစဖူးထူးကဲသည့် ကွန်ပျူတာတွက်ချက်နိုင်မှုစွမ်းရည်ကို ရရှိလာကြသည်။ ဇီဝနည်းပညာ (Biotech)  တော်လှန်ရေးနှင့် သတင်းအချက်အလက်နည်းပညာ (Infotech) တို့ ပေါင်းဆုံသောအခါ ကျွန်တော်တို့၏ ခံစားချက်များကို ကျွန်တော်တို့ထက်  ပိုပြီး သိနားလည်တိုင်းထွာနိုင်သည့် မဟာဒေတာ (Big Data) အယ်လ်ဂိုရစ်သမ်များပေါ်ပေါက်လာတော့မည် ဖြစ်သည်။ ထိုအခါ လူသားများဆီမှ အာဏာမှာ ကွန်ပျူတာများဆီသို့ ရောက်တော့မည်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကျွန်တော်တို့အတွင်းအဇ္ဈတကို နားလည်နိုင်၊ လိုသလို ဖန်တီးပြုပြင်နိုင်သည့် အင်စတီးကျူးရှင်းများ၊ ကော်ပိုရေးရှင်းကြီးများ၊ အစိုးရဌာနများကို ကြုံတွေ့လာရတော့မည် ဖြစ်သည်။ ကျွန်တော့်ကိုယ် ကျွန်တော် ‘လွတ်လပ်သောဆန္ဒ’ရှိသည်ဟု ထင်ထားသော အထင်မှားမှာလည်း ထိုအခါပြိုပျက်တော့မည့် အခြေအနေသို့ ရောက်လာကောင်း ရောက်လာနိုင်ပါသည်။

အဆိုပါဖြစ်ရပ်မှာ ဆေးပညာလောကတွင် စတင်ဖြစ်ပွားနေပြီဖြစ်သည်။ ကျွန်တော်တို့ဘ၀နှင့် သက်ဆိုင်သော အရေးကြီးသည့် ကျန်းမာရေးဆိုင်ရာဆုံးဖြတ်ချက်များကို ကျွန်တော်တို့ နေလို့ကောင်းသလား၊ နေလို့မကောင်းဘူးလား စသည့်ခံစားချက်များအပေါ် မူတည်ပြီး ဆုံးဖြတ်ခြင်းမဟုတ်ပေ။ အမှန်တကယ်အားဖြင့် ဆေးပညာတတ်ကျွမ်းသည့် ဆရာဝန်များ၏ ခန့်မှန်းတွက်ချက်မှုအပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ခြင်းတောင် မဟုတ်ပေ။ ကျွန်တော်တို့ခန္ဓာကိုယ်အကြောင်း ကျွန်တော်တို့ထက် အများကြီးပိုနားလည်သည့် ကွန်ပျူတာများ၏ တွက်ချက်အဖြေထုတ်မှုအပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။ လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း မဟာဒေတာအယ်လ်ဂိုရစ်သမ်များမှာ အဆက်မပြတ် ကျွန်တော်တို့ ခန္ဓာကိုယ်ကို တိုင်းထွာနေသည့် ဇီဝတိုင်းထွာချက်များမှတစ်ဆင့် ကျွန်တော်တို့၏ ကျန်းမာရေးကို ၂၄ နာရီ  ပတ်လုံး စောင့်ကြည့်ကောင်း စောင့်ကြည့်လာနိုင်တော့မည်ဖြစ်သည်။ ကျွန်တော်တို့ နေမကောင်းဖြစ်သည့် ခံစားချက်ပင် မရသေးခင် အစောကြီးကတည်းက တုပ်ကွေးအစပျိုးလာမှု၊ ကင်ဆာဖြစ်လာမှု၊ သို့မဟုတ် အယ်လ်ဇိုင်းမားအစပျိုးလာမှုတို့ကို သူတို့က သိရှိကောင်းသိရှိနေမည်ဖြစ်သည်။ ထို့နောက် ကျွန်တော်တို့ တစ်ဦးချင်းဆီ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ၊ စိတ်နေစိတ်ထား၊ ကျွန်တော်တို့၏ ဒီအင်အေနှင့် ကိုက်ညီ အောင်ပြုလုပ်ထားသော ကုသနည်းများ၊ အစားအသောက်များ၊ နေ့စဉ်သောက်ဆေးများကို ပေးနိုင်ကောင်း ပေးလာနိုင်မည်ဖြစ်ပါသည်။

လူအများမှာ သမိုင်းတစ်လျှောက်အကောင်းဆုံးလို့ ပြောရမည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရတော့မည်ဖြစ်သည်။ သို့သော် ထို့ကြောင့်ပင် သူတို့အနေနှင့် တစ်ချိန်လုံးဖျားနာနေပါသည်ဟုလည်း ခံစားရနိုင်သည်။ ခန္ဓာကိုယ်၏ တစ်နေရာတွင် အမြဲတမ်းတစ်ခုခုတော့ ဖြစ်နေသည်သာပင်။ တစ်ခုခုကိုတော့ ပိုကောင်းလာအောင် လုပ်လို့ရသေးသည်သာပင်။ ယခင်ကမူ တစ်နေရာရာတွင် နာကျင်မှုမခံစားရသေးသရွေ့ လုံးဝနေကောင်းကျန်းမာသည်ဟု ယူဆသည်။ ပုံမှန်အတိုင်းသန်စွမ်း နေသေးသရွေ့ (ဥပမာ – တစ်နေရာရာတွင် ပျော့ခွေနေခြင်း မရှိသရွေ့) မသန်မစွမ်းဖြစ်နေသည်ဟု မယူဆပေ။ သို့သော် ၂၀၅၀ တွင် ဇီဝတိုင်းထွာမှုအာရုံခံကိရိယာများနှင့် မဟာဒေတာအယ်လ်ဂိုရစ်သမ်များကြောင့် ရောဂါများမှာ နာကျင်မှုမခံစားရသေးခင်၊ မသန်မစွမ်းဖြစ်သည့် အဆင့်သို့ မရောက်သေးခင်ပင် ကုသကောင်း ကုသလာနိုင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ စာဖတ်သူအနေနှင့် ‘ရောဂါတစ်ခုခု’ အမြဲရှိနေသည့် အခြေအနေသို့ ရောက်နေမည်ဖြစ်ပြီး အယ်လ်ဂိုရစ်သမ်၏ အကြံပေးချက်တစ်ခုခုအတိုင်း ဆောင်ရွက်ရမည့် အခြေအနေသို့ ရောက်နေနိုင်သည်။ မဆောင်ရွက်ဘဲ ငြင်းဆိုပါက ကျန်းမာရေးအာမခံဆုံးရှုံးမည့်အဖြစ် သို့မဟုတ် အလုပ်ရှင်က အလုပ်ထုတ်သည့် အဖြစ်သို့ ရောက်ကောင်း ရောက်နိုင်သည်။ စာဖတ်သူ၏ခေါင်းမာမှုအတွက် အဘယ့်ကြောင့် သူတို့က ပိုက်ဆံဆုံးရှုံးခံနိုင်ပါမည်နည်း။

ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကင်ဆာဆက်စပ်နေသည်ဆိုသော ယေဘုယျကိန်းဂဏန်းများရှိသည့်တိုင် ဂရုမစိုက်ဘဲ ဆေးလိပ်ဆက်သောက်နေခြင်းက တစ်ကိစ္စ။ ဇီဝတိုင်းထွာသည့် အာရုံခံကိရိယာများမှ စာဖတ်သူ၏ ဘယ်ဘက်အဆုတ်အပေါ်ပိုင်းတွင် ကင်ဆာဆဲလ် ဆယ့်ခုနစ်ခုကို တွေ့ပါသည်ဆိုပြီး တိတိကျကျ သတိပေးသည့်အဖြစ်မျိုး ရောက်လာသည့်တိုင်အောင် ဆေးလိပ်ဆက်သောက်ဖို့ဆိုတာကတော့ ခုနက ကိစ္စလိုမဟုတ်တော့ဘဲ လုံးလုံးခြားနားသည့် ကိစ္စဖြစ်လာပေသည်။ ထို့အပြင် စာဖတ်သူအနေနှင့် အာရုံခံကိရိယာများ၏ သတိပေးချက်ကို မလိုက်နာဘဲ နေချင်သည်ဆိုဦးတော့။ ထိုအာရုံခံကိရိယာများက သူ့၏တွေ့ရှိချက်၊ သတိပေးချက်များကို စာဖတ်သူ၏ အာမခံကုမ္ပဏီ၊ အလုပ်ရှင်၊  မန်နေဂျာ သို့တည်းမဟုတ် စာဖတ်သူ၏ အမေဆီသို့ပို့လိုက်ပါပြီ ဆိုပါက စာဖတ်သူ ဘာလုပ်မည်နည်း။

ဤကဲ့သို့သော ရောဂါမျိုးစုံကိုလိုက်ပြီး ဖြေရှင်းနေရန် မည်သူ့တွင် အချိန်နှင့် အားရှိပါမည်နည်း။ ဖြစ်နိုင်သည်မှာ ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့်ဆိုင်သော အယ်လ်ဂိုရစ်သမ်ကို ဤကိစ္စများကို သူထင်သလို ဖြေရှင်းရန် ညွှန်ကြားချက်ပေးထားခြင်းမျိုး ဖြစ်လာနိုင်သည်။ အလွန်ဆုံးဖြစ်နိုင်သည်မှာ အယ်လ်ဂိုရစ်သမ်ကု ကျွန်ုပ်တို့၏ စမတ်ဖုန်းများဆီသို့ ကျန်းမာရေးနှင့် သက်ဆိုင်သည့် နောက်ဆုံးအချက်လက်များကို အချိန်အပိုင်းအခြားနှင့် ပို့ပေးနေမည်မျိုးဖြစ်နိုင်ပါသည် – ‘ကင်ဆာဆဲလ်ဆယ့်ခုနစ်လုံးတွေ့၊ သုတ်သင်ပြီး’ဆိုတာမျိုး ဖြစ်နိုင်ပါသည်။ ကျန်းမာရေးအပေါ် ကြောင့်ကြအားကြီး သူတို့အဖို့ ယင်းနောက်ဆုံးအချက်အလက်များကို သစ္စာရှိရှိလိုက်ဖတ်ကောင်း လိုက်ဖတ်မည်ဖြစ်သော်လည်း အများစုအဖို့မှာမူ ကွန်ပျူတာမှာ တက်လာသည့် ဗိုင်းရပ်စ်အချက်ပြသတိပေးချက်များကို မမှုသလို၊ ကျန်းမာရေးဆိုင်ရာ နောက်ဆုံးအချက်အလက်များကိုလည်း အမှုမထား၊ ဘာသိဘာသာနေကြမည်သာဖြစ်ပေသည်။

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *