၁၉၈၉  တိန်အာနမင်ရင်ပြင် အရေးအခင်း

Photo - Global Reserach

၁၉၈၀ ပြည့်လွန်ကာလများတွင် တရုတ်နိုင်ငံ၌ ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီက ပုဂ္ဂလိကကုမ္ပဏီအချို့နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုခဲ့သည့် အချိန်ကာလများလည်း ဖြစ်သည်။ ယင်းအချိန်က တရုတ်ခေါင်းဆောင်တိန့်ရှောင်ဖိန်က စီးပွားရေးကို မြှင့်တင်ရန်နှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် မျှော်လင့်ထားခဲ့သည်။

သို့သော် တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲမှုများမှာ အကျင့်ပျက်ခြစားမှုများကို ဖြစ်စေခဲ့သလို တစ်ပြိုင်နက်တည်းမှာပင် ပိုမိုကြီးမားသည့် နိုင်ငံရေးပွင့်လင်းမှုများကို မျှော်လင့်တောင့်တမှုများ ဖြစ်စေခဲ့ပါသည်။

ကွန်မြူနစ်ပါတီတွင်း၌ အပြောင်းအလဲကြီးကြီးမားမားလုပ်လိုသည့် အုပ်စုနှင့်အစဉ်အလာ အစိုးရထိန်းချုပ်မှုကို ဆက်လက်ကိုင်စွဲလိုသည့် သဘောထား တင်းမာသည့် အုပ်စုဟူ၍ကွဲသွားခဲ့သည်။

ဤအချိန် ဤကာလ ၁၉၈၀ ပြည့် လွန်နှစ်အလယ်ပိုင်းလောက်မှာ စတင်၍ ကျောင်းသားဆန္ဒပြမှုများ စတင်ဖြစ်ပွားနေပြီဖြစ်သည်။ ဆန္ဒပြကျောင်းသားများထဲတွင် နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့သူများပါဝင်သလို အိုင်ဒီယာသစ်များ၊ ပိုမိုမြင့်မားသည့် လူနေမှုအဆင့်အတန်းများနှင့် တွေ့ကြုံခဲ့ရသူများလည်း ပါဝင်ကြသည်။

၁၉၈၉ ခုနှစ် နွေဦးကာလတွင် ပိုမိုကြီးမားသည့် နိုင်ငံရေးလွတ်လပ်မှုကို တောင်းဆိုသော ဆန္ဒပြမှုများ ကြီးထွားလာပါတော့သည်။ ယင်းဆန္ဒပြမှုများကို တွန်းအားဖြစ်စေခဲ့သည်မှာ ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဟူယောင်ဘန်း ကွယ်လွန်သွားသည့်ကိစ္စဖြစ်သည်။ ၎င်းမှာ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအချို့ကို ကြီးကြပ်ရသူဖြစ်သည်။ သို့သော် ၎င်းမသေဆုံးမီ နှစ်နှစ် ခန့်ကတည်းကပင် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များက ဟူယောင်ဘန်းကို ထိပ်ပိုင်းရာထူးမှ ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ဟူယောင်ဘန်း၏ ဈာပနအခမ်းအနားဖြစ်သည့် ဧပြီလတွင် လူသောင်းနှင့် ချီ၍ စုဝေးဆန္ဒပြခဲ့ကြပြီး လွတ်လပ်စွာပြောဆိုခွင့်၊ ဆင်ဆာဖြတ်တောက်မှု လျှော့ချရေးတို့ကို တောင်းဆိုခဲ့ကြသည်။

နောင်ပိုင်းသီတင်းပတ်များတွင်မူ ဆန္ဒပြသူများက တိန်အာနမင်ရင်ပြင်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။ တိန်အာနမင်ရင်ပြင်မှာ ကွယ်လွန်သူတရုတ်ကွန်မြူနစ် ပါတီဥက္ကဋ္ဌကြီးမော်စီတုန်း၏ အုတ်ဂူ၊ တရုတ်ကွန်မြူနစ်ပါတီအစည်းအဝေးများကျင်းပရာ ဂရိတ်ဟောအနီးတွင် ရှိသည့်ဧရိယာဖြစ်သည်။ ယင်းဆန္ဒပြပွဲများတွင် လူအများဆုံးအချိန်၌ လူဦးရေတစ်သန်းခန့်အထိ စုရုံးဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုအစပိုင်းတွင် တရုတ်အစိုးရက တိုက်ရိုက်အားဖြင့် မည်သို့သော တုံ့ပြန်မှုမျှပြုလုပ်ခဲ့ခြင်းမရှိပေ။ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူများအနေနှင့် ဆန္ဒပြမှုများကို တုံ့ပြန်ရန် သဘောထားကွဲလွဲမှုများရှိခဲ့ကြသည်။ ဆန္ဒပြမှုများကို လက်ခံခွင့်ပြုလိုသည့် အုပ်စုနှင့် ပိုမိုပြင်းထန်သည့် သဘောထားရှိသော အုပ်စုတို့ကြား သဘောထားကွဲလွဲခြင်းဖြစ်သည်။

ဤအချိန်တွင် သဘောထားတင်းမာသည့် အုပ်စုအသာရရှိသွားခဲ့ပြီး ယင်းနှစ်မေလလယ်လောက်မှာစတင်၍ ဘေဂျင်း မြို့တော်တွင် စစ်အုပ်ချုပ်ရေးဥပဒေကို ကြေညာခဲ့သည်။ ဇွန်လ ၃ ရက်နှင့် ၄ ရက်များတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ တိန်အာနမင်ရင်ပြင်ကို ချီတက်ခဲ့ကြပြီး ဆန္ဒပြသူများကို ပစ်ခတ်မှု၊ဖြိုခွင်းမှု၊ ဖမ်းဆီးမှုများပြုလုပ်၍ ရင်ပြင်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပါတော့သည်။

တင့်ကားကို ရင်ဆိုင်အံတုသူ

ဖြိုခွင်းမှုများစတင်အပြီး ဇွန်လ ၅ ရက်နေ့တွင် ရင်ပြင်မှ ထွက်ခွာသွားသည့် တင့်ကားများကို လူတစ်ဦးက ရှေ့မှရပ်၍ ရင်ဆိုင်ခံတုနေတော့သည်။ ၎င်း၏လက်တွင် ဈေးဝယ်အိတ်နှစ်လုံးကို ကိုင်ထားပြီး တင့်ကားများကို ရှေ့သွားမရအောင် လမ်းပိတ်ရပ်ထားခဲ့သည်။ ၎င်းကိုလူနှစ်ဦးက ဆွဲခေါ်သွားခဲ့ပြီးနောက်ပိုင်း ဘာဖြစ်သွားသည်ကိုမူ မသိရှိရတော့ပေ။ တင့်ကားများကို အန်တုခဲ့သည့် ၎င်းမှာမူ ဆန္ဒပြမှုကိုထင်ဟပ်ပြသနေသည့် ပုံရိပ်တစ်ခု ဖြစ်လာခဲ့ပါတော့သည်။

The Freedom Line

သေဆုံးသူအရေအတွက်

တိန်အာနမင်ရင်ပြင်အရေးအခင်းတွင် အသတ်ခံခဲ့ရသည့် သေဆုံးသူအရေ အတွက်ကို မည်သူမျှ အတိအကျမသိကြပါ။ ၁၉၈၉ ခုနှစ် ဇွန်လကုန်ပိုင်းတွင်မူ တရုတ်အစိုးရက သေဆုံးသူအရပ်သား ၂၀၀ ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ဒါဇင်နှင့် ချီ၍ဒဏ်ရာရရှိခဲ့သည်ဟုဆိုပါသည်။ အချို့၏ ခန့်မှန်းချက်အရ သေဆုံးသူရာဂဏန်းမှထောင်ဂဏန်းထိရှိသည်ဟု ဆိုသည်။ သို့သော် ယင်းကာလက တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဖြစ်သည့် ဆာအလန်ဒေါ်နယ်၏ သံတမန်သတင်းပေးပို့ချက်ကို ၂၀၁၇ ခုနှစ်တွင် ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့ရာ တိန်အာနမင်ရင်ပြင်အရေးအခင်းတွင် သေဆုံးသူ ၁၀,၀၀၀ ရှိသည်ဟုဆိုသည်။

တရုတ်နိုင်ငံတွင် တိန်အာနမင်ရင်ပြင်အရေးအခင်းအကြောင်း ဆွေးနွေးပြောဆိုမှုများမှာ အလွန်အန္တရာယ်ကြီးသည့် ကိစ္စဖြစ်သည်။ တရုတ်အစိုးရ၏ တင်းတင်းကြပ်ကြပ်ထိန်းချုပ်မှုအောက်တွင် ရှိသည့် အင်တာနက်တွင်လည်း ယင်း အရေးအခင်းနှင့် ပတ်သက်သည့် ရေးသားပြောဆိုမှုများကို ပုံမှန်ဖယ်ရှားပစ်လေ့ရှိသည်။

စာညွှန်း။      ။BBC

ဧကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *