တစ်နှစ်အတွင်း ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ယာဉ် တစ်ရာကျော်ဖမ်းမိ

ရန်ကုန် မေ ၆

ရန်ကုန်တိုင်းဒေသကြီး၌ တစ်နှစ်အတွင်း လိုင်စင်မဲ့ယာဉ် ၁၀၀ ကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးအောင်စိုးမိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တချို့ယာဉ်တွေက ကညန နံပါတ်မတပ်ဘဲ မောင်းနေတာတွေ၊ တချို့ယာဉ်တွေက နံပါတ်အတု တွေနဲ့ အယောင်ဆောင်ပြီး လုံခြုံရေးအပိုင်းကို ထိုးဖောက်ဖျက်ဆီးနိုင်တာဖြစ်တဲ့အတွက် ဖမ်းဆီးရေးကို လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနိုင်ရေး၊ သတ်မှတ်နံပါတ်ပြား တပ်ဆင်အသုံးမပြုသည့် ယာဉ်များကို ဖမ်းဆီးနိုင်ရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ အဖွဲ့ ၁၀ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ယခုနှစ် မေလအတွင်း ကညန နံပါတ်ပြားမတပ် သည့်ယာဉ် ၅၅ စီးဖမ်းမိခဲ့ပြီး ထပ်မံဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာသည့် ယာဉ်များကိုဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေနှင့်လည်း စည်းကမ်းလိုက်နာရန် လိုကြောင်း ၎င်းကပြောဆိုသည်။

နံပါတ်ပြားအတုများနှင့် ကညန နံပါတ်ပြားမတပ်ဘဲ မောင်းနှင်နေမှုများသည် အများပြည်သူ လုံခြုံရေးကို ထိခိုက်စေနိုင်သည့်အတွက် ဖမ်းဆီးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း CCTV ၃၀၀၀ ခန်ဖြင့် မှုခင်းများကျဆင်းရေးအတွက် စောင့်ကြည့်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *