သရုပ်ဆောင် ရွှေထူး ၊ ရွှေမှုံရတီတို့နှင့် တွေ့ဆုံခြင်း

“ကျွန်တော် အိုက်တင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကြိုက်သလောက်ဝေဖန်ပါ။ ပြောဆိုပါ။ အကြံဉာဏ်ပေးပါ။ အဲဒါမှ ကျွန်တော်ပြင်ဆင်လို့ရမှာလေ”

မကြာခင် ရုံတင်ပြသတော့မယ့် ဧည့်သည်ဇာတ်ကားမှာပါဝင်ထားတဲ့ သရုပ်ဆောင်ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို ဇာတ်ကားရိုက်ကူးဖြစ်ပုံ၊ ရုံတင်တော့မယ့်အပေါ် ရင်ခုန်သံတွေနဲ့ ဇာတ်ကားရိုက်ကူးနေစဉ် အမှတ်တရအကြောင်းတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : ဇာတ်ကားရုံတင်တော့မယ်ဆိုတော့ ရင်ခုန်သံ ဘယ်လိုဖြစ်နေလဲ။

SMYT :        အဓိကသူ့အတွက် ရင်ခုန်ပါတယ်။ သဲအတွက်က ဒီကားလေးက အိုက်တင် ဆန်းဆန်းပြားပြားလေးတွေ  ကြိုးစားထားတာ ရှိတယ်။ အိုက်တင်က အသစ်ဆိုတော့ လိုအပ်တာလေးတွေ ရှိရင်တော့ နည်းနည်းစိတ်ပူတာတော့ ရှိတယ်။ ကျန်တာတော့ မရှိပါဘူး။

SH     :        ကျွန်တော်တို့က ပိုပြီးတော့ စိတ်ပူတယ်။ စိုးရိမ်တယ်။ ဒီကားက ကျွန်တော် ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ရတာဆိုတော့ တာဝန်လည်းကြီးတယ်။ ပြီးတော့ ကျွန်တော် အဲဒီကားထဲမှာ လုပ်ရတဲ့ လုပ်ဆောင်ချက်တွေကလည်း ပိုပြီးတော့ ခက်ခဲတယ်လို့ ခံစားရတယ်။ စိုးရိမ်တယ်။ အဓိက ပရိသတ်တွေ အားမပေးမှာကို စိုးရိမ်မိပါတယ်။ အဲဒီအတွက် ကျွန်တော်ရဲ့အနုပညာကြိုးစားမှုလေးတွေကို ရုပ်ရှင်ပေါ်မှာ လာပြီးတော့ အားပေးပါလို့ ပြောချင်ပါတယ်။

Voice :       ဘယ်အပိုင်းတွေကို အစိုးရိမ်ဆုံးဖြစ်မလဲ။

SH     :       ကျွန်တော်က ဘာကို စိုးရိမ်လဲဆိုတော့ အဓိကအိုက်တင်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဘယ်သင်တန်းဆင်းမှ မဟုတ်ဘူးလေ။ ဘယ်သူ့ဆရာရဲ့ တပည်မှလည်း ကျွန်တော်က မဟုတ်ဘူးလေ။ ပထမဦးဆုံး စသင်ပေးတာ ကိုသားညီ အခုဆိုရင်ကိုယ်နဲ့ ရိုက်ဖူးပြီးတဲ့ လူတွေကပဲ အိုက်တင်အပိုင်းကို သင်ပေးကြတယ်။ အခုဒီကားဆို ဦးညီက သင်ပေးတယ်။ ကျွန်တော် ကောင်းတယ်ဆိုခဲ့ရင်တောင် ဦးညီနဲ့ ကိုဖြိုး၊ အထူးသဖြင့် ကျွန်တော့်အမျိုးသမီးပေါ့။

Voice :       အိုက်တင်အပိုင်းကို ဘယ်လိုမျိုးတွေ အပြောင်းအလဲ လုပ်ထားတာလဲ။

SMYT :       အဓိကတော့သဲက သဘာဝပိုပြီး ဆန်တာတွေ လုပ်ချင်တယ်။ အနီးစပ်ဆုံး သဲ ကြည့်ဖြစ်တာ ထိုင်းကားလေးတွေ သူတို့အိုက်တင်လေးတွေဆို ပါးပါးလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတယ်။ ကြည့်လို့ကောင်းတယ်။ သဲ သူတို့လောက် မမီရင်တောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ချင်တယ်။ အဲဒီတော့ သဲ လိုအပ်တဲ့ ထပ်ဖြည့်ပြီးတော့ လုပ်ထားပါတယ်။ အဲဒါကြောင့် သဲက စိတ်ပူတာပါ။ ဒါပေမဲ့ ပရိသတ်ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အိုဗာတင်းတော့ သဲ မလုပ်ထားပါဘူး။

Voice :       သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ အဆုံခန်းတွေများတော့ ဘယ်လိုအမှတ်တရတွေ ရှိလဲ။

SH     :        ကိုဖြိုးနဲ့ ရိုက်ရမယ်ဆိုတော့ကျွန်တော်က ရှိန်တာပေါ့။ ဒါပေမဲ့ တကယ်တမ်း တွေ့ရတဲ့အချိန်မှာ ဘယ်ဟာတွေ လုပ်မလဲ၊ ဒီဟာတွေ မကြိုက်ဘူး။ ဒီနေရာမှာ ရွှေထူးနဲ့ ဖြိုးငွေစိုးတွေ့ရင် ဒီလို ဒီလိုပဲ ဖြစ်ရမယ်ဘာညာဆိုပြီး ရှေ့က နေပဲ ဦးဆောင်ပြီး သင်ပြပေးတယ်။ ပြီးတော့ သူ သင်ပေးတဲ့အတိုင်း ကျွန်တော် လိုက်တယ်။ အခေါက်အခါခါ ကျွန်တော် မကျေနပ်တာတွေကို ပြန်လုပ်တယ်။ လေ့ကျင့်ဖြစ်တယ်။ သူကိုယ်တိုင်က တော်တော်များများ တွဲခေါ်တယ်။ နှစ်ယောက်တွဲပြောရတဲ့ အခန်းတွေဆို ကိုဖြိုးက အရမ်းသရုပ်ဆောင်ကောင်းတော့ ကျွန်တော့်အတွက် အရမ်းခက်ခဲလှပါတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။

Voice :       အိုက်တင်အပိုင်းနဲ့ ပတ်သက်ပြီး ရွှေထူးကို ဘယ်လိုမျိုးသင်ပြပေးခဲ့ရလဲ။

SMYT :        သင်ပေးရတာတွေ ရှိပါတယ်။ ဦးညီပြောတဲ့ဟာတွေဆို ကျန်တာလေးတွေကို ဘေးကနေ တိုးတိုးကပ်ကပ်ပြီးတော့ ပြောဖြစ်ပါတယ်။ အဓိကအတွဲညီညီ ဖြစ်ဖို့ အရေးကြီးတယ်လေ။

Voice :       ရွှေထူးအပေါ် ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

SMYT :        ရွှေမှုံရတီအနေနဲ့ ရွှေထူးကို မျှော်လင့်တာမဟုတ်ဘဲနဲ့ သူရဲ့အမျိုးသမီး တစ်ယောက်အနေနဲ့ မျှော်လင့်တာတွေ ရှိပါတယ်။ အဓိကတော့ ကိုယ့်ယောက်ျားကို ပရိသတ်တွေ အားပေးစေချင်တာ။ ရွှေမှုံရတီအနေနဲ့ ဆိုရင်တော့ ၆၀ လောက်ပါပဲ။ ဒါပေမဲ့ ကိုယ့်မိန်းမအနေနဲ့ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းပေးပါတယ်။

Voice :       အခွေထွက်ခါနီးနဲ့ ဇာတ်ကားရုံတင်တာ ဘယ်အပိုင်းက စိတ်အလှုပ်ရှားဆုံးဖြစ်မလဲ။

SH     :        ခံစားချက်နှစ်ခုက တူတူပါပဲ။ နီးလာလေ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ စိတ်တွေက များလေလေ။ အခွေကတော့ ကိုယ်ပိုင်တဲ့ အပိုင်းကနေ လုပ်ရတာဆိုတော့ နည်းနည်းလေးစိုးရိမ်မှု လျော့တာပေါ့နော်။ ရုပ်ရှင်ကျတော့ ကိုယ့်အတွက် တော်တဲ့ တတ်တဲ့ သူတွေ အများကြီးပဲလေ။ ကျွန်တော်က အားလုံးက သင်ပြပေးမှုတွေနဲ့ သရုပ်ဆောင်ရတာဆိုတော့ အခွင့်အရေးပေးတဲ့ ထုတ်လုပ်ရေးတွေနဲ့ သင်ပြပေးတဲ့ သူတွေကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့် အိုက်တင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကြိုက်သလောက် ဝေဖန်ပါ။ ပြောဆိုပါ။ အကြံဉာဏ်ပေးပါ။ အဲဒါမှ ကျွန်တော် ပြင်ဆင်လို့ ရမှာလေ။

Voice :       ရွှေထူးသီချင်းတွေ ဘယ်နှပုဒ် ပါဝင်လဲ။

SH     :       ခုနစ်ပုဒ်လောက် ပါမယ်ထင်တယ်။ ဒီဇာတ်ဝင်ခန်းက ဒီသီချင်းလေးနဲ့ လိုက်မယ်ဆိုရင် ဒီနားလေးထည့် အဲဒီလိုပုံစံလေးတွေ ဖြစ်မယ်။ ပရိုမိုးရှင်းတွေက ထုတ်လုပ်ရေးနဲ့ ပြောထားတော့ ရန်ကုန်၊ မန္တလေးနှစ်နေရာ ရှိတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *