နှစ်ဖက်ကြား အခက်တွေ့နေသည့် ရန်ကုန်ခွေးပြဿနာ

ရန်ကုန်မြို့တော်က ခွေးပြဿနာကို ဖြေရှင်းရန် စည်ပင်က နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သည်။ နောက်ဆုံးအကြိမ် လုပ်လာသည့်နည်းလမ်းမှာ ခွေးဂေဟာများသို့ ပို့ဆောင်ခြင်းဖြစ်သည်။ သို့သော်လည်း အနှောင့်အယှက်များ ရှိနေပြန်သည်။

ခွေးဂေဟာသို့ ပို့မည့် လေလွင့်ခွေးများကို ခွေးချစ်သူများက ဝင်လုခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးစိုက်ရာ ရန်ကုန်မြို့တော်ခန်းမရှိသည့် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ၌ မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်တံတားမြို့နယ်ရှိ လေလွင့်ခွေးများကို စည်ပင်၏ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ဖမ်းဆီးကာ လှိုင်သာယာမြို့နယ်ထိန်ပင်ရှိ စည်ပင်ပိုင်ခွေးဂေဟာသို့ ပို့ဆောင်ရန် ဖမ်းဆီးနေစဉ် ခွေးချစ်သူလေးဦး ရောက်ရှိလာကာ ဖမ်းဆီးမိသည့် ခွေးခြောက်ကောင်ကို လွှတ်ပေးခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

“စည်ပင်သာယာဝန်ထမ်းတွေ တစ်မနက်လုံးဖမ်းထားတဲ့ ခြောက်ကောင်ပဲ ရသေးတယ်။ ကားပေါ်ရောက်နေတဲ့ ဟာကို ကြိုးတွေဖြေပြီးတော့၊ ကားပေါ်ကနေ ဆွဲချပြီးတော့ ပြန်လွှတ်ပေးတာ ဒါက အမှန်ဆိုရင် ဝတ္တရားနှောင့်ယှက်မှုဖြစ်တယ်လေ” ဟု ၎င်းက ဆိုသည်။

ခွေးချစ်သူများကမူ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာ၏ စွပ်စွဲချက်ကို ငြင်းဆိုသည်။

စည်ပင်ဝန်ထမ်းများက ခြေလက်၊ နှုတ်သီးတို့ကို ကြိုးတုပ်ကာသယ်လာစဉ် နှုတ်သီးကြိုးပြေသဖြင့် အကိုက်ခံရမည်စိုးရိမ်သောကြောင့် ဆက်မသယ်ဘဲ လမ်းလယ်တွင် ပစ်ချထားသည့် ခွေးကိုသာ ကြိုးဖြေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမူ လေလွင့်ခွေးများကို လုယူလွှတ်ပေးခဲ့သည့် ခွေးချစ်သူများကို အရေးယူရန်စီစဉ်နေကြောင်း သတင်းမီဒီယာများသို့ ပြောဆိုထားသည်။ ဝတ္တရားနှောင့်ယှက်မှုဖြင့် စည်ပင်က တရားစွဲဆိုပါက ခွေးချစ်သူများကလည်း အသရေဖျက်မှုဖြင့် တရားပြန်စွဲမည်ဟုဆိုသည်။

“ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) ထိပ်မှာ CCTV တွေရှိတယ်။ အစ်ကိုတို့မှာ သက်သေအထောက်အထားတွေ ရှိတယ်။ သူတို့လီဆယ်ပြီး တိုင်ရင် သူတို့ကို အစ်ကို အသရေဖျက်မှုနဲ့ ပြန်ပြီးတော့ တရားစွဲမှာ” ဟုဦးသန့်စင်က ပြောကြားသည်။

စည်ပင်၊ ခွေချစ်သူတို့ကြား ပြဿနာဖြစ်ပွားသည်က ယခုအချိန်မှ စတင်ခြင်းတော့ မဟုတ်။ ခွေးရူးချိန်ဟုဆိုကြသည့် လက်ပံပွင့်ချိန်ရောက်တိုင်း ဖြစ်နေကျ။

သို့သော်ယခုတစ်ကြိမ်တွင်မူ ခွေးချစ်သူများဝေဖန်တိုက်ခိုက်ခံရသည့်အပြင် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့ကိုလည်း ခွေးချစ်သူအချို့က ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ကြသည်။

သာကေတမြို့နယ်ရှိ အသက် ၁၂ အရွယ်ကျောင်းသားတစ်ဦး ခွေးရူးအကိုက်ခံရသဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်တွင် သေဆုံးခဲ့သည်။ နာရေးဖိတ်စာတွင် ခွေးရူးအကိုက်ခံရ၍ သေဆုံးကြောင်း ရေးသားထားသည်။ ထိုနာရေးဖိတ်စာသည် Facebook တွင် ပျံ့နှံခဲ့သည်။ ယင်းနောက် ခွေးလေခွေးလွင့်ရှင်းလင်းရေး အသံကျယ်လာသည်။

ထို့ပြင် အစိုးရဆေးရုံများတွင် ခွေးရူးရောဂါကာကွယ်ဆေးလုံလောက်စွာ မရှိသည့်အပြင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ထိုးနှံပါက ကျပ်သောင်းဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ အကုန်အကျရှိသောကြောင့် ခွေးလေခွေးလွင့်များကို စည်ပင်က နှိမ်နင်းပေးရန် တောင်းဆိုကြသည်။

မတ်လ ၃၁ ရက်နေ့တွင် ပြည်သူ့ဆန္ဒမဲဖြင့် စည်ပင်ရွေးကောက်ပွဲအနိုင်ရရှိကာ ဒုတိယမြို့တော်ဝန်ဖြစ်လာသူ ဦးစိုးလွင်ကမူ ခွေးများကို အဆိပ်ချနှိမ်နင်းခြင်းကို လက်သင့်မခံသူဖြစ်သည်။

သာကေတမြို့နယ်ရှိ ကလေးငယ်ခွေးရူးအကိုက်ခံရခြင်းကြောင့် သေဆုံးပြီး နှစ်ရက်အကြာတွင် ဒုတိယမြို့တော်ဝန်က ၎င်း၏ Facebook စာမျက်နှာတွင် ‘ခွေးများကို အဆိပ်ချသတ်ဖြတ်မူ မပြုလုပ်ရန် ညွှန်ကြားထားပြီး နောက်နောင်အဆိပ်ချသတ်ဖြတ်ခြင်းမပြုရန်နှင့် မဖြစ်ပွားစေရန်အထူးကြပ်မတ်ဆောင်ရွက် သွားပါမည်’ ဟု ရေးသားခဲ့သည်။

ထိုနောက်တွင် လေလွင့်ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် မျိုးဆက်ပြန့်ပွားမှုထိန်းချုပ်ရန် ခွေးချစ်သူများနှင့် ပူးပေါင်းဆောင်ရွက်သည်။

လှိုင်မြို့နယ်ရှိ ခွေအကောင် ၇၀၀ ကျော်နှင့် သာကေတမြို့နယ်ရှိ ခွေး အကောင် ၂၀၀၀ ခန့်ကို သင်းကွပ်ခြင်း၊ သားကြောဖြတ်ခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းစသည်များကို ဆောင်ရွက်ပြီး ဒုတိယမြို့တော်ဝန်ဦးစိုးလွင်က ရန်ကုန်မြို့တော်၏ ခွေးပြဿနာကို စတင်ကိုင်တွယ်ခဲ့သည်။

ခွေးရူးကိုက်ခံရ၍ ကျောင်းသား သေဆုံးခဲ့သော သာကေတမြို့နယ်တွင် နေထိုင်သူအချို့ကမူ ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ မျိုးဆက်ပြန့်ပွားထိန်းချုပ်ရုံဖြင့် အားရကျေနပ်ဟန်မတူ။ အပြီးတိုင်ရှင်းလင်းပေးရန် လိုလားဟန်တူသည်။ ယင်းအနက် သာကေတမြို့နယ် ရန်ပြေရပ်ကွက်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းဦးဇော်လေးလည်း ပါဝင်သည်။

“ခွေးတွေ မရှိတာ ကောင်းတယ်။ သူခိုးကျ မဟောင်ဘူး။ ညဘက်ပြန်လာတဲ့ သူကျ ဝိုင်းဆွဲကြတယ်” ဟု ၎င်းက ဆိုသည်။

ရပ်ကွက်အတွင်းရှိ လေလွင့်ခွေးများကို ပြန်လွှတ်ပေးပါက ခွေးကိုက်ခံရခြင်းများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ကြသည်။ ခွေးများကို သင်းကွပ်ခြင်း၊ သားကြောဖြတ်ခြင်း ပြုလုပ်ပြီး ရပ်ကွက်ထဲ ပြန်လွှတ်ထားခြင်းကို ပြည်သူများက လက်မခံကြကြောင်း သာကေတမြို့နယ်မဲဆန္ဒနယ်၏ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

“သူတို့က မခေါ်ဘူး။ ဒီနေရာမှာပဲ ခွေးကို ပြန်ထားမယ်ပြောတယ်။ အဲဒီတော့ ပြည်သူတွေအကိုက်ခံရတာ လျော့သွားတာမှ မဟုတ်တာ” ဟု ၎င်းက ဆိုသည်။

လေလွင့် ခွေးပြဿနာတွင် ဒေါ်သက်ထားနွယ်ဝင်းကဲ့သို့ တက်ကြွစွာ ပါဝင်သည့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များမှာ အင်တာနက်လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန်ဝေဖန်ခံရခြင်း၊ ဆဲဆိုခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့နေရသည်။

နှစ်ကာလကြာရှည် မဖြေရှင်းနိုင်သေးသည့် ခွေးပြဿနာကို ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသည့် စည်ပင်ကော်မတီဝင်များလက်ထက်တွင် ဖြေရှင်းနိုင်ပါမည်လော။

ပြည်သူ့ဆန္ဒမဲဖြင့် တက်လာသည့် ကိုယ်စားလှယ် ၁၀၅ ဦး ရန်ကုန်စည်ပင်သို့ ရောက်ရှိလာသည့်တိုင် စည်ပင်၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများက သိသိသာသာ ပြောင်းလဲလာခြင်းကို မတွေ့ရသေးချေ။ ယင်းအနက် လေလွင့်ခွေးပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံမှာလည်း မေခွန်းထုတ်စရာအချက်များ ရှိနေသည်။

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၏ လူမှုကွန်ရက်စာမျက်နှာတွင် လေလွင့်ခွေးရှင်းလင်းပေးရန် တောင်းဆိုသူများ မနည်း။

လေလွင့်ခွေးပြဿနာကို မည်သို့ဆောင်ရွက်မည်နည်းဟု မြို့တော်ဝန်ကို The Voice Journal ကမေးမြန်းရာ “အဓိကတော့ လမ်းပေါ်မှာ ခွေးမရှိဖို့ပဲ။ ခွေးကို မုန်းလို့ မဟုတ်ဘူး။ လူအတွက် အန္တရာယ်ရှိလို့” ဟု ဖြေကြားသည်။ သို့သော်မည်သည့်နည်းလမ်းသုံး၍ ဖြေရှင်းမည်ကို တိတိကျကျထုတ်မပြောခဲ့ပေ။

ကိုယ်တိုင်လည်း ခွေးချစ်သူတစ်ဦးဟု ရန်ကုန်တိုင်းလွှတ်တော်အစည်းဝေးတွင် ဝန်ခံပြောကြားဖူးသည့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည် လေလွင့်ခွေးများထားရှိရန် လှိုင်သာယာထိန်ပင်တွင် ခွေကောင်ရေ ၅၀၀ ခန့်ဆံ့သည့် ခွေးဂေဟာကို တည်ဆောက်ပေးထားသည်။

သို့သော်လည်း ရန်ကုန်မြို့ရှိ လမ်းမများတွင် လေလွင့်ခွေးကောင်ရေမှာ လျော့နည်းခြင်း မရှိချေ။ တိုးလာသည်က ခွေးကိုက်ခံရသည့် ရန်ကုန်သူ၊ ရန်ကုန်သားများတည်း။

မေလ ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ်တွင် ကလေးငယ်တစ်ဦး ခွေးအကိုက်ခံရသည့်အတွက် အသက်သေဆုံးခဲ့ပြီး ထိုနေ့ တစ်ရက်တည်းတွင် နောက်ထပ်ကလေးငယ်နှစ်ဦး ခွေးကိုက်ခံရသည့်အတွက် လူနာတင်ယာဉ်ဖြင့် ဆေးရုံလိုက်ပို့ခဲ့ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်နော်လှလှစိုးက ၎င်း၏ Facebook အကောင့်တွင် ရေးသားထားသည်။

ယင်းအပြင် အင်းစိန်မြို့နယ်တွင် ဆေးခန်းပြရန်လာသည့် လူနာအမျိုးသမီးတစ်ဦး ခွေးကိုက်ခံရသည့်အတွက် လေလွင့်ခွေးပြဿနာကို ပြတ်ပြတ်သားသား လုပ်ရမည့်အချိန်ရောက်လာပြီဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် နေထိုင်သည့် ဒေါ်သူဇာတို့မိသားစုဆိုလျှင် လေးနှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်နောက်တစ်ဦးမှာ နှစ်လသာခြား၍ လေလွင့်ခွေးအကိုက်ခံခဲ့ရသည်။ ၎င်း၏ လေးနှစ်အရွယ် ကလေးငယ်မှာ အိမ်ခြံဝင်း အပြင်ထွက်ကစားရာမှ ခွေးကိုက်ခံရခြင်း ဖြစ်သည်။

“ကလေးက တအားကြောက်သွားတယ်။ ခွေးတွေ့ရင် အော်တာပေါ့” ဟု ဒေါ်သူဇာက ဆိုသည်။

ကလေးငယ်ကို ကိုက်သည့် ခွေးမှာ ခွေးရူးရောဂါကာကွယ်ဆေးထိုးထားခြင်း မရှိသည့်အတွက် ကလေးကို ခွေးရူးရောဂါကာကွယ်ဆေးသုံးလုံးထိုးပေးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

ခွေးချစ်သူများကမူ လေလွင့်ခွေးများမှာ သက်တမ်းစေ့နေနိုင်ရေးအတွက် ငွေကြေးအကုန်အကျခံကာကာကွယ် စောင့်ရှောက်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ကြသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ခွေးကိုက်ခံရသူ မည်မျှရှိသနည်း။

မြန်မာတစ်နိုင်ငံလုံးတွင် လေလွင့်ခွေးကောင်ရေ ၃ ဒသမ ၈ သန်းရှိပြီး နှစ်စဉ်ခွေးကိုက်ခံရသူ နှစ်သိန်းနီးပါးရှိကာ ယင်းအနက်ခွေးရူးရောဂါကြောင့် ၂၀၁၇ ခုနှစ်တွင် ၇၈ ဦး၊ ၂၀၁၈ တွင် ၆၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။

ရန်ကုန်တိုင်းတွင် နှစ်စဉ်ခွေးကောင်ရေ ၂၀ ရာခိုင်နူန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးပွားလျက်ရှိပြီး စုစုပေါင်း ခွေးကောင်ရေနှစ်သိန်းနီးပါးခန့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစာရင်းများအရ သိရှိရသည်။

လေလွင့်ခွေးများကို ရန်ကုန်စည်ပင်က ခေတ်အဆက်ဆက်အဆိပ်ချသုတ်သင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခွေးချစ်သူများက ကန့်ကွက်သည့်အတွက် အဆိပ်ချသုတ်သင်ခြင်းကို လျှော့ချကာ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးခြင်း၊ သားဆက်ခြားသင်းကွပ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခွေးကောင်ရေသုံးသောင်းကျော်(၃၈,၁၅၆) သုတ်သင်ခဲ့သော်လည်း နှစ်စဉ်လျှော့ချကာ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်မူ ခွေးကောင်ရေနှစ်သောင်းကျော် (၂၂,၂၀၃) သုတ်သင်ခဲ့ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏စာရင်းများအရ သိရှိရသည်။

ခွေးသည် ပေါက်ဖွားနှုန်းမြင့်မားသည့် တိရစ္ဆာန်ဖြစ်သည်နှင့်အညီ သင်းကွပ်ခြင်း၊ သုတ်သင်ခြင်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်လျှင် တစ်နှစ်လျှင် ခွေးကောင်ရေထက်ဝက်နီးပါးမြင့်တက်လာနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ရန်ကုန်တွင် နေထိုင်သူအများစုကမူ အဆိပ်ချခြင်းထက် သားဆက်ခြားသင်းကွပ်ကာ ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးရန် လိုလားသူများရှိသကဲ့သို့ ခွေးများကို လမ်းပေါ်တွင် မတွေ့မြင်လိုသူများလည်း ရှိသည်။

၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေတွင် အန္တရာယ်ရှိစေသော တိရစ္ဆာန်များကို သင့်တော်သော နည်းဖြင့် ရှင်းလင်းရန်နှင့် လိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန်မွေးမြူ ခြင်းကို အရေးယူရန် အတိအလင်းပြဋ္ဌာန်းထားသည်။ ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေဖြင့် လေလွင့်ခွေးပြဿနာကို အဖြေရှာနိုင်မည်လော။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပဲ့ကိုင်ရှင်ဟုဆိုနိုင်သူ မြို့တော်ဝန်ဦးမောင်မောင်စိုးကမူ လေလွင့်ခွေးနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်ဆောင်ရွက်မည်နည်းဟူသည့် The Voice Journal ၏မေးမြန်းချက်ကို အောက်ပါအတိုင်းဖြေကြားသည်။

“ခွေးနဲ့ လူနဲ့ ဘယ်ဟာတန်ဖိုးထားမလဲဆို လူကို တန်ဖိုးထားမယ်”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *