ရှင်း၍မကုန် ကျူးဖြစ်စုံ

ဓာတ်ပုံ - မိုးကျော်လွင်

YBS အမှတ် ၁၉ ယာဉ်လိုင်းပေါ်မှ ဆင်းလိုက်သည်နှင့် ဒိန်း … ဒိန်း … ဒိန်း …ဟူသည့် တူရိုက်သံများက ဆီးကြိုနေသည်။

လှိုင်သာယာမြို့နယ်အမှတ်(၁၈)ရပ်ကွက် ရွှေရင်အေးဈေးလမ်းနှင့် အဆိုပါလမ်းနှင့် ကပ်ရပ်တည်ရှိသည့် မြ၀တီမင်းကြီးလမ်းတွင် အိမ်ရှေ့ရေမြောင်းကို ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံအဖီအဆွယ်များကို တူနှင့် ထုရိုက်ကာ ဖြိုချနေသည့် အသံဖြစ် သည်။

YBS ဘတ်စ်ကားမှတ်တိုင်သည် ရွှေရင်အေးဘုရားလမ်းထိပ်တွင် တည်ရှိသည်။ ရွှေရင်အေးလမ်းဟု နာမည်ပေးထားသော်လည်း ဈေးလမ်းဟူ၍ လူသိများလှသည်။ အကြောင်းမှာ အဆိုပါလမ်းမကြီး တစ်လျှောက်တွင် ယာယီပျံကျဈေး တည်ရှိသောကြောင့်ပင်။

“ဒီနေ့ နောက်ဆုံးဖြိုဖို့ သတိပေးထားတာလေ။ အဲဒါကြောင့် တစ်လမ်းလုံး ဖြိုနေကြတာ” ဟု မြ၀တီမင်းကြီးလမ်းတွင် နေထိုင်သည့်ဒေါ်သီရိ(အမည်လွှဲ)က ဆိုသည်။

လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရပ်ကွက်ရှိ အိမ်ရှေ့ရေမြောင်းကို ကျုးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းပေးရန် ပြီးခဲ့သည့် မေလ ၂၂ ရက်တွင် စည်ပင်က သတိပေးစာပေးပို့ထားသည်။

အဆိုပါ သတိပေးစာတွင် ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံအကျယ်အဝန်း အတိအကျဖော်ပြထားကာ မေလ ၂၇ ရက် နောက်ဆုံးထားဖျက်သိမ်းပေးရန်နှင့် လိုက်နာခြင်းမရှိပါက ၂၀၁၈ စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတိပေးစာအပြင် ရေမြောင်းကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံကို အချိန်မီဖျက်သိမ်းမည်ဖြစ်ကြောင်း အိမ်ရှင်၏ ခံဝန်ကတိလက်မှတ်ထိုးသည့် စာရွက်ကို စည်ပင်က လက်ခံအဖြစ်ယူဆောင်သွားကြောင်း ဒေါ်သီရိက ရှင်းပြသည်။

ဒေါ်သီရိတို့နေအိမ်သည် အိမ်ရှေ့ရေမြောင်းနေရာပေါ်တွင် ၁၅ပေ x ၅ပေ အကျယ် တည်ဆောက်ထားသည့် အဆောက်အအုံ ဖြစ်သည်။

ပြည်သူပိုင်မြေကျူးသူများက လှိုင်သာယာတစ်မြို့တည်းမဟုတ်ချေ။ ရန်ကုန်စည်ပင်ရုံးချုပ်ဖြစ်သည့် မြို့တော်ခန်းမကပင် လှမ်းမြင်နိုင်သည့် ရှန်ဂရီလာ (Shangrila) ၊ Pullman ဟိုတယ်တို့၏ ဆင်ဝင်အမိုးများသည် လမ်းဘေးရေမြောင်းကို ကျူးကျော်တည်ဆောက်ထားပါသလော။

ထို့အတူပင် ရန်ကုန်မြို့လယ်ရှိ မြေညီထပ်အိမ်ခန်းများရှေ့တွင် ထုတ်ထားသည့် အဖီအဆွယ်တို့သည် အိမ်ရှေ့ရေမြောင်းနှင့် လွတ်ကင်းပါ၏လော။

လှိုင်သာယာမြို့နယ်ရှိ အိမ်ရှေ့ရေမြောင်းကျုးကျော်တည်ဆောက်ထားသည့် အဖီအဆွယ်များကို ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေနှင့် အညီ ဖယ်ရှားခဲ့သည့် ရန်ကုန်စည်ပင်၏ ဝန်ဆောင်မှုများသည် ၃၃ မြို့နယ်စလုံးပျံ့နှံပါ၏လော။

ရွေးကောက်ခံတို့ ကျူးရှင်းပွဲ

မတ်လ ၃၁ ရက်စည်ပင်ရွေးကောက်ပွဲတွင် ပြည်သူရွေးချယ်သည့် စည်ပင်ကိုယ်စားလှယ်လောင်း ၁၀၅ ဦးသည် ယနေ့အချိန်တွင်မူ ကျရာတာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်သည်။

ပြည်သူ့ကိုယ်စားလှယ်များ တာဝန်စယူပြီးနောက် သိသာထင်ရှားသည့် လုပ်ဆောင်ချက်မှာ ပြည်သူပိုင်မြေကျူးကျော်များကို ရှင်းလင်းခြင်းနှင့် မိုးတွင်းကာလရေကြီးရေလျှံမှုများ ပပျောက်ရေး လုပ်ဆောင်ခြင်းပင်။

ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ရင်း ကျွဲကူးရေပါဆိုသကဲ့သို့ ရေမြောင်းကျော်ကာ တည်ဆောက်ထားသည့် အဖီအဆွယ်ရှင်းခြင်း၊ လူသွားလမ်းစင်္ကြံပေါ် ကျူးကျော်ရောင်းချသည့် လမ်းဘေးဈေးသည်များကိုပါ ရှင်းလင်းခြင်းတို့ကို မေလမှစတင်ကာ မြို့နယ်အချို့တွင် စတင်ပြီ ဖြစ်သည်။

“စည်ပင်ကရွေးကောက်ပွဲတွေအပြီးမှာ ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ ပုဇွန်တောင်မှာ အရင်ကထက် ပိုပြီး စည်ကမ်းတင်းကျပ်လာတယ်”ဟု ဆိုသူက ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် ဦးမျိုးမြင့် ဖြစ်သည်။

ဦးမျိုးမြင့်တို့နေထိုင်ရာ မြို့နယ်တွင် ယခင်က တိုင်ကြားမှသာ စည်ပင်ကကျူးကျော်များကို ရှင်းလင်းသည့်အတွက် ထိထိရောက်ရောက်စည်းကမ်းထိန်းသိမ်းနိုင်ခြင်းမရှိဟု ဆိုလေသည်။

ပုဇွန်တောင်မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးမြင့်မြတ်သူကမူ ယင်းမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ အိမ်ရှေ့ရေမြောင်းတွင် ကျူးကျော်တည်ဆောက်ထားသည့် အဖီအဆွယ်များနှင့် ပုဇွန်တောင်ဈေးကုန်ဈေးတန်းလမ်းနှင့် ဆားလင်းကျောင်းရှေ့ကျူးကျော်အဆောက်အအုံတို့ကို ရှင်းလင်းခဲ့ကြောင်း ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်တွင် ရေကျော်ဈေးကြီးလမ်း၊ သဇင်လမ်း၊ ဈေးကုန်းဈေးတန်းလမ်းနှင့် အထက်ပုဇွန်တောင်လမ်းမကြီးပေါ်စသည့် အများပြည်သူပိုင်မြေပေါ်တွင် ကျူးကျော်နေသည့် လမ်းဘေးဈေးသည်များကို ရှင်းလင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ရာတွင်လည်း မြေညီထပ်အဖီအဆွယ်ရှင်းလင်းခြင်းများ ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်ပင် ဆောင်ရွက်ခဲ့ကြောင်း ပြည်တော်သစ်အိမ်ရာ(၆)တွင် နေထိုင်သည့် ဒေါ်အေးသီတာက ဆိုသည်။

ပြည်ရိပ်မွန်အိမ်ရာသည် မြေညီထပ် အဖီအဆွယ်ထုတ်ရန်မလိုအောင်ပင် အခန်းများ ကျယ်ဝန်းသော်လည်း မြေညီထပ်အချို့တွင် အဖီအဆွယ်ထုတ်ကာ ဆိုင်ခန်းငှားစားကြခြင်း ဖြစ်ကာ ဆိုင်ခန်းခတစ်လလျှင်ကျပ်ရှစ်သောင်းခန့် ဈေးပေါက်ကြောင်း ၎င်းက ရှင်းသည်။

“အဖီအဆွယ်ရှင်းတာ မကြိုက်တဲ့သူဆိုလို့ မြေညီထပ်တွေပဲရှိတယ်”ဟု အဆိုပါအိမ်ရာ၏ ၇ လွှာတွင် နေထိုင်သည့် ဒေါ်အေးသီတာက ဆိုသည်။

အချို့မြေညီထပ်အခန်းများသည် အဖီအဆွယ်မျာကို ကွန်ကရစ်ဖြင့် အခိုင် အမာတည်ဆောက်ထားသည့်အပြင် မော်တော်ယာဉ်ရပ်ရန် နေရာပါ ထပ်မံယူထားလေသည်။

လှိုင်သာယာမြို့နယ်တွင်မူ မိုးတွင်းကာလ ရေကြီးရေလျှံမှုပပျောက်စေရန် ရည်ရွယ်ကာ ယခုလမှ စတင်၍ အိမ်ရှေ့ရေမြောင်းကျူးကျော်သူများကို အမြစ်ပြတ်ချေမှုန်းနေလေသည်။

ပုဇွန်တောင်မြို့နယ်တွင်မူ ရေစီးရေလာကောင်းမွန်စေရန် အုတ်စီရေမြောင်းများ ဆောင်ရွက်ပေးခြင်းနှင့်အတူ ပြည်သူပိုင်မြေနေရာများတွင် ကျူးကျော်ကာ ဈေးရောင်းချခြင်း၊ ပစ္စည်းထားရှိခြင်းပြုလုပ်ပါက ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးစာများ ကပ်ထားသည်။

၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေသည် ၃၃ မြို့နယ်လုံးသက်ရောက်ပါ၏လော။ စည်ပင်သာယာ၏ ဝန်ဆောင်မှုများသည် ကျောသားရင်သားခွဲခြားခြင်းများ ရှိနေပါသလော။

အကြောင်းမှာ ရန်ကုန်မြို့လယ်ရှိ ရေမြောင်းများကိုကျူးကျော်ကာ တည်ဆောက်ထားသည့် မြေညီထပ်အဖီအဆွယ်များ၊ ဟိုတယ်ကြီးများ၏ ဆင်ဝင်မုခ်ဦးများ၊ လူသွားလမ်းစင်္ကြံပေါ်တွင် ရှိနေသည့် မီးစက်ကြီးများနှင့် မော်တော်ယာဉ်ရပ်နားရန် နေရာဦးယူမှုများက တွေ့မြင်နိုင်သေးသည့်အတွက် ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီအတွင်း စမ်းချောင်းမြို့နယ်တွင်းရှိ မြေညီထပ်အဖီအဆွယ်နှင့် လူသွားလမ်းစင်္ကြံပေါ်တွင်ရှိသော ဈေးသည်များကို ရှင်းလင်းပေးခဲ့သည်။

သို့သော် ခဏမျှသာ။ လပိုင်းအတွင်း မြေညီထပ်များ၏ အဖီအဆွယ်များ၊ လမ်းဘေးဈေးသည်များမှာ မိုးဦးကျတွင် တွေ့မြင်ရသည့်မှိုပွင့်များကဲ့သို့ ဟိုနားသည်နားပြန်လည်ပေါက်ဖွားလာသည်။

“လမ်းဘေးဆိုင်တွေကို လုံးလုံးကြီး မထွက်ခိုင်းတာထက် နောက်ကို ဆုတ်ပြီး စည်းကမ်းတကျ ဖြစ်စေချင်တယ်။ သူတို့က လမ်းပေါ်ကို အရမ်းကျူးတာ” ဟု စမ်းချောင်းမြို့နယ် ရှမ်းလမ်းတွင် နေထိုင်သည့် ဦးမင်းထက်က ဆိုသည်။

စမ်းချောင်းတွင် ကွန်ကရစ်လမ်းသစ်ခင်းခြင်း စသည့် လမ်းပြုပြင်နေသည့် အချိန်များတွင် လမ်းဘေးအဖီအဆွယ်နှင့် လမ်းမပေါ်အထိ ကျူးကျော်ခင်းထားသည့် လမ်းဘေးဈေးသည်အချို့ကြောင့် လမ်းလျှောက်ရန်ပင် အဆင်မပြေဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း ယခင်(စည်ပင်မှမရှင်းလင်မီ) ကထက် လျော့နည်းနေကြောင်း ဦးမင်းထက်က မြေပြင် အခြေအနေကို ရှင်းပြသည်။

ရန်ကုန်ဒုတိယမြို့တော်ဝန်ဦးစိုးလွင်ကမူ စမ်းချောင်းမြို့နယ်အတွင်း၌ အဖီအဆွယ်ထုတ်ခြင်း၊ နောက်ဖေးလမ်းကြား ကျူးကျော်ခြင်းတို့ကို လုံးဝမပြုလုပ်ရန်နှင့် တွေ့ရှိပါက ရှင်းလင်းမည်ဖြစ်ကြောင်း The Voice Journal သို့ ပြောကြားသည်။         

“စမ်းချောင်းက အဖီအဆွယ်တွေ ရှင်းခိုင်းထားတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ပြည်သူပိုင်မြေကျူးကျော်သူများကို လှိုင်သာယာမြို့နယ်ကဲ့သို့ပင် စည်ပင်က ဆောင်ရွက်မည်လော။

ရန်ကုန်မြို့လယ်ရှိ မြေညီထပ်အဖီအဆွယ်ကျူးများထက် လှိုင်သာယာမြို့နယ်ရှိ အဖီအဆွယ်ကျူးများကို ဦးစားပေးရှင်းလင်းသင့်ကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ဦးအောင်သူစိုးက ဆိုသည်။

အဘယ်ကြောင့် ရှင်းလင်းရန် လိုအပ်သနည်း။

ရန်ကုန်မြို့လယ်တွင် မိုးရွာ၍ ရေကြီးရေလျှံလျှင် နာရီပိုင်းမျှသာ ကြာမြင့်တတ်သော်လည်း လှိုင်သာယာတွင်မူ ရေမြောင်းကို ငုံကာ အိမ်ဆောက်ထားသူများရှိသည့်အတွက် မိုးရွာသောအခါ ရေထွက်ပေါက်မရှိ ဖြစ်ကာ နေပူ၍ ရေခန်းမှသာ ရေကျသွားကြောင်း ဦးအောင်သူစိုးက ဖွင့်ဟသည်။

“မိုးရွာတာကို တစ်နေ့လောက် လာကြည့်ပါ။အဲဒီမိုးရေက နေပူမှပဲ ခန်းသွားတာ။ ရေမြောင်းထဲကနေ ဝေါဆိုပြီး ဆင်းတာ မဟုတ်ဘူး။ တချို့အိမ်တွေဆို ရေနုတ်မြောင်းကို ငုံပြီးဆောက်ထားတာ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့ပလက်ဖောင်းပေါ်တွင် သံဆူးကြိုးဖြင့် လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဉ်။

မိုးအကြိုစီမံချက်

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကမူ ရေမြောင်းကျူးများဖယ်ရှားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရေစီးရေလာကောင်းမွန်းရေးအတွက်ဟု ရှင်းပြသည်။

ထို့ကြောင့် အိမ်ရှေ့ရေမြောင်းကို ကျုးကျော်တည်ဆောက်ထားသည့် အဖီအဆွယ်များကို ရှင်းလင်းရခြင်းဖြစ်ကာ ဒုတိယအဆင့်အနေနှင့် ရေမြောင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက အနာဂတ်အစီအမံကို ရှင်းပြသည်။

“အဓိကက ရေမြုပ်နေတဲ့ လမ်းတွေကို ရေစီးဖို့ စတင်ဆောက်ရွက်ကြတာပါဗျ”ဟု ဦးမြတ်မင်းသူက ဆိုသည်။

၂၀၁၉ – ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများဘေးရှိ ရေမြောင်းများကို ပြုပြင်ရန် ဘတ်ဂျက်တောင်းခံထားကြောင်း ၎င်းက ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ စလုံးတွင် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ရေနစ်မြှုပ်သည့် လမ်းများကို အဓိကထားကာ ရေမြောင်းကျူးရှင်းလင်းခြင်း ဖြစ်သည်။ (၅) ရပ်ကွက်၊ (၁၈) ရပ်ကွက်၊ (၁၉) ရပ်ကွက်နှင့် (၂၀) ရပ်ကွက်စသည်တို့တွင် မြောင်းကျူးရှင်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရေမြောင်းကျူးများ စနစ်တကျကို ရှင်းလင်းခြင်းသည် လှိုင်သာယာမြို့နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်လွင်က ဆိုသည်။

၁၀ စုနှစ်တစ်စုကြာ ကျူးကျော်ထားသည့်အဆောက်အအုံများကို ဖြိုဖျက်ပြီးနောက် စည်ပင်က ဆက်လက်ထိန်းသိမ်းပေးရန်လည်း ၎င်းက မေ်ျှာလင့်နေသည်။

“အရင်တုန်းက လွတ်လပ်ရေးနေ့ဆို (လမ်းပေါ်မှာ) ဘောလုံးကန်ကြတာ ကစားပွဲတွေ အများကြီးပဲ။ ကွန်ကရစ်လည်း ခင်းပြီး နောက်ပိုင်း(အဖီအဆွယ် များ) သူတက် ငါတက်နဲ့ လမ်းပေါ်တက်လာ ကြတာ။ အခုလမ်းပေါ်မှာ ရပ်ပြီးစကားပြောလို့ မရတဲ့ အခြေအနေမျိုးရောက်နေတယ်”ဟု ယခင်အချိန်များကို တမ်းတကာ ဦးကျော်လွင်က ဆိုသည်။

ကျူး ရာဇဝင်

လှိုင်သာယာမြို့သည်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတိုက်ပြီးနောက်ဧရာဝတီ တိုင်းဘက်မှမုန်တိုင်းသင့်သူများသည်အလုံးအရင်ဖြင့်ဝင်ရောက်လာနေထိုင် လာကြသည့်မြို့ဖြစ်သည်။ထိုမျှမကသေး စက်မှုဇုန်ကြီးများတည်ရှိသည့်မြို့ဖြစ် သည်နှင့်အညီရွှေ့ပြောင်းလုပ်သားများ၏အခြေချရာဖြစ်သည်။

နေ့စဉ်တိုးပွားလာသည့် လူဦးရေကြောင့် မြေကွက်လပ်ကြီးများ၊ စက်မှုဇုန်၊ လမ်းဘေးစသည့် လွတ်ရာမြေတွင် ကျူးကျော်တဲထိုးကာ ကျောတစ်ခင်းစာနေရာ ဖန်တီးလာကြသည်။

ကျူးကျော်တဲများနှင့်အတူ အဆောင်၊ အခန်းငှားသည့် ဈေးကွက်သည်လည်း တစ်စတစ်စတွင် ကျယ်လာသည်မှာ ၁၀ စုနှစ်တစ်စုခန့် ရှိချေပြီ။

ပေ ၂၀၊ ပေ ၆၀ မြေကွက်ပေါ်တွင် ၁၀ ပတ်လည် အခန်းတစ်ခန်းကို ကျပ် ငါးသောင်းဝန်းကျင်ဖြင့် ငှားရမ်းကြသည်။ အချို့ကမူ အိမ်ကို အလယ်မှ ကန့်ကာ တစ်ခြမ်းတွင် မိသားစုနေထိုင်ကာ တစ်ခြမ်းတွင် အခန်းငယ်လေးများ ခွဲကာ တစ်နိုင်တစ်ပိုင်အခန်းငှားစားကြသည်။ ထိုမှ တစ်စတစ်စ အများပိုင်မြေပေါ်အထိပါ အခန်းငယ်များဆောက်ကာ ဝင်ငွေရှာသည်အထိ ဖြစ်လာသည်။

လှိုင်သာယာမြို့ရှိ နေအိမ်တော်တော်များများတွင် အိမ်ရှေ့ရေမြောင်းကို ကျော်လွန်ကာ ပြည်သူပိုင်မြေတွင် အဆောက်အအုံဆောက်ကြသည်။ ထို အဆောက်အအုံတွင် အခကြေးငွေဖြင့် ငှားရမ်းသူများရှိသလို မိသားစုကျယ်ကျယ်ဝန်းဝန်းပိုနေနိုင်ရန် မြေချဲ့သူများလည်း ပါဝင်သည်။

ထို့ပြင် ဈေးလမ်းမတွင်ရှိသည့် နေအိမ်များကမူ နှစ်သီးစားဟုပင် ဆိုနိုင်သည်။ အကြောင်းမှာ အိမ်ရှေ့ ရေမြောင်းကို ကျူးကျော်ကာ ဈေးဆိုင်ခန်းအဖြစ် ငှားကြသည့်အပြင် ထိုဆိုင် အရှေ့တွင် ပျံ့ကျဈေးသည်များကို တစ်ဆင့်ပြန်လည် ငှားရမ်းကြခြင်းဖြစ်သည်။

ရွှေရင်အေးဈေးလမ်းတွင် ဈေးဆိုင်ခန်းတစ်ခန်းလျှင် တစ်လ ငှားရမ်းခ ကျပ်သောင်းဂဏန်းအထိ ဈေးပေါက်ကာ ထိုဆိုင်ခန်းအရှေ့ရှိ ပျံကျဈေးတစ်ဗန်းစာကိုမူ တစ်နေ့ငှားခ ကျပ်သုံးထောင်မှ ငါးထောင်ကြားရှိကြောင်း ရွှေရင်အေးဈေးလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

ထို့ကြောင့် မော်တော်ယာဉ်နှစ်စီး ကောင်းစွာသွားနိုင်သည့် လမ်းသည် လမ်းပေါ်အထိ ဈေးတက်ရောင်းသောကြောင့် ဆိုက်ကားသွားရန်ပင် အဆင်မပြေကြောင်း ဆိုက်ကားမောင်းနှင်သည့် ဦးမြင့်လှိုင်က ညည်းတွားသည်။

“လမ်းလယ်ကောင် ဈေးတက်ရောင်းတာ။ ငါတို့မှာ ဟိုဘက်နင်း ဒီဘက်နင်းနဲ့၊ ရန်ဖြစ်ကြတာပေါ့။ မဖယ်ပေးဘူး”ဟု ၎င်းက ဆိုသည်။

ဦးမြင့်လှိုင်သည် လှိုင်သာယာမြို့နယ် စတင်တည်ဆောင်စဉ် ၁၉၉၀ ပြည့်နှစ်ခန့်က လှိုင်သာယာတွင် နေထိုင်ကာ ဆိုက်ကားနင်းခြင်းဖြင့် အသက်မွေးသူဖြစ်သည်။

ဦးမြင့်လှိုင် နေထိုင်သည့် လှိုင်သာယာမြို့နယ်ထက် ရန်ကုန်မြို့လယ်ရှိ မြေညီထပ် အဖီအဆွယ်ကျူးကျော်များကမူ သက်တမ်းပိုရင့်ကာ ရှေ့ကျသည် ဟုဆိုနိုင်သည်။ မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ၁၉၇၄ ခုနှစ်တွင် ပြည်သူ့ အိမ်ရာများတည်ဆောက်ခဲ့သည်။ အဆိုပါ အိမ်ရာများရှိ မြေညီထပ်များတွင် အဖီအဆွယ်များထုတ်ကာ ကျူးကျော်ဆိုင်ခန်းအငှားဈေးကွက် ပေါ်ထွန်းလာခဲ့သည်။

ထို့နောက် ၁၉၉၉ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့၌ ကန်ထရိုက်လောကပေါ်ထွန်းလာချိန်တွင် မြေညီထပ်အဖီအဆွယ်များထုတ်ခြင်း အမွေကို ဆက်လက်သယ်ယူလာကြသည်။

တဲမှ တိုက်ပေါ်ရောက် အိမ်ကျူး

ပြည်သူပိုင်မြေများကို အဖီအဆွယ်ထုတ်ကာ ကျူးကျော် နေထိုင်သူများအပြင် ဆင်ခြင်ဖုံးမြို့နယ်များတွင် မြေကွက်လွတ်များပေါ်တွင် နေအိမ်ဆောက်ကာ ကျူးကျော်နေထိုင်သူများ ရှိသည်။

ထိုကျုးကျော်များသည် လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စသည့် ဆင်ခြေဖုန်းမြို့နယ်များတွင် အများဆုံး ကျူးကျော်ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စာရင်းများအရ ရန်ကုန်တိုင်းတစ်ခုလုံးတွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၁၁၀,၀၀၀ ကျော်ရှိပြီး လူဦးရေစုစုပေါင်း ၄၄၀,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

အဆိုပါကျူးကျော်များကို စီးပွားဖြစ် ကျူးနှင့်နေထိုင်ရန် အခက်အခဲရှိသည့်အတွက် ကျူးသူဟူ၍ စိစစ်ခြင်းကို တိုင်းအစိုးရက မြို့နယ်၂၇ ခုတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ကောက်ယူခဲ့သည်။

ထိုစိစစ်ချက်အရနေထိုင်ရန် အခက်အခဲရှိသည့် ကျူးကျော်အိမ်ထောင်စုပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို ရွေးထုတ်ကာ Smart ကတ် (ကျူးကျော်သက်သေခံကတ်) ထုတ်ပေးထားသည်။

ထိုကျူးကျော်အိမ်ထောင်စုတစ်သိန်းခြောက်သောင်းကျော်ကို လာမည့်ခြောက်လအတွင်း နေထိုင်ရန် အိမ်ရာစီစဉ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန်လ ၃ ရက်တွင် တိုင်းအစိုးရရုံးတွင် ကျင်းပသည့် ရန်ကုန်မြို့အနာဂတ်ဖွံဖြိုးရေးစီမံကိန်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျူးကျော်နေထိုင်သူများကို တဲမှ တိုက်ပေါ်သို့ ပြောင်းရွှေ့ပေးခြင်းကို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)အမှတ် (၂) လမ်းကြီးဘေးတွင် တည်ရှိသည့် မဟာဗန္ဓုလအငှားအိမ်ရာတွင် ကျူးကျော်များကို နေရာချပေးခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းမတည်ဆောက်မီ ယခင်ကွင်းပြင်ကြီးတွင် ကျူးကျော်များရှိပြီး အိမ်ရာဆောက်ပြီးသည့်အခါတွင် အဆိုပါ နေရာရှိ ကျူးကျော်များကို မဲနှိုက်ခိုင်းခြင်းပင် မပြုဘဲ တိုက်ပေါ်တင်ပေးခဲ့သည်။

ယခုတစ်ကြိမ်တွင် သိန်းနှင့်ချီသည့် ကျူးကျော်မိသားစုများ နေထိုင်ရန် တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အရပ်ဘက်အဖွဲ့အစည်းတို့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရှိရသည်။

နှစ်ပေါင်း၅၀နီးပါးအမြစ်တွယ်ခဲ့သည့် ရန်ကုန်ကျူးကျော်များကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။

မကြာသေးမီကပင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေဖြင့် ရန်ကုန်ကျူးကျော်ပြဿနာကို ဖြေရှင်းနိုင်မည်လော။ အဆိုပါဥပဒေတွင် ကျူးကျော်များအတွက် ပြစ်ဒဏ်များ မည်သို့ပြဋ္ဌာန်းထားပါသနည်း။

၂၀၁၈ ခုနှစ် စည်ပင်ဥပဒေတွင် အများပြည်သူပိုင်မြေနေရာကို ကျူးကျော် တည်ဆောက်သူများအတွက် ထောင်ဒဏ်အထိ ပြဋ္ဌာန်းထားသည်။

ထိုဥပဒေတွင် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်လှေကား၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျော၊ ဓာတ်ဆီဆိုင်၊ ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီမဏ္ဍပ်နှင့် အခြားအဆောက်အအုံများ စည်ပင်ခွင့်ပြုချက်မရှိဘဲ တည်ဆောက်လျှင် ဒဏ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိနှင့် ထောင်ဒဏ်ခြောက်လအထိ ပြစ်ဒဏ်နှစ်ရပ်လုံးကျခံနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ်ကျူးလွန်ပါက ထောင်ဒဏ်တစ်နှစ် အထိကျခံရမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည်။

ပြင်းထန်သည့် ပြစ်ဒဏ်များထည့်သွင်းထားသော်လည်း ရန်ကုန်ကျူးများနှင့် စည်ပင်သည် လိုက်တန်းပြေးတန်း ကစားနေဆဲ။

ဆယ်စုနှစ်ငါးစုခန့်အမြစ်တွယ်နေသည့် ရန်ကုန်ကျူးတို့ကို မည်သို့ရှင်းမည်နည်း။

ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်ပွဲအနိုင်ရရှိလာသော ဒုတိယမြို့တော်ဝန်ဦးစိုးလွင်ကမူ ရန်ကုန်ကျူးကျော်များအတွက် ဖြေရှင်းနည်းကို ထိုသို့ဖွင့်သည်။

“ပညာပေးကာလ မဟုတ်တော့ဘူး။ အရေးယူခိုင်းထားတယ်။၂၀၁၈ စည်ပင်ဥပဒေက အသက်ဝင်နေပြီ”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *