အမွေအနှစ်တို့အတွက် စိုးရိမ်ဖွယ်ဆိပ်ကမ်း

နှစ်ပေါင်းရာနှင့်ချီ တည်တံ့ခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တို့၏အလယ်တွင် နိုင်ငံတကာအဆင့်မီ စက်သုံးဆီအတင်အချဆိပ်ကမ်းတစ်ခုကို လုပ်ဆောင်နေသည်။

ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ အရပ်၊ နှစ်ပေါင်းခြောက်ရာကျော် သက်တမ်းရှိသည့် အင်းဝမြို့ဟောင်း၊ နှစ် ၁၀၀ ကျော် သက်တမ်းရှိ စစ်ကိုင်းတံတားနှင့် နှစ်ပေါင်း ၁၅၀ နားနီးလာသည့် သပြေတန်းခံတပ်တို့ ဝန်းရံထားသည့် စက်သုံးဆီဆိပ်ကမ်းစီမံကိန်းလည်း ဖြစ်သည်။

မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည်အတွက် စက်သုံးဆီ အရည်အသွေးနှင့် ဈေးနှုန်းသက်သာကောင်းမွန်စေရန် ဖြည့်ဆည်းပေးနိုင်မည့်ဆိပ်ကမ်းဟုဆိုသော်လည်း နှစ်ပေါင်းထောင်နှင့်ချီ၍ သက်တမ်းရှိသည့် ရှေးဟောင်းအမွေအနှစ်များအတွက်မူ စိုးရိမ်ဖွယ်ဆိပ်ကမ်းဟု ဆိုရသည်။

“ဒီနေရာက လုံးဝ မလုပ်သင့်တဲ့ နေရာပါ။ ဘာလို့လဲဆိုရင် ထုနဲ့ထည်နဲ့ ရှိနေတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေက ဒီစီမံကိန်းကြီးအနားမှာ ရှိနေတယ်” ဟု ယင်းစီမံကိန်း၏ နေရာရွေးချယ်မှုနှင့် ပတ်သက်၍ မန္တလေးဒေသခံ ဦးမောင်မောင်ဦးက ပြောသည်။

သူသည် မန္တလေးမြို့ရှိ စိမ်းရောင်စို၊ သဘာဝစိမ်း စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များကို ဦးဆောင်နေသူဖြစ်ပြီး စက်သုံးဆီဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ အမြဲမပြတ် စောင့်ကြည့်လေ့လာနေသူလည်း ဖြစ်သည်။

“ကျွန်တော် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အင်းဝမြို့ဟောင်း၊ စစ်ကိုင်းတံတား၊ သပြေတန်းခံတပ် စသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို နှစ်သက်တမ်း ရာနှင့်ချီ တည်တံ့အောင် ထိန်းသိမ်းလာခဲ့ကြပြီး လက်ရှိ စက်သုံးဆီဆိပ်ကမ်းကြောင့် ထိခိုက်ပျက်စီးရမည့် အဖြစ်ကို မလိုလားဟု ဦးမောင်မောင်ဦးက ဆိုသည်။

လက်ရှိ အသုံးပြုနေသည့် ရွှေကြက်ယက်ဆိပ်ကမ်းသည် ရွာနှင့်နီးကပ်နေသောကြောင့် မီးဘေးအန္တရာယ် အလွန်နီးကပ်သဖြင့် ရွှေ့ပြောင်းသင့်နေပြီဟု စက်သုံးဆီလုပ်ငန်းရှင်တို့က ပြောသည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသား စက်သုံးဆီလုပ်ငန်းရှင်ကုမ္ပဏီ ၅၂ ခုဖြင့် မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီကို ဖွဲ့စည်းခဲ့ပြီး ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာအရပ်၊ အိုးတုတ္ထန်းဆိပ်ကမ်းသွားရာလမ်းအနီးရှိ မြေဧက ၄၀ ကျော်ပေါ်တွင် စက်သုံးဆီဆိပ်ကမ်းအသစ်တစ်ခုကို စုပေါင်းအကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းပန္နက်ရိုက်အခမ်းအနားကို ယခင်အစိုးရလက်ထက် ၂၀၁၆ ခုနှစ် မတ်လဆန်းပိုင်းက ပြုလုပ်ခဲ့ပြီး လုံခြုံမှုရှိသည့်၊ အန္တရာယ်ကင်းသည့် စက်သုံးဆီအတင်အချဆိပ်ကမ်းကောင်းတစ်ခုဖြစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ယင်းအခမ်းအနားတွင် ပြောဆိုခဲ့သည်။

“မန္တလေးက ဆိပ်ကမ်းတွေမှာက စက်သုံးဆီ အတင်အချပြုလုပ်ဖို့ အန္တရာယ်များတယ်။ နှစ်စဉ်နှစ်တိုင်းလည်း မီးဘေးကိစ္စလေးတွေ ရှိနေတယ်။ ရေနည်းတဲ့ အချိန်ဆိုရင် သင်္ဘောတွေက သယ်ပို့ဖို့ အဆင်မပြေတော့ဘူး” ဟု ဝန်ကြီးချုပ် ဟောင်း ဦးရဲမြင့်က ပြောဆိုသည်။

ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသည့်နေရာ၊ မြေသားခိုင်မာမှုရှိသည့်နေရာကို ရွေးချယ်ခဲ့ရာ ယခုနေရာကို တွေ့ရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“မြစ်ရိုးတစ်လျှောက် မြေနေရာတွေရှိပေမယ့် မြေခိုင်မာမှုက ဒီနေရာက ကောင်းမွန်တယ်” ဟု ဦးရဲမြင့်ကပြောသည်။

မန္တလေးစက်သုံးဆီလုပ်ငန်းရှင်များအနေနှင့် ယခင်က သိုလှောင်စရာ ဆီကန်ကြီးများမရှိခဲ့ဘဲ စွမ်းအင်ဝန်ကြီးဌာန၏ ဆီသိုလှောင်ကန်များကို နှစ်ချုပ်ဖြင့် ငှားရမ်းသုံးစွဲခဲ့ရကြောင်း၊ မြန်မာနိုင်ငံသို့ ဆိုက်ကပ်သည့် စက်သုံးဆီတင်သင်္ဘော ကြီးများသည် တန်ချိန် ငါးထောင်ခန့်သာရှိပြီး တန်ဆာခနှုန်းထား မြင့်မားသည့် အခြေအနေနှင့် ကြုံခဲ့ရကြောင်း မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ပြောဆိုသည်။

ထိုပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ဆိပ်ကမ်းသစ်တည်ဆောက်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဆိပ်ကမ်းတွေက တစ်ယောက် (ဆီလုပ်ငန်းရှင်) ကို တစ်ခုလိုက်ဆောက်နေရင် ပြန့်ကျဲပြီးတော့ မြို့အတွက် အန္တရာယ်ရှိတယ်။ ဒါကြောင့် စုစည်းပြီးတော့ တစ်နေရာထဲမှာပဲ လုပ်ရမယ်။ ဘယ်ဟာကို ဦးစားပေးလဲဆိုတော့ လက်ရှိမန္တလေးဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့သူတွေကို ဦးစားပေး ပါဝင်ခွင့်ပေးပါတယ်” ဟု စီမံကိန်းတွင် ပါဝင်ခွင့်ရှိသူများကိုလည်း ၎င်းက ထပ်လောင်းရှင်းပြသည်။

လက်ရှိ ဆောက်လုပ်နေသည့် စက်သုံးဆီ အတင်အချဆိပ်ကမ်းစီမံကိန်းတွင် ဂါလန်နှစ်သန်းဆံ့ ဒီဇယ်သိုလှောင်ကန် ၂၈ လုံး၊ ဓာတ်ဆီသိုလှောင်ကန် လေးလုံး၊ စုစုပေါင်း ၃၂ လုံး တည်ဆောက် ထားရန် လျာထားပြီး စီမံကိန်း၏ ရှေ့ပြေး စီမံချက်အဖြစ် ဆီသိုလှောင်ကန်တစ်ခုတည်ဆောက်ခဲ့ကာ ဆီစတင်သိုလှောင်လက်ခံရန်အတွက် ဖွင့်လှစ်ခြင်းကို ယခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

“ရွှေကြက်ယက်ဆိပ်ကမ်းမှာ ဆီဘောက်ဆာတွေနဲ့ အထက်မြန်မာပြည်တစ်ခုလုံးကို ဖြန့်ဖြူးနေတာ အလွန်အန္တရာယ်များပါတယ်။ ဆီဘောက်ဆာ အစီးရေ ရာကျော်ရှိတဲ့အတွက် အကယ်၍များ မီးလောင်ခဲ့ရင် ငြှိမ်းသတ်ရအလွန်ခက်ပါတယ်” ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လက်ရှိတွင် ရွှေကြက်ယက် ဆိပ်ကမ်းသို့ ကုန်းလမ်းမှ ဆီဘောက်ဆာယာဉ်များဖြင့် ဆီများကို သယ်ဆောင်လာပြီး ယင်းဆီများကို အထက်မြန်မာပြည်သို့ သင်္ဘော သို့မဟုတ် မော်တော်ယာဉ်များဖြင့် ပြန်လည်ဖြန့်ချိပေးနေသည်။

မန္တလေးမြို့သည် မီးဘေးအန္တရာယ် မကြာခဏကြုံတွေ့ရတတ်သည့်အတွက် မြို့လူထု၏ စိုးရိမ်ပူပန်မှုကို ကျော်လွှားနိုင်ရန် ဤစီမံကိန်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

စီမံကိန်းသည် တံတားဦး၊ အင်းဝနှင့် နီးကပ်သည့်အတွက် ဒေသခံတို့၏ စိုးရိမ်ပူပန်စိတ်များလည်းရှိကြောင်း၊ ရှေးဟောင်းပစ္စည်းများ ထိခိုက်ပျက်စီးနိုင်မှုအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်စေပြီး ကုမ္ပဏီဘက်က တာဝန်ယူရမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သေးသည်။

“ဆီကန်ကနေ ဆီဘောက်ဆာတွေဆီ အယိုအဖိတ်မရှိအောင်၊ ပိုက်တွေနဲ့ အဆင့်ဆင့်သွားမှာပါ။ ဧရာဝတီမြစ်နဲ့ ဒုဋ္ဌ၀တီမြစ်ဝှမ်းမှာ ဆီဖိတ်မှုမရှိအောင် သူတို့တာဝန်ယူရပါမယ်။ ဆီယိုဖိတ်မှုတွေရှိရင် နောက်ဆုံးတော့ ပြည်သူတွေပဲ နစ်နာမှာပါ” ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

မော်တော်ယာဉ်သုံးစွဲသူ များပြားလာပြီး စက်သုံးဆီလိုအပ်ချက် ပိုများလာနေသည့်အပြင် သယ်ယူပို့ဆောင်ရေးကြောင့် စက်သုံးဆီဈေးနှုန်းများ တစ်နေရာနှင့်တစ်နေရာမတူညီဘဲ ဈေးမြင့်သည်ဟု ပြောဆိုနေရသည့် နေရာများလည်းရှိသ ဖြင့် စနစ်ကျသည့် စက်သုံးဆီဖြန့်ဖြူးရေးတစ်ခု လိုအပ်သည်ကို သဘောပေါက်မိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“ဆီဘောက်ဆာတွေနဲ့ မြန်မာပြည်တစ်နံတစ်လျားကို ဖြန့်ဖြူးနေတာဟာ အလွန်အန္တရာယ်များပါတယ်။ ဒီနေရာဟာ အချက်အချာကျတဲ့ နေရာပါ။ ရှေးဟောင်းနယ်မြေနဲ့ နီးတယ်။ ဧရာဝတီ၊ ဒုဋ္ဌ၀တီတို့ ဆုံတဲ့နေရာလည်းဖြစ်တဲ့အတွက် တော်တော်သတိထားရပါတယ်။ အရေးအကြီးဆုံးကတော့ စနစ်ကျတဲ့ တည်ဆောက်မှုဖြစ်ရမယ်။ ခေတ်မီနည်းပညာတွေ သုံးရမယ်။ မီးဘေးအန္တရာယ်ကို ကာကွယ်နိုင်တဲ့အရာတွေ ပါရမယ်ဆိုပြီး ဒါကို ခွင့်ပြုခဲ့ပါတယ်” ဟု ရှေ့ပြေးစီမံချက်အဖြစ် ဆီကန်တစ်ကန် ဖွင့်လှစ်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့သည်။

ရှေးဟောင်းပညာရှင်မျး၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသည့် လေ့လာဆန်းစစ်မှုများပြုလုပ်ပြီးမှသာ ဆီသိုလှောင်ကန်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုသည်။

ကုမ္ပဏီအနေနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များကို မထိခိုက်စေရန် အထူးဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သတိပေးသည်။

“လုပ်ငန်းလုပ်ကိုင်ခွင့်ပြုချက် ရယူစဉ်က ရေးဆွဲတင်ပြခဲ့တဲ့ EIA၊ SIA လုပ်ငန်းဆောင်ရွက်မယ့် Report အတိုင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာပါ” ဟု ၎င်းကပြောသည်။

ယင်းအပြင် ဒေသခံတို့အတွက် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ဆောင်ရွက်ရန်နှင့် စက်သုံးဆီယိုဖိတ်မှု မရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးတို့ကိုလည်း သတိပြုကြရန် ဒေါက်တာထွန်းနိုင်က ပြောဆိုသည်။

ဆီသိုလှောင်ကန် ၃၂ လုံးပါဝင်မည့် ဆိပ်ကမ်းစီမံကိန်း၏ ဒီဇိုင်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ညီအောင် ရေးဆွဲထားခြင်းဖြစ်ပြီး လူနေအိမ်များနှင့် ဆီသိုလှောင်ကန်အကြား ရှိရမည့်အကွာအဝေး၊ ဆီသိုလှောင်ကန်တစ်ခုနှင့် တစ်ခု အကွာအဝေး စသည့်သတ်မှတ်ချက်များဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ရှင်းပြသည်။

စက်သုံးဆီ တစ်ဂါလန်လျှင် ငွေနှစ်ကျပ်နှုန်းဖြင့် သတ်မှတ်ကောက်ခံကာ လူမှုအကျိုးပြုလုပ်ငန်းများကို တစ်နှစ်လျှင် ကျပ်သိန်းခြောက်ထောင်အသုံးပြု၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုပြောဆိုသည်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဆိုးကျိုးတွေဖြစ်လာရင် ကြိုတင်ကာကွယ်နိုင်အောင်၊ စီမံဆောင်ရွက်နိုင်အောင် သက်ဆိုင်ရာပညာရှင်တွေရဲ့ အကြံပေးချက်တွေနဲ့ Environment Management Plan ဆောင်ရွက်ထားပါတယ်။ ကောင်းကျိုးကတော့ ပတ်ဝန်းကျင်ကျေးရွာ ပြည်သူတွေကို အကျိုးပြုနိုင်မယ့်ကိစ္စတွေ လေ့လာပါတယ်။ အလုပ်အကိုင်ကိုလည်း သူတို့ကို ဦးစားပေးဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာ ဝင်းမြင့်က ပြောသည်။

လက်ရှိတွင် တစ်ရက်လျှင် ဆီဂါလန် ၁၀ သိန်းခန့် အတင်အချ ပြုလုပ်နေရသည့် ရွှေကြက်ယက် ဆိပ်ကမ်းသည် အဆင့်မြင့်တည်ဆောက်ထားသည့် ဆိပ်ကမ်းမဟုတ်သည့်အတွက် မီးဘေးအန္တရာယ်အပြင် ဆီယိုဖိတ်မှုပြဿနာကိုလည်း ရင်ဆိုင်နေရကြောင်း ဦးမောင်မောင်ဦးက ပြောဆိုသည်။

“ရေထဲ ဆီကျတာက တစ်ချိန်လုံးလိုလို ဖြစ်နေတာ။ အဲဒီနားတစ်ဝိုက်မှာ ရေထုတော်တော် ညစ်ညမ်းနေပြီ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ကောင်းမွန်သည့် စက်သုံးဆီဆိပ်ကမ်းတစ်ခု လိုအပ်နေသည်ဖြစ်သော်လည်း လက်ရှိရွေးချယ်ထားသည့် နေရာသည် မှားယွင်းသည်ဟုမြင်ကြောင်း ဦးမောင်မောင်ဦးက ပြောသည်။

ကုမ္ပဏီဘက်မှ အသုံးပြုမည့် နည်းပညာပိုင်းဆိုင်ရာများကို ကန့်ကွက်ခြင်းလည်းမဟုတ်ဘဲ လုပ်ငန်းနှင့်နေရာမအပ်စပ်သည်ကို ထောက်ပြခြင်းသာဟု ၎င်းကဆိုသည်။

“တကယ်ဆိုရင် စက်သုံးဆီဆိပ်ကမ်းအစား ဟိုတယ်ကြီးတစ်ခုခု ဆောက်လိုက်မယ်ဆိုရင် ခရီးသွားလုပ်ငန်းအတွက်လည်း အထောက်အကူဖြစ်မယ်။ ဝင်ငွေတွေ ရလာမယ်။ ရှေးဟောင်းဒေသတွေအတွက်လည်း အန္တရာယ်ကင်းမယ်” ဟု ဦးမောင်မောင်ဦးက ပြောဆိုသည်။

စက်သုံးဆီဆိပ်ကမ်းအတွက်မူ စစ်ကိုင်းမြို့ဘက် နောက်ကြည့်ကျွန်းအနီးတွင်ဖြစ်စေ၊ အင်းဝမြို့ ဆင်ကျုံးခံတပ်အောက်ဘက်တွင်ဖြစ်စေ ရွေးချယ်လျှင် ပို၍သင့်လျော်မည်ဟု ၎င်းက အကြံပြုသည်။

“အခုက သပြေတန်းခံတပ်က ကပ်နေတယ်။ အင်းဝနဲ့က မြစ်ပဲခြားတယ်။ ရေရှည်မှာ ရေလမ်းကြောင်းပြောင်းတာမျိုးတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကမူ ယင်းစီမံကိန်းသည် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များဖြင့် ကြီးကြပ်ဆောင်ရွက်နေသဖြင့် နေရာရွှေ့ပြောင်းရန် မလိုအပ်ကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းကပင် ပြောဆိုထားခဲ့သည်။

စက်သုံးဆီသိုလှောင်ကန် ဒီဇိုင်းများကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ၊ ငလျင်ဒဏ်ခံနိုင်ရန် ထည့်သွင်းတွက်ချက်ထားခြင်း ရှိ မရှိ၊ ကမ်းပါးပြိုကျမှု မဖြစ်ပေါ်စေရန် ကမ်းထိန်းအစီအမံများ ထည့်သွင်းထားခြင်း ရှိ မရှိ၊ Fire Fighting အတွက် ထည့်သွင်းထားခြင်း ရှိ မရှိနှင့် လူမှုပတ်ဝန်းကျင် ဆန်းစစ်ချက်များ (EIA/SIA)၊ ရှေးဟောင်းဒေသသို့ သက်ရောက်မှု ဆန်းစစ်ချက် (HIA) ဆောင်ရွက်ထားခြင်း ရှိ မရှိတို့ကို ပညာရှင်များပါဝင်သည့် Joint Working Group ဖွဲ့စည်းကာ စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ရှေးဟောင်းဥပဒေအရ ရှေးဟောင်းအဆောက်အဦအုံ ပေ ၁၂၀ အတွင်း မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားသည်။

စီမံကိန်းနေရာနှင့် သပြေတန်းခံတပ်သည် ၁၄၅၀ ပေ (၄၄၂ မီတာ)၊ အင်းဝတံတားသည် ၁၆၆၃ ပေ (၅၀၇ မီတာ)၊ အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းသည် ၃၉၀၇ ပေ ( ၁၁၉၁ မီတာ) နှင့် အင်းဝအောက်ဘက်ရှိ ဆင်ကျုံးခံတပ် သည် ၁၂,၂၈၇ ပေ (၃၇၄၅ မီတာ) အကွာအဝေးရှိသဖြင့် ရှေးဟောင်းအဆောက်အဦများ၊ အထင်ကရနေရာများနှင့် လွတ်ကင်းကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်သည်။

ဆိပ်ကမ်းစီမံကိန်းကို ပြောင်းရွှေ့သင့်သည်ဟုဆိုသည့် ဦးမောင်မောင်ဦး၏အမြင်ကို အမရပူရမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေကလည်း သဘောတူသည်။

ဂါလန်နှစ်သန်းဆံ့ ဆီသိုလှောင်ကန် ၃၂ ကန်၊ စုစုပေါင်း ဂါလန် ၆၄ သန်းကို သိုလှောင်ထားရှိမည်ဖြစ်ပြီး စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ဦးမြင့်ဆွေက ပြောသည်။

သမိုင်းဝင်သပြေတန်းခံတပ်၊ အင်းဝတံတားနှင့် ကပ်လျက်ရှိနေခြင်း၊ အင်းဝမြို့ဟောင်း၊ အမရပူရမြို့ဟောင်းတို့နှင့် နီးကပ်စွာရှိခြင်း၊ ဆီအတင်အချသင်္ဘောများ လှိုင်းဒဏ်ကြောင့် ကမ်းပါးပြိုမည်ကို စိုးရိမ်ရခြင်း၊ ဒုဋ္ဌ၀တီနှင့် ဧရာဝတီမြစ်ရေ ညစ်ညမ်းမည်ကို စိုးရိမ်ရခြင်း စသည်တို့ကြောင့် လူနေမရှိသောဒေသသို့ ပြောင်းရွှေ့သင့်ကြောင်း ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ်အတွင်း လွှတ်တော်အစည်းအဝေး၌ ထောက်ပြပြောဆိုသည်။

“အကယ်၍များ အကြမ်းဖက်အဖွဲ့အစည်းတွေက ခြိမ်းခြောက်ခြင်း၊ ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့မယ်ဆိုရင် စစ်ကိုင်း၊ အင်းဝ၊ အမရပူရနဲ့ မန္တလေးမြို့တွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် အန္တရာယ်အလွန်ကြီးမားပါတယ်။ မဖြစ်ဘူးလို့လည်း မပြောနိုင်ပါဘူး” ဟု သူ၏ စိုးရိမ်ပူပန်မှုကိုလည်း ပြောဆိုခဲ့သည်။

သို့သော် စိုးရိမ်ဖွယ်မရှိဟု ဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။

“ကမ္ဘာ့နိုင်ငံများစွာမှာလည်း လောင်စာဆီသိုလှောင်ကန်တွေကို မြစ်ကမ်းပါးဆိပ်ကမ်းတွေမှာ ဆောင်ရွက်နေပါတယ်။ ငလျင်ဇုန်ပေါ်မှာရှိတဲ့ ဂျပန်နိုင်ငံမှာတောင် လောင်စာဆီသိုလှောင်ကန်တွေကို မြစ်ကမ်းစပ်တွေမှာ အများအပြားတည်ဆောက်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ရှေးဟောင်းဇုန်တို့နှင့် နီးကပ်သဖြင့် မလုပ်ဆောင်သင့်ကြောင်း ယခင်အစိုးရလက်ထက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်ရှိတွင်မူ ဌာနဆိုင်ရာအားလုံးက သဘောတူညီထားကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

စီမံကိန်းနှင့် အနီးဆုံးနေရာသည် သပြေတန်းခံတပ် ဖြစ်သည်။ ကပ်လျှက်ပင်တည်ရှိနေသည်။ မင်းတုန်းမင်းလက်ထက် (၁၈၇၄) တွင် တည်ဆောက်ခဲ့သည့် ယင်းခံတပ်သည် ဧရာဝတီမြစ်အတိုင်း မန္တလေးသို့ ဆန်တက်လာမည့် နယ်ချဲ့များကို တွန်းလှန်တိုက်ခိုက်နိုင်ရန် ဖြစ်သည်။

ဒုတိယအနီးဆုံးမှာ အင်းဝမြို့ဟောင်း ဖြစ်သည်။ စီမံကိန်း၏ ဒုဋ္ဌ၀တီမြစ်တစ်ဖက်ကမ်းတွင် အင်းဝရှိသည်။ နှစ်စဉ် ကမ်းပါးပြိုမှု မကြာခဏ ဖြစ်ပေါ်နေသည့် အင်းဝမြို့ဟောင်းအတွက် ဆီတင်သင်္ဘောကြီးများစွာ နေ့စဉ် ဝင်ထွက်သွားလာလျှင် ကမ်းပါးများပြိုကျနိုင်မည့်အန္တရာယ်ကို ရင်ဆိုင်ရမည်မလွဲဟု ဦးမောင်မောင်ဦးက ပြောသည်။

အင်းဝမြို့ဟောင်း၊ သပြေတန်းခံတပ်နှင့် စစ်ကိုင်းတံတားအကြား နေ့စဉ်ကူးလူးသွားလာနေမည့် ဆီတင်သင်္ဘောများကြောင့် အမွေအနှစ်များ ထိခိုက်မည်မှာ မလွဲပေ။ ထို့ကြောင့် ကမ်းပြိုကာကွယ်ရေးကို ပြုလုပ်ရန်လိုအပ်ပြီး စီမံကိန်းနေရာ ရွှေ့ပြောင်းလိုက်ခြင်းက အကောင်းဆုံးဟု ဦးမောင်မောင်ဦးက အကြံပြုသည်။

“စီမံကိန်းက ဒီနေရာမှမလုပ်လည်း တခြားနေရာ လုပ်လို့ရတယ်။ အင်းဝမြို့ဟောင်း၊ စစ်ကိုင်းတံတားနဲ့ ခံတပ်တို့က တခြားနေရာ ရွှေ့လို့မရဘူး” ဟု ၎င်းက ဆိုလေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *