မောင်မယ်တို့ရဲ့ စက်ရုပ်

မြန်မာ့စက်ရုပ်ကို ကမ္ဘာသို့ပြသနိုင်ရန် တတိယမြောက်ခြေလှမ်းအတွက် လူငယ်များ ပြင်ဆင်နေကြသည်။ တစ်တောင်ခန့်အရွယ် စက်ရုပ်များကို ပွဲမဝင်ခင် ကြိုတင်လေ့ကျင့်ဆိုသလို ဟိုသည်မောင်းကာ လေ့ကျင့်ပြင်ဆင်နေကြခြင်းဖြစ်သည်။

နည်းပညာထွန်းသစ်စ မြန်မာအတွက် ပထမဆုံးသော မြင်ကွင်းလည်း ဖြစ်လေသည်။

ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့တော် သိမ်ဖြူအားကစားကွင်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် စက်ရုပ်ပြိုင်ပွဲဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ခု ကို ကိုယ်စားပြုထားသည့် အဖွဲ့ ၁၄ ဖွဲ့က အကြိတ်အနယ်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

အဆိုပါ စက်ရုပ်ပြိုင်ပွဲယှဉ်ပြိုင်ရသည့်ခေါင်းစဉ်မှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လာလျှင် မည်ကဲ့သို့ကယ်ဆယ်မည်နည်းဆိုသည့်အကြောင်းကို စက်ရုပ်များ အသုံးပြုယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ရေမကြီးချိန်၊ ရေကြီးနေချိန်နှင့် ရေကြီးပြီးအချိန် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ရသည့် ကယ်ဆယ်ရေးလုပ်သား စက်ရုပ်ပုံစံဖြစ်သည်။

ရေကာတာပြိုလျှင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အဘက်ဘက်က မည်ကဲ့သို့ လုပ်ဆောင်မည်နည်းဆိုသည့် အကြောင်းအရာအောက်တွင် အဖွဲ့အသီးသီးက တည်ဆောက်ထားသည့် စက်ရုပ်များနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် မြေပုံ (Maps) သုံးခု ရှိသည်။ ပထမတစ်ခုမှာ ရေဒီယိုတာဝါဖွင့်နည်း၊ မြေအောက်နှင့်မြေပြင်အထက်မှာရှိသည့် လူကိုကယ်ဆယ်ရေးကတစ်ခု ဖြစ်သည်။

ဒုတိယမှာ ရေကာတာပြင်ရမည်။ ရေကာတာအထက်ပိုင်းရှိလူများကို ကယ်ရမည်ဖြစ်သည်။ တတိယမြောက်မှာ အခြားရွာများကို ပစ္စည်းထောက်ပံ့ခြင်းများပြုလုပ်ရမည်ဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးအဆင့်ဆင့်ကို အလျင်မြန်ဆုံးဖြင့် အကောင်းဆုံးလုပ်နိုင်မည့်စက်ရုပ်သည် အနိုင်ရမည်ဖြစ်သည်။

ထိုအကြောင်းအရာအောက်တွင် အဖွဲ့အသီးသီးသည် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းသားများလက်ထဲရှိ အဝေးထိန်းခလုတ်မှတစ်ဆင့် စက်ရုပ်ကလေးများမှာ လှုပ်ရှားမှုကို ဟန်ချက်ညီညီဖြင့် လုပ်ဆောင်လျက်။

သို့သော် စွမ်းရည်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူပေ။ စက်ရုံပုံစံများမှာ တူသော်လည်း လုပ်ဆောင်မှုမှာ ကွဲပြားလျက်။

အဘယ်ကြောင့်နည်း။

စက်ရုပ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားများအုပ်စုတစ်ခုကို စက်ရုပ်တစ်ခုစီ ထောက်ပံ့ပေးထားသည်ဟု နည်းပညာများနှင့် လုပ်ငန်းနယ်ပယ်အသစ်အတွက် အခွင့်အလမ်းသစ်များ ချိတ်ဆက်ပေးနေသည့် ဖန်တီးရာအဖွဲ့ထံမှ သိရသည်။

ယခုတွင်လည်း အဆိုပါစက်ရုပ်ပြိုင်ပွဲဝင်ပြိုင်မည့် ကျောင်းသားများကို ဖန်တီးရာက စက်ပစ္စည်းများပေးသည့်အပြင် အသုံးပြုနည်းသင်တန်းလည်း ပေးခဲ့သည်။

အမေရိကန်ဒေါ်လာ ၄၀၀ တန် တရုတ်နိုင်ငံလုပ် စက်ရုပ် Kit ထဲတွင် ပါဝင်သည့် ပစ္စည်းကိရိယာများဖြင့် စက်ရုပ်ကိုယ်ထည်ကို တည်ဆောက်ရခြင်းဖြစ်သည်။

ထို Kit ထဲတွင် စက်ရုပ်အပိုင်းအစများ၊ ဝိုင်ယာကြိုးများ၊ ဆားကစ်ပြားများ၊ တပ်ဆင်ရမည့် နည်းလမ်းစာရွက်တို့ ပါဝင်သည်။

ယင်းအပိုင်းအစများကိုမူတည်ကာ မိမိ၏ ဖန်တီးနိုင်မှုစွမ်းရည်ပေါ်မူတည်ကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့စက်ရုပ်ဒီဇိုင်းများ ကွဲပြားသွားခြင်းဖြစ်သည်။

ယင်းအပြင် ထိုစက်ရုပ်လှုပ်ရှားနိုင်ရန် ပရိုဂမ်ရေးသွင်းရပြီး ရေးလိုက်သည့် ပရိုဂရမ်ပေါ်မူတည်ကာ စက်ရုပ်တစ်ရုပ်နှင့် တစ်ရုပ် အရည်အသွေးခြားနားချက်ကို သိနိုင်လေသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် စာသင်ကြားရေးအပိုင်းကိုသာ ဦးစားပေးသင်ကြားရသည့်အတွက်ကြောင့် လက်တွေ့စက်ရုပ်တည်ဆောက်ရေးတွင် အခက်အခဲရှိမည်ဟု ကျောင်းသားများက ထင်မြင်ကြသည်။

လက်ရှိတွင်မူ ထိုသို့မဟုတ်ချေ။

“ စက်ရုပ်တပ်ရတာလွယ်တယ်။ အရင်ကလည်း မလုပ်ဖူးဘူး။ ပထမဦးဆုံးအနေနဲ့ခက်မယ်ထင်ထားတာ” ဟု စက်ရုပ်ပြိုင်ပွဲဝင် ပုသိမ်ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မခင်ရတနာသိမ့်က ဆိုသည်။

အဖွဲ့ ၁၄ ဖွဲ့ထဲတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကျောင်းများတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပကြလေ့ရှိသဖြင့် စက်ရုပ်ပြိုင်ပွဲများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ သို့သော်အခြားကျောင်းများမှ ကျောင်းသားများအတွက်မူ စက်ရုပ်နှင့် အလှမ်းဝေးလှသည်။ အစိမ်း သက်သက်ပင်။

ပထမဦးဆုံး စက်ရုပ်ပြိုင်ပွဲဖြစ်သည့်အတွက်ကြောင့် မခင်ရတနာသိမ်းမှာ စိုးရိမ်လျက်ရှိသည်။ ၎င်းအပါအဝင် သူငယ်ချင်းငါးဦးလုံးမှာ စက်ရုပ်တည်ဆောက်ခြင်းအတွေ့အကြုံ မရှိပေ။

သို့ရာတွင် စက်ရုပ်တစ်ရုပ်ဖန်တီးချိန်တွင်မူ မခင်ရတာသိမ့်တို့အဖွဲ့ထင်ထားသလောက် မခက်ခဲပေ။ စက်ရုပ်တည်ဆောက်ရာတွင် အချိန်နှစ်ရက်သာ ပေးရသည်။ စက်ရုပ် Kit ထဲတွင် ပါဝင်သည့် တည်ဆောက်ပုံအတိုင်း ၎င်းတို့တည်ဆောက်နိုင်ခဲ့သည်။

သို့သော်လည်း ပထမဆုံးအတွေ့အကြုံဖြစ်သောကြောင့် ယင်းပြိုင်ပွဲသည် သူ့အတွက် ချွေးပြန်စေသော အခိုက်အတန့်ဖြစ်နေခဲ့သည်။

သို့သော် သူအကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့သည်။ ပထမဆုံးပြိုင်ပွဲတွင် အဆင့် ၁၀ရရှိခဲ့သော်လည်း အကောင်းဆုံးလုပ်နိုင်ခဲ့မှုအတွက် သူ ကျေနပ်နေသည်။

၎င်းကဲ့သို့ပင် စစ်တွေကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာသိပ္ပံဘာသာ ဒုတိယနှစ်ကျောင်းသား မောင်အောင်စည်သူမှာလည်း ရင်ခုန်နေသည်။

“ အရင်တုန်းကတော့ ဒါက စိတ်ကူးယဉ်အိပ်မက်လိုလို၊ ဘာလိုလိုဖြစ်ခဲ့တော့ ကိုယ်နဲ့ အလှမ်းဝေးသလိုဖြစ်တယ်” ဟု ၎င်းက စိတ်လှုပ်ရှားစွာ ဆိုသည်။

စက်ရုပ်နှင့်ပတ်သက်သည့် စက်ရုပ်တည်ဆောက်မှုများကို အင်တာနက်စာမျက်နှာတွင် သူ လေ့လာခဲ့ရသည်။

မောင်အောင်စည်သူ အပါအဝင်ကျောင်းသားအများစုတွေ့ကြုံရသည့် အခက်အခဲမှာ စက်ရုပ်မည်ကဲ့သို့ တည်ဆောက်ရမည်နည်းဆိုသည့်ကိစ္စ ဖြစ်သည်။ ယင်းကိစ္စမှာ ၎င်းတို့ကို ခေါင်းခဲစေခဲ့သည်။

ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တို့တွင် စက်ရုပ်တည်ဆောက်မည့်အကြောင်းများ မသင်ကြားခဲ့ရဘဲ ပရိုဂရမ်ရေးနည်းသာ သင်ကြားရကြောင်း ၎င်းက ဆိုသည်။

“ ပစ္စည်းတပ်ရတော့ ကျွန်တော်တို့ကျောင်းမှာမသင်ဘူး။ စက်ရုပ်မသင်ဘူး။ ကျွန်တော်တို့ကျောင်းမှာ ပရိုဂရမ် သွားမယ်။ ပရိုဂရမ်ကုဒ်ရေးရတယ်။ အခုက အသင့်လုပ်ပြီးသားဆော့ဝဲလ်ကို အသုံးပြုပြီးတော့ စက်ရုပ်ထဲကို ပရိုဂရမ်သွင်းရတယ် ” ဟု မောင်အောင်စည်သူက ဆိုသည်။

သို့သော်လည်း ကြိုးစားသူတို့အတွက် ရလဒ်ကောင်းတို့သည် အမြဲတမ်းရှိနေမြဲဖြစ်သည်။

ပြိုင်ပွဲတွင် မောင်အောင်စည်သူပါဝင်သော ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းသည် Best Strategy Awards ဆု ရရှိခဲ့သည်။

မပြိုင်ခင်ကတည်းက အားလုံး၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရသော ရန်ကုန်အသင်းအတွက်လည်း စိန်ခေါ်မှုကြီးခဲ့သည်။ ယင်းမှာ ရန်ကုန်အသင်းသည် စက်ရုပ်နည်းပညာနှင့် အကျွမ်းတဝင်ရှိသည်ဆိုသော ယူဆထားသူများခဲ့သောကြောင့်ပင်။

“ တစ်ခုပြောချင်တာက အကုန်လုံးက ရန်ကုန်သာတယ်ထင်ကြတယ်။ တစ်ကယ့် တစ်ကယ်ပြောချင်တာက ဘာလဲဆိုရင် Kit က ဒီ Robots Kit ပဲ။ ဒီထဲကဟာတွေပဲသုံးတယ်။ ရန်ကုန်က အစက သာမှာပဲလို့ ထင်ထားကြတယ်။ အဲဒီလိုတော့မဟုတ်ဘူး” ဟု ရန်ကုန်နည်းပညာတက္ကသိုလ် YTU ဒုတိယနှစ် မက္ကထရောနှစ်ကျောင်းသား မောင်သီဟဇော် က ဆိုသည်။

အဆိုပါစက်ရုပ် Kit ထဲတွင်ပါဝင်သည့် ပရိုဂရမ်ကိုရေးသားရခြင်းပင်ဖြစ်၍ တစ်ဖွဲ့နှင့် တစ်ဖွဲ့ကွားခြားမှုနည်းကြောင်း ၎င်းက ဆိုသည်။

“ ပရိုဂရမ်မင်းသမားဆိုရင်လည်း သူနဲ့မတန်တဲ့စာတွေဖတ်ရတယ်။ အခုမှ ဒုတိယနှစ်ရှိသေးတာ။ အဲဒါထက် အဆင့်မြင့်တဲ့နည်းတွေကို သုံးထားတယ်။ အဲဒါ နည်းတွေက ပဉ္စမနှစ်မှသင်ရမှာကို (အခု)ထည့်သုံးထားတယ်။ အဲဒီလိုစာတွေ ဖတ်ရတယ်။ ကျွန်တော်ဆိုလည်း ဒီဇိုင်းကို အများကြီးစဉ်းစားရတယ်” ဟု မောင်သီဟဇော်က ဆိုသည်။

ထို့အတွက်ကြောင့်လည်း နောက်ဆုံးတွင် ရန်ကုန်အတွက် အမြင့်ဆုံးဆုကို ၎င်းတို့ ယူဆောင်နိုင်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်သားစက်ရုပ်မှာ လူများစွာ ကယ်တင်နိုင်အောင် ဒီဇိုင်းထုတ်ယှဉ်ပြိုင်နိုင်ခဲ့သဖြင့် ရန်ကုန်အဖွဲ့ ပထမဆုကို ရရှိခဲ့လေသည်။

ယင်းပထမဆုရစက်ရုပ်ပိုင်ရှင်အဖွဲ့သည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင်ကျင်းပမည့် First Global Robots ပြိုင်ပွဲတွင် ကမ္ဘာ့အနှံ့မှ ကျောင်းသားလူငယ်များနှင့် သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခဲ့သည့် First Global Robots ပြိုင်ပွဲတွင် မြန်မာအသင်းသည် အဆင့် ၆ ရရှိခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် ဒုတိယအကြိမ်မြောက်ဝင်ရောက်ယှဉ်ပြိုင်ရာတွင်မူ အဆင့် ၆၄ ရရှိထားသည်။ ယခု ဒူဘိုင်းမြို့တွင် ပြုလုပ်မည့် ထိပြိုင်ပွဲသို့ မြန်မာနိုင်ငံက တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းပေ။

ပထမနှင့် ဒုတိယအကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရန်ကုန်မှ နည်းပညာလူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုတတိယအကြိမ်မြောက်အတွက်မူ တစ်နိုင်ငံလုံးမှ လူငယ်များထဲမှ ရွေးချယ်ကာ ပထမဆုရအသင်းကို ယှဉ်ပြိုင်စေမည် ဖြစ်သည်။

ကမ္ဘာ့အလယ်တွင် နည်းပညာအပိုင်းတွင် နောက်ကျနေသော မြန်မာနိုင်ငံအတွက် ဖန်တီးရာက အခွင့်အလမ်းဖန်တီးပေးခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့က နောက်ကျနေတာ အသက်တွေက ကြီးနေတာ။ သူများနိုင်ငံတွေမှာ ၁၆ နှစ်၊ ၁၈ နှစ် နောက်ဆုံးပြိုင်တာ။ ဒီမှာက ၁၈ နှစ် နောက်ဆုံးက ဒုတိယနှစ်ပဲ ” ဟု ဆိုသူက ဖန်တီးရာအဖွဲ့အောက်ရှိ နည်းပညာများကို အကူအညီပေးနေသော Maker Space မှ Facilitator ကိုမြတ်မြတ်အောင်ဇော် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်ရုပ်ပညာရပ်တတ်မြောက်သူများမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အသက်အရွယ်ပိုင်းကွာခြားမှု ရှိနေသည်။ ယင်းအချက်ကပင် နိုင်ငံတကာသို့ မထိုးဖောက်၊ မဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့်လည်း စက်ရုပ်ပြိုင်ပွဲကို ကျင်းပရခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။

“ ကျွန်တော်တို့ဆီမှာ Robots Kit လို့ စဉ်းစားရင် ဒီမှာ ကိုးတန်း၊ ၁၀ တန်းတွေက မလွယ်ဘူး။ အထိအတွေ့ရှိမှာမဟုတ်ဘူးလို့ တန်းစဉ်းစားတာ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ပြောင်းလဲနေသော နည်းပညာရေစီးတွင် မြန်မာနိုင်ငံသည်လည်း အထိုက်အလိုက် လိုက်ပါစီးမျောနိုင်ရန် လိုအပ်နေပြီဖြစ်သည်။

“ ကျွန်တော်တို့ဆီမှာ အားမရဘူးလို့။ အဲဒါတွေ ကျွန်တော်တို့နိုင်ငံမှာ တိုးတက်ဖို့လိုတယ်။ အဲဒါတွေက ကျွဲကူးရေပါ ပါလာမှာပေါ့နော်။ ပညာရေးကလည်း ပြောင်းနေပြီ။ ကောင်းတဲ့အရွေ့ပဲ။ ကျွဲကူးရေပါ၊ ပါလာမှာပါ” ဟု ကိုမြတ်မြတ်ဇော် က ဆိုသည်။

လက်ရှိတွင်လည်း ဖန်တီးရာနှင့် Maker Space တို့ ပူးပေါင်းပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာအတတ်ပညာ (STEM) ကျွမ်းကျင်မှုရှိစေရန် ကူညီထောက်ပံ့ပေးနေသည်။

အဆိုပါကဏ္ဍများတွင် ကျွမ်းကျင်သည့် လူငယ်များပေါ်ထွက်လာစေရန် အစိုးရ၏ အထောက်အပံ့များလည်း လိုအပ်သည်။

“ ကျောင်းတွေတိုင်းမှာသာ သင်အထောက်အကူပစ္စည်းလို အီလက်ထရွန်နစ် ပစ္စည်းတွေထောက်ပံ့ပေးနိုင်ရင် ကလေးအရွယ်နဲ့ မြန်မြန်ထိတွေ့ခွင့်ရပြီးတော့ မြန်မြန်တတ်မှာပေါ့။ သူတို့ဆီမှာ အခြေခံရှိလာမယ်။ အစိုးရပိုင်းကလည်း ဖြည့်ဆည်းပေးရင် ပိုတိုးတက်လာမယ်” ဟု ကိုမြတ်မြတ်ဇော်က ဆိုသည်။

ကျောင်းတွင်လေ့လာထားရသည့်အကြောင်းများကို လက်တွေ့လုပ်ဆောင်နိုင်ရန်၊ ကိုယ်တိုင်တည်ဆောက်ကြည့်ရမည့်ကဏ္ဍဖြစ်သည့်အတွက်ကြောင့် သင်ထောက်ပစ္စည်းများရှိပါက ကျောင်းသားများများသိအောင် သင်ကြားပေးနိုင်ကြောင်း စစ်တွေကွန်ပျူတာတက္ကသိုလ် Hardware ဌာနမှူး ဒေါက်တာတင်ဇာဇာ က ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ နည်းပညာ၊ လက်တွေ့လုပ်ကိုင်နိုင်မှုများဖြင့် အလှမ်းနီးသည့် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့က ပထမဆုရရှိကာ နိုင်ငံတကာတွင် သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *