ရောက်ရပြန်ပြီ ပီကင်း

(၁)

၂၀၁၉ မေလထဲမှာ တရုတ်နိုင်ငံ ပီကင်းမြို့ကို နောက်တစ်ခေါက် ထပ်ရောက်ရပြန်ပါတယ်။ အရင်အစည်းအဝေးတွေမှာ ဆုံဖူးတဲ့ ပါမောက္ခတစ်ယောက်က တစ်ဆင့်လှမ်းဖိတ်တာပါ။ ခါတိုင်းအစည်းအဝေးသွားနေကျက တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီပါ။ (CASS) တဲ့။ အဲဒီဌာနတောင်  ကိုယ်နဲ့ ရင်းနှီးနေပေမယ့် ဒီတစ်ခေါက်တော့ အပေါက်ဝအထိပဲရောက်ပြီး  အထဲအထိ မရောက်ခဲ့ပါဘူး။ အခုဖိတ်တာက အားကစားရွာမှာရှိတဲ့  တရုတ်သိပ္ပံအကယ်ဒမီ (CAS) တဲ့။ အဓိကက ပထဝီဌာန-ဘယ်လိုများ ပတ်သက်ကြပါလိမ့်လို့ ထင်မိတယ်။

ပီကင်းကို အခေါက်ပေါင်းများစွာရောက်ဖူးပေမယ့် တကယ်တမ်းက  လမ်းပန်းမကျွမ်းလှ။ အခုတည်းရမယ့် နေရာကို ဖြတ်တော့ သွားဖူးတယ်။ လေဆိပ်နဲ့ မဝေးဘူးလို့သိရတယ်။ အရင်ရောက်နေကျ ပီကင်းဘူတာရုံကြီး အနီးတစ်ဝိုက်ကလည်း သိပ်မဝေးဘူးလို့ မှတ်ထားပေမယ့်၊ ဒီနေရာနှစ်ခုက တခြားစီဖြစ်ပုံရ။ ထူးခြားတာက ပီကင်းလေဆိပ်အရောက် Passport ထိုးထည့်လိုက်တော့ တိုကင်လေးတစ်ခု ထွက်လာ၊ လူဝင်မှုကြီးကြပ်ရေးကောင်တာမှာက တစ်နာရီလောက် တန်းစီရ။ ကောင်တာရှေ့ရောက်တော့  လက်ဝဲဘက်လက်ကို ကွန်ပျူတာက ဖတ်ဖို့၊ စက်ကနေ မြန်မာဘာသာနဲ့ ပြောတာ၊ ထူးခြားတဲ့တိုးတက်မှုတစ်ခု။ နောက်တိုးတက်မှုတစ်ခုကတော့  ဆင်းမ်ကတ် (Sim Card) ဝယ်လို့ရတာပါ။ ကိုယ့်မှာ မိတ်ဆွေတွေနဲ့ ပြောစရာဆိုစရာတွေက ရှိ၊ စာအဝင်အထွက်တွေကလည်း ရှိ၊ ဖုန်းပါလာတော့ မြေပုံကြည့်သွားရင်၊ မျက်စေ့လည်စရာအကြောင်း သိပ်မရှိ။ တစ်ခေါက်ကဆို ကားပေါ်မှာ ကိုယ်ပါလာပေမယ့် နေရာပြောင်းထိုင်တာမို့ မမြင်ဘဲ နန်းတော်ထဲ မိုက်နဲ့ အော်ပြီး သွားရှာကြသေးတယ်။

တရုတ်မိတ်ဆွေတွေက ကိုယ့်ကို ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ အကြံတွေ ပေးလိုက်ကြတာ။ အကူအညီတွေ ပေးလိုက်ကြတာ။  တကယ်တမ်းကျတော့ ဆုံးအောင် ကူညီနိုင်တာမျိုး ခပ်ရှားရှား။ လုပ်လို့ ရ မရ၊ အဆင်ပြေ-မပြေလည်း မသိဘူး။ တစ်နည်းမရရင် နောက်တစ်နည်း- ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ အမျိုးမျိုးပြောင်းခိုင်းပေမယ့် အဲဒီနည်းတွေက အလုပ်မဖြစ်၊ အလုပ်မဖြစ်တဲ့ အကြောင်းလည်း အတော်နဲ့ အကြောင်းမပြန်။ သူ့ဘက်ကသာ ဟိုနေ့ ပြီးရမယ်၊ ဒီနေ့ပြီးရမယ်ဆိုပေမယ့် သူတို့ဘက်ကျ ဟိုဟာက ဟိုလိုဖြစ်လို့၊ ဒီဟာက ဒီလိုဖြစ်လို့နဲ့ အစကတည်းက ကြိုမသိ။ ပြောတော့ပြောဖော်ရရှာပါတယ်။ သူတို့လည်း ဒီတစ်ခါပဲ လုပ်ဖူးတာတဲ့။ ဒါက ပုဂ္ဂိုလ်ရေးဆန်ပေမယ့် သူတို့နဲ့ ဆက်ဆံရာက သတိပြုလာမိတာ တစ်ခုပါ။

နောက်တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်မှာ ပညာသင်သွားကြတော့ အဖွဲ့နှစ်ဖွဲ့ကို လက်တို့ပြီး ခေါ်သွားတာ ဟိုရောက်မှ နှစ်ဖွဲ့စလုံးပါမှန်းသိတယ်ဆိုတာ သွားသတိရတယ်။ မြန်မာပြည်က အဖွဲ့ပေါင်းစုံကို သူတို့ဆီက အဖွဲ့ပေါင်းစုံက ဟိုလိုဖိတ်၊ ဒီလိုဖိတ်။ ဟိုရောက်မှ တခြားသူတွေ ပါမှန်း သိရ။ မြန်မာနိုင်ငံထဲက အဖွဲ့အစည်းပေါင်းစုံနဲ့လည်း ကိုယ့်အချင်းချင်းသာ အဆက်အသွယ်မရှိတာ၊ မဆက်ဆံခဲ့တာ ရှိမယ်။ သူတို့က ချိတ်ပြီးသား။

မကြာခဏပြောမိတဲ့စကားက မြန်မာမှာ တရုတ်ကို အထူးပြုလေ့လာတဲ့ သုတေသီ၊ သုတေသနဌာန မရှိ။ အခုမှ နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ သင်တန်းဖွင့်မလို့၊ တရုတ်မှာ မြန်မာကို အထူးပြုလေ့လာနေ တဲ့ သုတေသနဌာနတွေ၊ သုတေသီတွေအများကြီး။ မနှစ်ကဆို မြန်မာအကြောင်း တရုတ်က ပြောတာကို နားထောင်ခဲ့ကြရသေး။

တရုတ်သိပ္ပံအကယ်ဒမီက ဘွဲ့လွန်သင်တန်းတွေလည်း ဖွင့်ထားပုံရလို့ တက္ကသိုလ်ဝင်းထဲနဲ့ အတော်တူပါတယ်။ အနီးအနားမှာတော့ အမြဲတမ်းပဲလား၊ လူကြီးလမ်းကြောင်း ရှိလို့လားမသိ။ နှင်းဆီပန်းတွေ ဝေလို့။  တခြားနေရာတွေမှာ ပန်းတွေရှိပေမယ့် ဒီလောက်မလှ၊ မများ။ လုံခြုံရေးကလည်း တင်းကျပ်လိုက်သလား မမေးနဲ့။

တရုတ်လမ်းမကြီးတွေကို သဘောကျတာက ကားသွားတဲ့ လမ်းသာ ကျယ်တာမဟုတ်၊ စက်ဘီးတို့၊ ဆိုင်ကယ်တို့လို အနှေးယာဉ်တွေသွားတဲ့ လမ်း၊ လမ်းလျှောက်သွားဖို့ လူသွားလမ်းတွေကလည်း ကျယ်မှကျယ်။  အင်္ဂလန်ရောက်နေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ အဲဒါ အင်္ဂလိပ်ဆီက  အတုခိုးတာလို့ ပြောပေမယ့်၊ တခြားမိတ်ဆွေတစ်ယောက်ကတော့ အင်္ဂလန်ရောက်ဖူးပေမယ့် လက်မခံ။ ကိုယ်ကလည်း အင်္ဂလန်က ရှားရှားပါးပါး ဗီဇာအငြင်းခံရတော့ မရောက်ဘူးလို့ တကယ် ဘယ်လိုနေမယ် မပြောတတ်။  လူတွေကို ကြံဖန်အလုပ်ပေးထားတော့ လမ်းမှာ ဆိုရင် ဟိုနားတစ်စု၊  ဒီနားတစ်စု ပေါင်းရှင်းတဲ့သူတွေ၊ တံမြက်စည်းလှဲတဲ့သူတွေ အများကြီး။  လူသွားလမ်းအတိုင်း မသွားဘဲ အနှေးယာဉ်ကြောကနေသွားနေတဲ့  ကိုယ်နဲ့ ကိုယ့်မိတ်ဆွေတစ်ယောက်ကို ဟိုက ကြည့်၊ ဒီက ကြည့်နဲ့။

ဘာသာစကားအခက်အခဲက အမြဲတမ်းရှိ။ ပီကင်းသူသမီးတစ်ယောက်က ဟိုတယ်မှာ လာအိပ်ပြီး မနက်လေဆိပ်လိုက်ပို့မယ်ဆိုတာ  မှတ်ပုံတင်က ပါမလာတော့ ပြန်လွှတ်ရ။ မနက်ကားငှားတော့ ဟိုတယ်က တစ်စီးငှားပြီးသား။ တခြားတစ်ယောက်က ထပ်ခေါ်လို ခေါ်။ အလာတုန်းက  နာရီဝက်ပဲ ကြာတာ၊ အပြန်ကျ နာရီဝက်အထိ လေဆိပ်သွားတဲ့ လမ်းပြအညွှန်း မတွေ့ရ။ ဒရိုင်ဘာက ဖုန်းခေါ်ပြီး အင်္ဂလိပ်လို ပြောခိုင်း၊ လေဆိပ်ရောက်မယ်။ ပိုက်ဆံထပ်ပေးပါတဲ့။ လေဆိပ်မှားများ ပို့နေမလား စိတ်ပူလိုက်ရတာ။ စကားလည်း ပြောလို့မရ။

ဒီတစ်ခေါက်မှာ ပိုထူးခြားတာက တရုတ်စီမံကိန်းအကြောင်း ဧရာမချီးမွမ်းခန်းဖွင့်ပြီး ပြောကြားနေကြတာက တရုတ်တွေ မဟုတ်၊  ဥရောပက ပညာရှင်တွေ။

(၂)

မေလ ၁၄ ရက်နေ့မှာ နေ့လယ်စာမစားမီလုပ်တဲ့ ဆွေးနွေးပွဲကတော့  စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ ဆွေးနွေးပွဲမှာ နိုင်ငံတကာသုတေသီတွေ မေးမြန်းသမျှ၊ အကုန်ခြုံပြီး တာဝန်ခံပါမောက္ခက ရှင်းပြတယ်။ အဓိကမေးခွန်းဖြစ်တဲ့ ဘယ်ဟာက BRI  (ခါးပတ်လမ်းလှုပ်ရှားမှု) ထဲမှာ ပါသလဲ၊  ဘယ်ဟာက မပါဘူးလဲဆိုတဲ့ မေးခွန်းကလည်း ဆွေးနွေးကြသမျှ  လူတွေအားလုံးက စိတ်ဝင်စားကြတယ်။

BRI ကို သုံးပြီး တရုတ်က ပူးပေါင်းဆောင်ရွက်ချင်တာပါ။ ယှဉ်ပြိုင်ချင်တာ မဟုတ်ဘူး။ တံခါးဖွင့်ချင်၊ ပွင့်လင်းချင်တာပါ။ အထီးကျန်ဖို့ မဟုတ်ဘူး။ တံတားတွေ ဆောက်ဖို့ပါ၊ တံတိုင်းတွေ ဆောက်ဖို့ပါ၊  ညီအစ်ကိုလို ဆက်ဆံဖို့ပါ၊ အဖေ လုပ်မလို့ မဟုတ်ဘူးတဲ့။ သူပြောတာ ကဗျာလိုလို၊ ဒဿနလိုလို။

ဘီအာရ်အိုင်ဘာလဲဆိုတာ တိတိကျကျအဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးပါဘူးတဲ့။ အခုအထိ ဘာတွေပါသလဲဆိုရင် အခြေခံအဆောက်အဦတွေ၊ အများအားဖြင့် တရုတ်ရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မဟုတ်ကြဘူး။ ဒါပေမဲ့ တရုတ်ရဲ့ငွေကြေးတွေ ပါတယ်။ အစိုးရတွေ   အထောက်အကူပေးနေတဲ့ စက်မှုဇုန်တွေပါတယ်။ သံ-သံမဏိ၊ ရေနံ၊ ဓာတု၊ ဘိလပ်မြေတို့လို အကြီးစားစက်မှုလုပ်ငန်းကြီးတွေပါတယ်။  အကူအညီပေးတဲ့ လုပ်ငန်းတွေပါတယ်။

ငွေကြေးထည့်ဝင်တဲ့ ပုံစံက လေးမျိုးရှိတယ်။ အကူအညီဆန်ဆန်- အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးတာ၊ ပို့ကုန်အတွက် တရုတ်သွင်းကုန်ပို့ကုန်ဘဏ်က ငွေချေးတာ။ အတိုးနှုန်းတစ်နှစ် ၂ ရာခိုင်နှုန်းအောက်လောက်နဲ့ နှစ်ရှည်ချေးတာ၊ အစိုးရက အာမခံပေးတာ။ ဒါတွေ အားလုံးက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမဟုတ်။

ဖွံ့ဖြိုးရေးဘဏ်တွေကနေ အတိုးနှုန်းသက်သက်သာသာနဲ့ ချေး တာ။ အတိုးနှုန်း ၃-၅ ရာခိုင်နှုန်းလောက်နဲ့ နှစ်ရှည်ချေးတာ။ တချို့က အစိုးရကအာမခံ၊ တချို့က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု။

နောက်တစ်မျိုးက သက်သက်အကူအညီပေးတာ။

တရုတ်မှာရော၊ ပြည်ပကိုပါ စီးပွားရေးလုပ်ငန်းတွေအတွက်  ချေးတာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်တာ။

ဒီစီကိန်းကြီးက နယ်နိမိတ်အကန့်အသတ်မရှိဘူး။ မြေပုံပေါ်မှာ လမ်းကြောင်းလေးနှစ်ခုထဲရှိတာ မဟုတ်ဘူး။ နယ်ပယ်ပေါင်းစုံ၊ အဆင့်ပေါင်းစုံပါဝင်တယ်။ နိုင်ငံအချင်းချင်း ပူးပေါင်းဆက်ဆံရေး အဆင့်မြင့်ကွန်ရက် ရှိတယ်။ စီးပွားရေးစင်္ကြံခြောက်ခု မြေပေါ်မှာ ရှိပြီး ရေကြောင်းလမ်းသုံးခု ရှိတယ်။ ဒီအပြင် စက်မှုဇုန်တွေ အများကြီးရှိမယ်။ အခုဆိုရင်  နိုင်ငံပေါင်း ၆၄ နိုင်ငံရှိနေပြီး လက်မှတ်ထိုးတာက ၁၃၁ နိုင်ငံနဲ့ နိုင်ငံ တကာအဖွဲ့အစည်း ၉၀ ရှိတယ်။ ပိုးလမ်းမပေါ်က နိုင်ငံတွေနဲ့ တရုတ်ရဲ့ ကုန်သွယ်မှုက ၂၀၁၈ မှာ အမေရိကန်ဒေါ်လာ ၁၃၀၀ ဘီလီယံရှိပြီး တရုတ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုရဲ့ ၂၇ ရာခိုင်နှုန်းရှိတယ်။ ဒီနိုင်ငံတွေမှာ တရုတ်ရဲ့ တရားဝင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၂၀၁၃-၁၈  ကာလအတွင်း- အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံ ရှိတယ်။ အမေရိကန်တို့၊ အိန္ဒိယတို့က မပေါင်းချင်လည်း နေပါ။ တန်ပြန်ဆောင်ရွက်ဖို့တော့ အစီအစဉ် မရှိဘူးတဲ့။ တရုတ်နဲ့ အမေရိကန်ပြိုင်ဆိုင်မှုကြောင့် ရွေးချယ်စရာတွေရှိ၊ ပိုပြီး ထိရောက်မှု ရှိလာမယ်တဲ့။ (အခုလို လွတ်လပ်စွာကုန်သွယ်မှုရဲ့ အကျိုးကျေးဇူးတွေကို ဟိုတုန်းကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက  ပြောခဲ့ကြတာပါ)

နိုင်ငံ ၂၄ ခုမှာ စီးပွားရေးနဲ့ ကုန်သွယ်မှုအစီအစဉ် ၈၂ ခုရှိတယ်။  အဲဒီစီးပွားရေးနဲ့ ကုန်သွယ်ရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှု ၃၄ ဒသမ  ၉ ဘီလီယံရှိပြီး ဒေသခံလုပ်ငန်းပေါင်း ၄၅၄ ခုကနေ ဒေသခံတွေအတွက်  အလုပ်အကိုင်ပေါင်း နှစ်သိန်းရှစ်သောင်းခုနစ်ထောင် ဖန်တီးပေးနိုင်တယ်။

ပြည်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေဟာ ဘီအာရ်အိုင်အတွက် အရေးပါတယ်။ တရုတ်အစိုးရက ထောက်ခံအားပေးပြီး သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေက ကြိုဆိုကြတယ်။ စက်မှုလုပ်ငန်းတွေ တူရာတူရာစုမိကြတယ်။ ဘာလို့ ဒီလိုဇုန်တွေ ဆောက်ရသလဲ၊ ဘာလို့ ဆောက်သင့်သလဲ၊  တရုတ်လုပ်ငန်းတွေက ဘာလို့ အဲဒီဇုန်တွေမှာသွားပြီး ရင်းနှီးမြှုပ်နှံချင်ကြသလဲဆိုတာ ဆက်လက်လေ့လာဖို့ ကောင်းတယ်တဲ့။

ဘီအာရ်အိုင်အကြောင်း သေသေချာချာနားလည်ဖို့ အဆင့်မြင့်မြင့် အရည်အသွေးရှိရှိ ဖွံ့ဖြိုးတိုးတက်လာဖို့၊ မြေပြင်မှာရှိနေတဲ့ လက်တွေ့အခြေအနေတွေကို လေ့လာဖို့လိုတယ်။ ဘာတွေလုပ်နေကြသလဲ၊ ဘာတွေဖြစ်နေကြသလဲ၊ အစိုးရအချင်းချင်း ဘာတွေ ဆွေးနွေးနေကြသလဲဆိုတာတွေကို တရုတ်သုတေသနတွေ၊ သုတေသီတွေကလည်း စိတ်ဝင်စားတယ်။ (ရှားရှားပါးပါး အင်္ဂလိပ်ဘာသာနဲ့ ပြုစုထားတဲ့ စာအုပ်အထူကြီးတစ်အုပ်တောင် ပေးလိုက်သေး)

ဒီဆွေးနွေးပွဲရဲ့ အစပိုင်းကတည်းက စိတ်ဝင်စားစရာကောင်းတယ်။  တရုတ်စီမံကိန်းနွေအကြောင်း ဝေဖန်တိုက်ခိုက်ပြီး ရေးထားတာတွေအကြောင်း ဆွေးနွေးကြတယ်။ သုတေသီတစ်ယောက်က မိုဇမ်သဘစ်ကို  မရောက်ဖူးဘဲ တရုတ်လုပ်ငန်းစီမံကိန်းတွေကို မကောင်းကြောင်း ပြစ်တင် ရေးထားတာ။ ဆိပ်ကမ်းတွေဆောက်ထားပြီး တရုတ်သင်္ဘောတွေ အသွားအလာများတဲ့ အကြောင်းရေးထားပေမယ့် သွားတဲ့သင်္ဘောတွေဟာ ကြက်ခြေနီသင်္ဘောတွေ၊ လူသားချင်းစာနာမှု အထောက်အကူအညီပေးဖို့  သွားကြတာဖြစ်တဲ့အကြောင်းကို ဖော်မပြဘဲ ထားတာတွေ တင်ပြပါတယ်။

ပြည်ပမှာ တရုတ်တန်းလို ဌာနေဒေသခံ တရုတ်တွေရှိနေရင် နောက်ထပ်ဆက်ပြီး ရင်းနှီးမြှုပ်နှံရတာ ပိုလွယ်မယ်တဲ့။ တရုတ်ကိုတောင်မှ ပြည်ပရောက်ရယ်၊ ဒေသခံနဲ့ ပြည်တွင်းရယ်လို့ သုံးမျိုးထပ်ခွဲထားတာ  စိတ်ဝင်စားစရာ။

တရုတ်နဲ့ အမေရိကန်ယှဉ်ကြည့်ကြရာမှာ တရုတ်ရော၊ အမေရိကန်ရော နှစ်ဦးနှစ်ဖက်စလုံး ကျေနပ်အောင်လုပ်မယ်ဆိုရင် နှစ်ဖက်စလုံး မကျေမနပ်ဖြစ်ဖို့ပဲများတယ်။ အခုစီမံကိန်းကြောင့် မလေးရှားတို့၊ အင်ဒိုနီးရှားတို့ အကျိုးရှိလာနိုင်ပေမယ့် စင်ကာပူအထိနာလေမလား။ ဒီလိုဆို စင်ကာပူက တရုတ်ကို သွားပြီး ရင်းနှီးမြှုပ်နှံမှာလား။ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်ဝန်းကျင် ဘယ်ဘက်အစွန်းကိုမှ မရောက်စေဖို့အတွက်ဆိုရင် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုတိုးပွားလာအောင် ဘယ်လိုအားပေးကြမလဲဆိုတာတွေလည်း ကျွန်တော်တို့ ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။

၂၉.၀၅.၂၀၁၉

ခင်မောင်ညို (ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *