ရဲတပ်ဖွဲ့အလိုရှိသူများ လွတ်မြောက်နေသည်

ဝရမ်းထုတ်ခံထားရသူများကို မဖမ်းဆီးနိုင်သည့်အတွက် ရဲတပ်ဖွဲ့ကို ဝေဖန်မှုများ မြင့်တက်နေသည်။

ဥပဒေ ချိုးဖောက်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အရေးယူမှုများရှိနေသော်လည်း အချို့အမှုကြီးများတွင် ပြစ်မှုကျူးလွန်သူများကို တရားခံပြေးအဖြစ် ကြေညာထားပြီး ယနေ့အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။

အဓိကတရားခံများ လွတ်နေသလော

လူမြင်ကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီသေဆုံးမှုတွင် အဓိကတရားခံဖြစ်သည့် အောင်ဝင်းခိုင်ကို တရားခံပြေးအဖြစ် ကြေညာထားသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ပြည်သူအများ စိတ်ဝင်စားသည့်အမှုများတွင်လည်း အဓိကတရားခံများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိဘဲ တရားခံပြေးအဖြစ် ကြေညာထားသည်။

နိုင်ငံအတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေများကိုချိုးဖောက်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းမမိ၍ တရားခံပြေးအဖြစ် ကြေညာရခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်အပြင် အများပြည်သူလုံခြုံရေးအတွက် နောက်ကျောမလုံစရာ ဖြစ်နေပြီလော။

တရားခံလွတ်မြောက်မှုများအတွက် ပြစ်တင်မှုများ မြင့်တက်နေချိန် ရဲတပ်ဖွဲ့များမှာ တရားခံရှိနိုင်သည့် နေရာများကို သွားရောက်ရှာဖွေသော်လည်း မရှိသည့်အတွက် ဖမ်းမမိခြင်းသာဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများနှင့် တရားခံပြေးများကို ဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဖမ်းမိနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

“၀ရမ်းထုတ်ပြီးနောက် တရားခံရှိနိုင်မယ့် နေရာတွေကို သွားဖမ်းတာပဲ။ မတွေ့တော့ ဖမ်းမမိဘူးပေါ့။ ၀ရမ်းပြေးဖမ်းတဲ့သူဆိုတာ ဖမ်းခံရမှာစိုးလို့ ပုန်းနေတဲ့ သူပဲ။ သူက ပုန်းနေတဲ့သူဆိုတော့ အခြေအနေ ပိုသာတာပေါ့။ သတင်း အချက်တိတိကျကျ သိရဖို့တော့ လိုတယ်” ဟု ၎င်းက ပြောဆိုသည်။

ဥပဒေချိုးဖောက်ကာ ပြစ်မှုကျူးလွန်သူများသည် နိုင်ငံအတွင်းရှိနေသော်လည်း ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် တရားခံပြေး (၀ရမ်းပြေး) အဖြစ်ကြေညာထားပြီး ယင်းကဲ့သို့ ဖမ်းမမိခြင်းက ရဲတပ်ဖွဲ့ကို ပြည်သူများ ယုံကြည်မှုနည်းစေသည့်အပြင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နေကြောင်း ဥပဒေသမားအချို့က ပြောဆိုသည်။

ပြစ်မှုကျူးလွန်သည်ဟု တိုင်ကြားခံထားရသူများကို တရားရုံးတွင် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်သော်လည်း မလာရောက်သူများကို ဖမ်းဝရမ်းထုတ်ပေးခြင်းဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုသည်။

ရဲအရေးပိုင်သည့် အမှုများတွင် ရဲတပ်ဖွဲ့က ၀ရမ်းထုတ်ကာ ဖမ်းဆီးနိုင်ပြီး ရဲအရေးမပိုင်သည့် အမှုများတွင် တရားရုံးက ဖမ်းဝရမ်းအဖြစ်ထုတ်ပေးမှ ဖမ်းဆီးနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် လာရောက် အဖမ်းမခံသည့်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားရုံးသို့ ဖမ်းဝရမ်းပြန်သွင်း ပြီးနောက် ၎င်း(တရားခံ) ထွက်ပြေးနေသည်ကို သိသည့် သက်သေနှင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တရားခံပြေးအဖြစ် ကြေညာခြင်းဖြစ်ကြောင်း ရှေ့နေများထံမှ သိရသည်။

ဖမ်းဝရမ်းထုတ်ပြီး ဖမ်းမမိလျှင် သက်သေများကို စစ်ဆေးပြီး တရားခံပြေးအဖြစ် ကြေညာပြီးနောက်တွင် ၎င်း ပိုင်ဆိုင်မှုများကို ချိပ်ပိတ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

တရားခံပြေး ငါးကြီးများ

အဂတိလိုက်စားနေကြောင်း အဂတိကော်မရှင်က အဂတိဥပဒေဖြင့် အရေးယူပေးရန် တိုင်ကြားလိုက်သူများတွင်လည်း အချို့က တရားရုံးကို လာရောက်ဖြေရှင်းခြင်းမရှိဘဲ ဖမ်းဝရမ်းထုတ်ခံထားရသူများလည်း ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခင်ဦးမြို့နယ် တရားသူကြီးသည် ၎င်းစစ်ဆေးသည့် အမှုတွင် လာဘ်စားရန် ပြုလုပ်ခဲ့သည်ဟုဆိုကာ အဂတိဥပဒေဖြင့် အမှုဖွင့်ခံထားရသည်။ သစ်တောဥပဒေဖြင့် တရားရင်ဆိုင်ခဲ့ရသူထံမှ ကျပ်သိန်းသုံးရာကျော် တောင်းခံခဲ့သော်လည်း အမှု မအောင်မြင်ခဲ့သည့်အတွက် နစ်နာသူ၏ တိုင်ကြားချက်အရ ခင်ဦးမြို့နယ် တရားသူကြီးကို အဂတိဥပဒေဖြင့် အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

အဂတိလိုက်စားနေသည်ဟု အဂတိကော်မရှင်က တရားရုံးကို တိုင်ကြားပြီးမှ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးသည့် အချိန်တွင် အဖမ်းမခံဘဲ ရှောင်ပြေးနေခြင်းဖြစ်သည်။

ကော်မရှင်၏ လုပ်ထုံးလုပ်နည်းများအရ တိုင်ကြားမှုများကို အဂတိလိုက်စားခြင်းရှိ၊ မရှိ စစ်ဆေးပြီးမှ အဂတိလိုက်စားပါက အဂတိလိုက်စားကြောင်းကြေညာပြီးမှ သွားရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွှန့်က ပြောဆိုသည်။

“ကျွန်တော်တို့ကိုယ်တိုင် ဖမ်းဆီးတာမျိုးလည်းရှိတယ်။ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးတာလည်း ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သည့် အမှုများတွင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်လှစ်၍ တရားစွဲဆိုခဲ့သောအမှုများအနက် တရားခံ ၁၂ ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းစာရင်းအရဆိုလျှင် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုသော်လည်း တရားခံများမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ဆိုရမည်။

ထိုသို့ တရားခံများလွတ်မြောက်နေမှုကြောင့် အင်တိုက်အားတိုက်လုပ်ဆောင်နေသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ရှေ့မတိုးသာ အခြေအနေရောက်ရှိနေသည်ဟု ပြောရမည်ပင်။

တရားခံပြေးများ တွေ့လျှင် သတင်းပေးပါ

အမုန်းစကားများ ပြောကြားမှုကြောင့် ယခုရက်ပိုင်းအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်လိုက်သည်။

ဦးဝီရသူ သီတင်းသုံးသည့် မန္တလေး မစိုးရိမ်တိုက်သစ်သို့ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှသိရသည်။ ဦးဝီရသူသည် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၏ ဩဝါဒခံယူရန် ရန်ကုန်သို့ ရောက်ရှိနေကြောင်း၊ အဖမ်းခံမည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခဲ့သည့် အသံဖိုင်ထွက်ပေါ်လာခဲ့သော်လည်း  တိုင်းသံဃနာယကအဖွဲ့ရုံးကို လာရောက်ခဲ့ခြင်း မရှိပေ။

ယင်းနောက် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူသည် ဆရာတော်ကြီးများက ဓမ္မစက်ဖြင့် ဆိုဆုံးမပြီးမှ ရဲနှစ်ဦးဖြင့် လာရောက်အဖမ်းခံမည်ဟု ရုရှားနိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖြစ်သည့် VK တွင် ပြောဆိုထားသည်။

ထောင်ဒဏ်တစ်သက်တစ်ကျွန်း အထိ ချမှတ်နိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူသည် ယင်းကဲ့သို့ပြောကြားနေပါသော်လည်း ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းမိနိုင်ခြင်း မရှိသေးပေ။

ဦးဝီရသူသည့် မည့်သည့်နေရာတွင် ပုန်းနေ၍ မတွေ့နိုင်သနည်း။ ပြည်သူများတွေ့ရှိက ရဲတပ်ဖွဲ့သို့ သတင်းပေးနိုင်ကြောင်းလည်း ထုတ်ပြန်ထားလေသည်။

ဦးဝီရသူကဲ့သို့ပင် ၀ရမ်းထုတ်ခံထားရသူများလည်းရှိသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိကို လာဘ်စားသည်ဟုပြောဆိုခဲ့၍ အကျဉ်းကျခံရဖူးသည့် မိုက်ကယ်ကျော်မြင့်ပင် ဖြစ်သည်။ ပြည်သူများ စိတ်ဝင်စားနေသည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုနှင့်ပတ်သက်ပြီး ဦဆောင်သူ မိုက်ကယ်ကျော်မြင့်ကို ၀ရမ်းပြေးအဖြစ် ကြေညာပြီးထားသော်လည်း ယခုအချိန်ထိ ဖမ်းမမိသေးပေ။

မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်သည် မေ လ ၁၅ ရက်နေ့ညပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်တို့ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေအိမ်များသို့ ဝင်ရောက်ကာ ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် ထပ်မံဝတ်ပြု ခြင်းမပြုလုပ်ရန် ခံဝန်ရေးထိုးခိုင်းခဲ့သည်။

အဆိုပါကိစ္စကြောင့် မိုက်ကယ်ကျော်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ( နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်ချင်လာအောင် ပြုလုပ်ခြင်း) ဖြင့် အမှုဖွင့်ပြီးနောက် ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများကို ရဲတပ်ဖွဲ့ကသာ ဖမ်းဆီးနိုင်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခံရသူကို လိုက်လံဖမ်းဆီးပြီးနောက် မမိနိုင်တော့သည့် အခြေအနေတွင် တရားရုံးကို ဖမ်းဝရမ်းပြန်သွင်းပြီး တရားရုံးက ပြစ်မှုကျူးလွန်သူကို ထွက်ပြေးသည်ဟု သိသည့် သက်သေများနှင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တရားခံပြေး (၀ရမ်းပြေး) အဖြစ် ကြေညာကြောင်း ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

“အချိန်အတိုင်းအတာတစ်ခုအထိ လိုက်ဖမ်းတယ်။ မမိတော့တဲ့ အခြေအနေဆိုရင် တရားရုံးကို သူရှိတဲ့ နေရာတွေကို လိုက်ရှာပေမယ့် မမိတဲ့အကြောင်း ၀ရမ်းပြန်သွင်းပြီးရင် တရားရုံးက တရားခံပြေး (၀ရမ်းပြေး) အဖြစ် ကြေညာလိုက်တယ်” ဟု ၎င်းကပြေဆိုသည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများကို ရဲတပ်ဖွဲ့ကသာ ဖမ်းဆီးနိုင်သော်လည်း တရားခံပြေးအဖြစ် ကြေညာခံရသူများကို အများပြည်သူကပါ ဖမ်းဆီးနိုင်ကြောင်း ရှေ့နေများကပြောဆိုသည်။ သို့သော် တရားခံပြေးအဖြစ် ကြေညာခံရပြီးနောက် ယနေ့အထိ ဖမ်းမိနိုင်သေးသူများလည်း ရှိနေသည်။

ဦးကိုနီ လုပ်ကြံခံရမှုတွင် တရားခံပြေးအဖြစ် ကြေညာခံထားရသည့် တရားခံအောင်ဝင်းခိုင်သည် တစ်ဦးအပါအဝင်ဖြစ်သည်။

NLD ပါတီ၏ ဥပဒေအကြံပေးအရာရှိ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး လွတ်မြောက်နေသည့် တရားခံအောင်ဝင်းခိုင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ် ကြေညာထားသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။

အသက် (၄၅)နှစ်အရွယ် ဒုဗိုလ်မှူးကြီး (ဟောင်း) အောင်ဝင်းခိုင်သည် ဦးကိုနီကို လုပ်ကြံရန်ငွေပေး၍ ခိုင်းစေ ခဲ့သည့်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အမှု၏ အဓိက ပါဝင်ပတ်သက်သူလည်း ဖြစ်သည်။ အောင်ဝင်းခိုင်သည် ဦးကိုနီ လုပ်ကြံခံရပြီးနောက် နေပြည်တော် ပရ ဆေးဥယျာဉ်အနီးတွင် ပျောက်ကွယ် သွားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အချို့က ၀ရမ်းပြေးအောင်ဝင်းခိုင်သည် သေဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုမှုများပင်ရှိသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု၊  ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်စသည့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ၀ရမ်းပြေးအဖြစ် ကြေညာခံထားရသည့် စောနေတိုးကိုလည်း ယနေ့အထိ ဖမ်းမမိနိုင်ခဲ့ပေ။

အချို့ဝရမ်းပြေးဆိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ကာ ၀ရမ်းပြေးတစ်ယောက်ဖြစ်ကြောင်း သွားရောက်ဖော်ထုတ်သူ၏ ညီကို သတ်ခိုင်းခဲ့သည်ဟုဆိုသည့်  ဖြစ်ရပ်ပင်ရှိခဲ့သည်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖြစ်သည်။

တောင်ဒဂုံ (၁၄၀) ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ရန်နိုင်စိုး(ခ) ကရင် ဆိုသူသည် မုဒိမ်းမှုဖြင့် ၀ရမ်းပြေးတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သူ၏ ညီကို သတ်ခဲ့သည့်အထိ ဖြစ်ခဲ့သည်။ ၀ရမ်းပြေးတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည့်အတွက် ယင်း ကိစ္စအပေါ် မကျေနပ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူက ပြောသည်။

ရန်နိုင်စိုးမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေပြီး လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ရာအိမ်မှူးနိုင်ဝင်း၊ သူ၏ သား နှစ်ဦးဖြစ်သူ နေလင်း(၁၆)နှစ်၊ သန်းနိုင်ဦး (၁၉)နှစ်နှင့် ဦးချစ်လှ၊ အောင်စိုးနှင့် သက်ပိုင်ဟိန်းတို့ကိုသာ ဖမ်းမိခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ပါ လေးဦးကို တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး ဖမ်းဝရမ်းထုတ်ဆင့်ထားသည့် မိုက်ကယ်ကျော်မြင့်ပါ နှစ်ဦးနှင့် ကရင်နီလူငယ် ခြောက်ဦးတို့ကို အလိုရှိကြောင်း ရဲတပ်ဖွဲ့က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ဆိုလျှင် ဖမ်းဝရမ်းထုတ်ခံထားရသူများနှင့် ၀ရမ်းပြေးအဖြစ်ကြေညာခံထာရသူများ လွတ်မြောက်နေခြင်းသည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနေပြီလော။

တရားခံပြေးအချို့နှင့် ဖမ်းဝရမ်းထုတ်ခံထားရသူများကို ဖမ်းဆီးနိုင်ခြင်းမရှိခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် အလွန်အန္တရာယ်ရှိနေသည့်အခြေအနေပင်ဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုသည်။

ရဲတပ်ဖွဲနှင့် ပြည်သူများနှင့်အတူ ပူးပေါင်း၍ ၀ရမ်းထုတ်ခံထားရသူများနှင့် တရားခံပြေးများကို ဖမ်းမိနိုင်ရန် လုပ်ဆောင်နိုင်သော်လည်း ရဲတပ်ဖွဲ့အနေနှင့် လူပုဂ္ဂိုလ်ရွေးကာ ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ပြည်သူများက ပူးပေါင်းလုပ်ဆောင်ရန် ယုံကြည်မှုအားနည်းနေပြီး တရားဥပဒေစိုးမိုးရေးအတွက်ပါ ထိခိုက်နေကြောင်း ၎င်းက ပြောဆိုသည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများနှင့် တရားခံပြေးအဖြစ်ကြေညာခံထားရသူများလွတ်မြောက်နေခြင်းနှင့် ပတ်သက်ပြီး ဦးခင်မောင်မြင့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“လူဖမ်းဝရမ်းတွေဆောင်ရွက်ပုံက မမျှတတဲ့အတွက် တရားဥပဒေစိုးမိုးမှု ပျက်စီးတယ်။ တရားဥပဒေစိုးမိုးမှုကို ကိုင်တွယ်နေတဲ့သူတွေအပေါ်မှာလည်း ပြည်သူက အယုံအကြည်နည်းတယ်။ အဲဒီအတွက် ပြည်သူတွေဆီက သတင်းတွေ မရတော့ဘူး။ အကူအညီ မရတော့ဘူး”

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *