တိုယိုတာ မြန်မာသို့ဝင်ရောက်မှု ဈေးကွက်ပြိုင်ဆိုင်မှု များလာနိုင်ဟုဆို

ရန်ကုန်၊ မေ ၃၀

တိုယိုတာကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် ဝင်ရောက်လာခြင်းကြောင့် ကားအမှတ်တံဆိပ် ပိုမိုရွေးချယ်ခွင့်ရှိမည်ဖြစ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုများလာနိုင်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် တိုယိုတာက Pick-Up ကားအမျိုးအစားကို စတင်ထုတ်လုပ်ရန် ပြင်ဆင်နေပြီး Pick-Up အပြင် အခြားအမျိုးအစားများကိုပါ ထပ်မံတိုးချဲ့ထုတ်လုပ်လာလျှင် ကားအမျိုးအစားအပေါ်မူတည်ကာ ဈေးကွက်ပြိုင်ဆိုင်မှုများနိုင်ကြောင်း ၎င်းကပြောဆိုသည်။

နာမည်ကြီး ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမော်တော်ကော်ပိုရေးရှင်းသည် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ထောင်ကာ အစိတ်အပိုင်းတင်သွင်းကာ တပ်ဆင်သည့် SKD (Semi Knock Down) စနစ်ဖြင့် မော်တော်ကားများ ထုတ်လုပ်မည်ဖြစ်သည်။

သို့သော်လည်း တိုယိုတာသည် လက်ရှိတွင် ကားစက်ရုံတည်ဆောက်ရန် ခြေလှမ်းစပြင်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ရောက်မှာသာ ကားစတင်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လက်ရှိဈေးကွက်အပေါ် ချက်ချင်းသက်ရောက်မှု မရှိခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များ က ဆိုသည်။

“တိုယိုတာဝင်လာတာ ကြိုဆိုပါတယ်။ တိုယိုတာက မြန်မာနိုင်ငံမှာ လူအများလက်ခံတဲ့ Brand လည်းဖြစ်တယ်။ တိုယိုတာဝင်တဲ့အတွက် သုံးတဲ့သူတွေအတွက် ပိုပြီးကောင်းတာပေါ့။ ဈေးကွက်အပေါ်မှာတော့ သက်ရောက်မှု ချက်ချင်းကြီး မရှိနိုင်ဘူး။ ထုတ်မှာကလည်း Pick-Up တွေပဲ ထုတ်မှာဆိုတော့” ဟု ဒေါက်တာ စိုးထွန်းက ပြောဆိုသည်။

တိုယိုတာကားမော်တော်ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်ရန် Toyota Myanmar ကုမ္ပဏီလီမိတက် ဖွဲ့စည်းတည်ထောင်ပြီး ၂၀၂၁ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် Toyota Hilux ယာဉ်အစီးရေ ၂၅၀၀ ကို SKD စနစ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှသိရှိရသည်။

“တိုယိုတာ (SKD) က ဈေးကွက်အပေါ်မှာတော့ သက်ရောက်လိမ့်မယ်။ သေချာတာကတော့ သက်ရောက်မှာပေါ့။ ဒါပေမဲ့ ကြားထဲမှာ စက်ရုံပြီးဖို့နဲ့ ထွက်လာဖို့က ငါးနှစ်လောက်တော့ ကြာလိမ့်မယ်လို့တော့ ထင်တယ်” ဟု ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောကြားသည်။

တိုယိုတာကားများ၏ ဈေးနှုန်းနှင့် အရည်အသွေးကို စောင့်ကြည့်ရမည်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် SKD စနစ်နှင့် ထုတ်လုပ်နေသည့်ကားများမှာ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ဆူဇူကီးကထုတ်လုပ်သည့် ကျပ်သိန်း ၂၀၀ ဝန်းကျင်ကားများသာ ဝယ်ယူစီးနင်ကြကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် မော်တော်ယာဉ်ထုတ်လုပ်ခြင်းကို KIA၊ Ford ၊ Suzuki ၊ Nissan စသည့်ကုမ္ပဏီများက ထုတ်လုပ်နေပြီး တိုယိုတာသည် SKD ဈေးကွက်တွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်လာသည်နှင့်အမျှ မော်တော်ယာဉ်အသစ် ဝယ်လိုအားတိုးတက်လာပြီး ၂၀၁၈ ခုနှစ်က အစီးရေ ၁၈,၀၀၀ ဝယ်ယူမှုရှိခဲ့ကာ ယင်းပမာဏသည် ၂၀၁၈ ခုနှစ်မတိုင်ခင်နှစ်များနှင့်ယှဉ်လျှင် နှစ်ဆကျော်မြင့်တက်လာခြင်းဖြစ်ကြောင်း တိုယိုတာမော်တော်ကော်ပိုရေးရှင်း (ရန်ကုန်) က သတင်းထုတ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *