ထိန်းချုပ်ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်

ရန်ကုန်၊ မေ ၃၀

အသေးစားစိတ်ဝေဒနာနှင့် အလွန်အမင်းအကိုက်အခဲဝေဒနာများအတွက် အသုံးပြုပြီး Tramadol ပါဝင်သည့် ဆေးများကို လွယ်လင့်တကူဝယ်ယူရရှိနိုင်ရန် အစိုးရအနေနှင့် စီစဉ်လျက်ရှိကြောင်း မေလ ၃၀ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၂) မှ ဦးထွန်းထွန်းဦး၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ထိန်းချုပ်ဆေးဝါးတွေကို ရောင်းချတဲ့သူတွေကို မရောင်းရဘူး မဟုတ်ပါဘူး။ ရောင်းလို့ ရတယ်။ အထူးထိန်းချုပ်ဆေးတွေကိုလည်း ရောင်းလို့ ရတယ်။ လျှောက်လွှာလျှောက်ရမယ်။ အဆင့်ဆင့်ထောက်ခံချက်တွေ ပေးပါတယ်”ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယင်းဆေးဝါးများကို ပုဂ္ဂလိကဆေးရုံများအပြင် အထူးကုဆေးခန်းများ၊ မြို့ပြနှင့် အလှမ်းဝေးသည့် ကျေးလက်များအတွက် သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ ကျန်းမာရေးဦးစီးမှူးများ၏ ထောက်ခံချက်ဖြင့် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ရောင်းချလိုသူများအနေနှင့် သက်ဆိုင်ရာ အမြို့မြို့အနယ်နယ်ရှိ ဆေးရုံအုပ်ကြီးမှတစ်ဆင့် ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုကော်မတီသို့ လျှောက်ထားပြီး လိုင်စင်ရရှိပါက တရားဝင်ရောင်းချနိုင်မည်ဖြစ်သည်။ ဝယ်ယူလိုသူများအနေနှင့်လည်း ဆရာဝန်ကြီး (သို့မဟုတ်) သက်ဆိုင်ရာ ဆရာဝန်ထံမှ ဆေးညွှန်းစာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး (သို့မဟုတ်) ညွှန်ကြားရေးမှူးများထံမှ ထောက်ခံချက်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

လက်ရှိတွင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ အထူးထိန်းချုပ်ဆေးဝါး  Tramadol ပါဝင်သည့် ဆေးများကို ရောင်းချနိုင်သည့် ဆိုင်ပေါင်း ၉၂ ဆိုင်ရှိပြီး သာမန်ထိန်းချုပ်ဆေးများကို ရောင်းချနေသည့် ဆိုင်ပေါင်း ၈၂၈ ဆိုင်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ပွင့်မြတ်ဖြူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *