“စရိုက်ဇာတ်ကားကို အခုဘာပဲပြောပြော အန်တီဝါတို့၊ ကိုယ့်အချင်းချင်း အနုပညာရှင်တွေက ပေးတဲ့ အကယ်ဒမီတွေနဲ့တင် မခိုင်က ကျေနပ်နေပါပြီ”

ဓာတ်ပုံ - မိုးကျော်လွင်

အခုလက်ရှံတင်ပြသနေတဲ့ စရိုက်ဇာတ်ကားအတွက် အကယ်ဒမီရင်ခုန်သံ၊ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို TikTok တွေ လုပ်ကြတဲ့အပေါ်ခံစားချက်နဲ့ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်လိုက်ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းတွေကို သရုပ်ဆောင်ခိုင်သင်းကြည်ကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice :       အခုလက်ရှိ ရိုက်ကူးနေတဲ့ဇာတ်လိုက်က တကယ့်ဖြစ်ရပ်မှန်ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဆိုတော့ဘယ်လို အချက်တွေကြောင့်လက်ခံဖြစ်တာလဲ။

KTK   :        အဲဒီဝတ္ထုလေး အရမ်းကောင်းတယ်။ မခိုင်က ဖတ်တော့ မဖတ်ဖူးဘူး။ ဒါပေမဲ့ တကယ့် True Story ဆိုတော့ အရမ်းရိုက်ချင်တယ်။ မခိုင်ကလည်း အဲဒီလိုမျိုး True Story တွေ ရိုက်ချင်စိတ် ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်ကားတွေ ကြည့်ရင် ဖြစ်ရပ်မှန်တွေ များနေတာလေ။ ဘာရယ်တော့ မဟုတ်ဘူး လူကလေ ဖြစ်ရပ်မှန်ဆိုတာနဲ့ စိတ်ဝင်စားသွားပြီ။ အခုဟာက အဲဒီလိုမျိုး ဖြစ်နေတာ အစ်မနေရာမှာလည်း အခုထိကို ရှိနေတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကို ပြတယ်။ မြင့်မြတ်၊ အူဝဲ၊ အောင်ရေချမ်း အဲဒီလိုမျိုး အကုန်ထိရှိတော့ အစ်မရဲ့ ရုပ်ရှင်သက်တမ်းမှာ မရိုက်ဖူးသေးတော့ အဲဒါကြောင့်လည်းပါတယ်။ ပြီးတော့ အစ်မအတွက် လုပ်ကွက်လေးတွေရှိတယ် အဲဒါကြောင့် လက်ခံလိုက်တာပါ။

Voice :       ကာရိုက်တာအတွက် ဘယ်လိုမျိုးတွေ ပြင်ဆင်ခဲ့ရလဲ။

KTK   :        ၁၉၈၀ ပတ်ဝန်းကျင်ပုံစံပါပဲ။ ဒါပေမဲ့ ၁၉၈၀ ဆိုတာ အရမ်းကြီးခေတ်က နောက်မကျတော့ဘူး။ ရှေးခေတ်ပုံစံလည်း မဟုတ်ဘူး။ ဒါပေမဲ့ မြို့ပေါ်မှာမဟုတ်တော့ နယ်ပုံစံလေးတွေ ဝတ်ရမယ်။ မခိုင်က နယ်ဘက် တောဘက်ဆိုတော့ ရင်ဖုံးပါပဲ။ အဓိကတော့ လည်ပင်းကို တိရမယ်။ လည်ပင်း အဟိုက်၊ V ပုံစံတွေ မဝတ်ရဘူး။ တစ်သက်လုံး မရိုးတဲ့ မြန်မာဝတ်စုံပါပဲ။ အခုအချိန်အထိလည်း ဒီပုံစံပဲ လက်ရှည်၊ ရင်ဖုံး၊ ခါးအတိုအတိ ဖြစ်မယ်။ အဲဒါတော့ အန္တရာယ်အကင်းဆုံး ဘယ်ခေတ်မဆို ဒါပဲဆိုတော့လေ။

Voice :       မအူဝဲနဲ့ ဘယ်လိုမျိုး အဆုံခန်းလေးတွေနဲ့ တွေ့ရမလဲ။

KTK   :       သူနဲ့ ကိုယ်နဲ့ အချိတ်လေးတွေ ရှိတာပေါ့။ မတည့်တာ ကျောင်းဆရာက ကိုယ့်ကို ကြိုက်တဲ့အခါကျတော့ သူစိတ်ကသာ ယောက်ျားလေးစိတ်ဆိုပေမယ့် မသိစိတ်က မနာလိုဘူး။ ခပ်ပါးပါးပါပဲ။ တကယ့်ဇာတ်က ကျောင်းဆရာရဲ့ အနစ်နာခံပြီး ကျောင်းအပေါ်မှာဘယ်လောက်ထိ သူ လုပ်ပေးခဲ့လဲဆိုတာတွေပါ။

Voice :       လက်ရှိရုံတင်ပြသနေတဲ့ စရိုက်ဇာတ်ကားအတွက် ရင်ခုန်သံ ဘယ်လိုဖြစ်နေလဲ။

KTK   :        ဒီကားလေးက အန်တီဝါ အရမ်း အရမ်းကို အောင်မြင်ခဲ့တဲ့ ကားပါ။ မခိုင်ကို စရိုက်ဖို့ ပြောတုန်းက ထုတ်လုပ်သူက မခိုင်နဲ့ တအားလိုက်တယ်လို့ ကမ်းလှမ်းထဲကလည်း တခြားတစ်ယောက်က ဘဲဥမနဲ့ လိုက်တယ်။ ပြန်မရိုက်ဘူးလားလို့ ပြောဖူးတော့ အရမ်းစိတ်ဝင်စားသွားတယ်။ ကာရိုက်တာကို မေးကြည့်တော့ စရိုက်ကျတဲ့ ကာရိုက်တာက ကိုယ့်နဲ့လည်း အတော်လိုက်ပါတယ်။

Voice :       အမှတ်တရဇာတ်ဝင်ခန်းတွေဆို ဘယ်အခန်းတွေဖြစ်မလဲ။

KTK   :        ဘ၀မှာ ပထမဦးဆုံးရုပ်ရှင်ထဲမှာတောင် အဲဒီလိုမြေကြီးပေါ်မှာ နပန်းလုံးတာ သူတစ်ပြန်၊ ကိုယ့်တစ်ပြန် တက်ခွပြီးတော့ တစ်ခါမှ အဲဒီလိုမလုပ်ခဲ့ဖူးတော့ တော်တော်တော့ ရိုက်ခါနီးမှာ စိတ်လှုပ်ရှားရတယ်။ ဘယ်လိုတွေ ဖြစ်ကြမလဲမသိဘူးပေါ့။ ဒါပေမဲ့လည်း ရိုက်တဲ့ အချိန်ကျတော့ တော်တော်လေးအဆင်ပြေတယ်။ ဒဏ်ရာတွေတော့ ခြေထောက်တွေမှာ အညိုအမည်းစွဲတာ ရှိတာပေါ့။ အဲဒါတွေက တစ်လလောက် မပျောက်ဘူး။ အဲဒါတော့ အမှတ်တရပါပဲ။

Voice :       ဒီကားက ဘဲဥမဇာတ်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ သရုပ်ဆောင် ဝါဝါဝင်းရွှေ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကို ကြည့်ဖူးခဲ့လား။

KTK   :        အစ်မ မကြည့်လိုက်ရဘူး။ ဘဲဥမကားက မခိုင် တော်တော်ငယ်သေးတယ် ထင်တယ်။ ရုပ်ရှင်တွေ ဘာတွေ သိပ်ကြည့်ရတဲ့အရွယ် မဟုတ်သေးဘူး ထင်တယ်။ မကြည့်လိုက်ရဘူး။ အခုဆို အရမ်းကို ကြည့်ချင်နေတာ။ ကိုယ်ရိုက်ခဲ့တဲ့ ကားလေးကို အန်တီဝါ ဘယ်လို သရုပ်ဆောင်ထားလဲဆိုပြီး အရမ်းကို ပြန်ကြည့်ချင်နေတဲ့ စိတ် ဖြစ်နေတယ်။

Voice :       ဒီကားထဲက မခိုင်ရဲ့ဇာတ်ဝင်ခန်းတချို့ကို TikTok တွေ လုပ်နေကြတော့ အဲဒီအပေါ် ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

KTK   :        TikTok တွေက မခိုင် ထင်တောင် မထင်ထားဘူး။ တော်တော်လုပ်ကြတယ်။ ရာချီပြီး လုပ်ကြတယ်။ အဲဒီမှာ နင့်အထုပ် အိမ်ရိပ်တောင် မနင်းနဲ့ ပြီးတော့ ဟဲ့ကောင်မ ထွက်ခဲ့ မျိုးခိုင်နဲ့ သတ်တဲ့ အခန်းတွေ တော်တော်လေးပျော်ပါတယ်။ မခိုင်ရဲ့ ကားလေးတွေ ရုံတင်ပြီဆိုရင်  TikTok မှာ အမြဲတမ်း အဲဒီလိုမျိုးတွေထွက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။

Voice :       ဒီကားနဲ့ပတ်သက်ပြီး ပရိ သတ်တွေက အကယ်ဒမီမှန်းပေးထားတော့ ကိုယ်တိုင်က ဘယ်လိုမျိုး ရင်ခုန်နေလဲ။

KTK   :        မခိုင် ဒီကားကို ပြန်ကြည့်တဲ့ အချိန် အရမ်းကို အားရပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့ မခိုင် မမှန်းရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားတွေကလည်း အရမ်းများတယ်။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့ လူတွေကလည်း အများကြီးရှိပါတယ်။ ကိုယ့်ထက်ကောင်းတဲ့ ကားတွေလည်း ရှိပါတယ်။ အဲဒီတော့ စရိုက်ဇာတ်ကားကို အခုဘာပဲပြောပြော အန်တီဝါတို့၊ ကိုယ့်အချင်းချင်း အနုပညာရှင်တွေက ပေးတဲ့ အကယ်ဒမီနဲ့တင် မခိုင်က ကျေနပ်နေပါပြီ။

ဆုအိနြေ္ဒဦး 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *