၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

ဒစ်ဂျစ်တယ် အာဏာရှင်စနစ်များ

AI ကို လူအများက ကြောက်ကြခြင်းမှာ AI သည် အမြဲ သူတို့ခိုင်းသလိုလုပ်ပါ့မလားဆိုတာကို စိုးရိမ်သောကြောင့်ဖြစ်၏။ စက်ရုပ်များက သူတို့၏ သခင်လူသားများကို တော်လှန်ပြီး လမ်းပေါ်တွင် ထိန်းမနိုင်သိမ်းမရဘဲ လူများကိုလိုက်သတ်သည့် သိပ္ပံဆန်းကြယ်သည်းထိတ်ရင်ဖိုဇာတ်ကားများကို ကြည့်ဖူးကြပါသည်။ တကယ်တမ်းကြုံရမည့် ပြဿနာမှာမူ ပြောင်းပြန်ဖြစ်၏။ ကျွန်ုပ်တို့အနေနှင့် စက်ရုပ်များကို ကြောက်သင့်သည်မှာ စက်ရုပ်များက ဘယ်သောအခါမှ မတော်လှန်ဘဲ သူတို့သခင်ဖြစ်သူများ၏ အမိန့်ကို နာခံနေနိုင်သောကြောင့်ဖြစ်သည်။

စက်ရုပ်များကိုအမိန့်ပေးသော သခင်များက အန္တရာယ်မရှိနိုင်သည့် သခင်များဆိုလျှင်ကား မျက်စိစုံမှိတ်နာခံခြင်းက ပြဿနာမဟုတ်လှပေ။ စစ်ပွဲများတွင်ပင် သတ်ဖြတ်နိုင်သည့် စစ်သားစက်ရုပ်များကို အသုံးပြုပါက သမိုင်းတွင် ပထမဦးဆုံးအကြိမ် စစ်ပွဲဥပဒေသများကို လိုက်နာမည်ဟု စိတ်ချနိုင်မည်ဖြစ်ပါသည်။ လူသားစစ်သားများမှာ တစ်ခါတရံ စစ်ပွဲစည်းကမ်းများကို ချိုးဖောက်၍ သူတို့စိတ်ခံစားချက်နောက်လိုက်ကာ သတ်ဖြတ်ခြင်း၊ အကြမ်းဖက်လုယက်ခြင်း၊ မုဒိမ်းမှုများ ကျူးလွန်တတ်ကြပါသည်။ ကျွန်ုပ်တို့အနေနှင့် စိတ်ခံစားချက်ဟုဆိုရာတွင် သနားကြင်နာစိတ်၊ ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတရားတို့ကို မြင်ယောင်တတ်ကြပါသည်။ သို့သော် စစ်ဖြစ်နေချိန်တွင် ဦးစီးနေသည့် စိတ်ခံစားချက်များမှာ အကြောက်တရား၊ စက်ဆုပ်မှုနှင့် ရက်စက်မှုတို့ ဖြစ်ကြပါသည်။ စက်ရုပ်များတွင် စိတ်ခံစားချက်များရှိသည်မဟုတ်ရာ သူတို့အနေနှင့် ပုဂ္ဂလိကအကြောက်တရားများ၊ အမုန်းတရားများ လွှမ်းမိုးခံရမည်မဟုတ်ဘဲ စစ်စည်းကမ်းဥပဒေများကို အမြဲတမ်းလိုက်နာမည်ဖြစ်ကြောင်း စိတ်ချနိုင်မည်ဖြစ်သည်။

၁၉၆၈ မတ် ၁၆ တွင် ဗီယက်နမ်တောင်ပိုင်း မိုင်လိုင်ရွာရှိ အမေရိကန်စစ်သားတစ်စုမှာ ထိန်းသိမ်းမရသောင်းကျန်းကာ အရပ်သား ၄၀၀ ခန့်ကို သတ်ဖြတ်ခဲ့သည်။ ယင်းစစ်ရာဇဝတ်မှုမှာ တောထဲတွင် လအတော်ကြာ ပြောက်ကျားစစ်ဆင်နွှဲနေသော စစ်သားများက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုသတ်ဖြတ်မှုမှာ မည်သည့်နည်းဗျူဟာ အကျိုးကျေးဇူးမှမရှိသလို အမေရိကန်နိုင်ငံ၏ ဥပဒေများနှင့် စစ်မူဝါဒကိုလည်း ဆန့်ကျင် ချိုးဖောက်ရာရောက်သည်။ ယင်းမှာ လူသားစိတ်ခံစားချက်များ၏ အမှားပင်ဖြစ်သည်။ အမေရိကန်အနေနှင့် ဗီယက်နမ်တွင် စစ်သားစက်ရုပ်များကိုသုံးခဲ့သည်ဆိုပါက မိုင်လိုင်သတ်ဖြတ်မှုလိုမျိုး ကိစ္စရပ်ဖြစ်စရာ အကြောင်းလုံးလုံးမရှိပေ။

သို့တစေ ကျွန်ုပ်တို့အနေနှင့် အလောတကြီး စစ်သားစက်ရုပ်များထုတ်လုပ်ပြီး အသုံးမပြုခင် စက်ရုပ်များသည် သူတို့ကို စေခိုင်းသည့် ကွန်ပျူတာကုတ်၏ အရည်အသွေးများအပေါ်မူတည်ကြောင်း၊ ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှတ်ရရန်လိုသည်။ ရေးထားသည့်ကုတ်က အန္တရာယ်မပြုဖို့၊ ချုပ်ထိန်းဖို့ ရေးထားခြင်းဖြစ်ပါက စက်ရုပ်များမှာ ပုံမှန်လူသားစစ်သားတစ်ဦးထက် များစွာသာလွန်ကောင်းမွန်ဖွယ်ရာရှိပါသည်။ သို့သော်ရေးထားသည့်ကုတ်က အကြင်နာကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်ဖို့ ရေးထားသည်ဆိုပါက ငါးပါးမှောက်မည့်ရလဒ် ဖြစ်လာမည်ဖြစ်သည်။ စက်ရုပ်များနှင့် ကြုံရမည့်ပြဿနာမှာ သူတို့၏ အသိဉာဏ်တု (Artificial Inteligence) မဟုတ်ဘဲ သူတို့၏ လူသားသခင်များရှိ မွေးရာပါ မိုက်မဲမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ပင် ဖြစ်သည်။

၁၉၉၅ ဇူလိုင်တွင် ဘော့စနီးယန်း ဆာ့ဘ်စစ်တပ်မှာ ဆရဲဘဲနစ်ဆာ မြို့နားရှိ ဘော့စနီးရေ့ခ် မွတ်ဆလင် ၈၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။ ပရမ်းပတာဖြစ်ခဲ့သော မိုင်လိုင်သတ်ဖြတ်မှုနှင့်မတူဘဲ ဆရဲဘဲနစ်ဆာ သတ်ဖြတ်မှုမှာ ဘော့စနီးယားရှိ မွတ်ဆလင်များကို လူမျိုးတုန်းရှင်းလင်းမှုပြုလုပ်ရန် စနစ်တကျ သေသေချာချာစီမံထားသော စီမံကိန်းဖြစ်သည်။ ၁၉၉၅ ဘော့စနီးယန်းဆာ့ဘ်လူမျိုးတို့တွင် စစ်သားစက်ရုပ်များရှိခဲ့ပါက ယင်းရက်စက်ကြမ်းကြုတ်မှုမှာ ပို၍ဆိုးရွားစွာဖြစ်ပွားခဲ့မည်ဖြစ်သည်။ သူတို့ကို ညွှန်ကြားထားသည့်အမိန့်အတိုင်းဆောင်ရွက်ရန် မည်သည့်စက်ရုပ်ကမှ တစ်စက်ကလေးတောင် တွန့်ဆုတ်နေမည်မဟုတ်ပေ။ မွတ်ဆလင်ကလေးငယ်တစ်ယောက်၏အသက်ကိုလည်း သနားတဲ့ခံစားချက်ပေါ်လာလို့၊ မိမိလုပ်ရပ်ကို ရွံရှာလို့၊ သို့မဟုတ် ပင်ပန်းနေလို့ဆိုပြီး မသတ်ဘဲလွှတ်ပေးလိုက်မည်မဟုတ်ပေ။

ထိုကဲ့သို့သော သတ်ဖြတ်နိုင်သည့် စစ်သားစက်ရုပ်များရှိသည့် ကြမ်းကြုတ်သော အာဏာရှင်တစ်ဦးအနေနှင့် သူ့အမိန့်များမှာ ဘယ်လောက်အကြင်နာကင်းမဲ့နေပါစေ၊ ရူးသွပ်နေပါစေ သူ့စစ်သားများက အမိန့်မနာခံဘဲ တော်လှန်မည့်အဖြစ်မျိုး ကြောက်နေစရာမလိုပေ။ စက်ရုပ်စစ်တပ်တစ်ခုသာရှိပါက ၁၇၈၉ ပြင်သစ်တော်လှန်ရေးမှာ အစမပျိုးသေးခင်ပင် လက်စတုံးခံလိုက်ရမည်ဖြစ်သည်။ ၂၀၁၁ တုန်းက ဟိုစနီမူဘာရက်တွင် အားထားနိုင်သည့် လူသတ်စက်ရုပ်များရှိပါက သူ့အနေနှင့် စစ်သားများဘက်ပြောင်းသွားမှာမျိုး ပူနေစရာလိုမည် မဟုတ်ဘဲ လူအများအပေါ်သို့ စက်ရုပ်များစေလွှတ်သတ်ဖြတ်နိုင်မည် ဖြစ်သည်။ ထို့အတူပင် စက်ရုပ်စစ်တပ်တခုအပေါ် အားထားနိုင်သည့် နယ်ချဲ့အစိုးရတစ်ရပ်အနေနှင့်လည်း စက်ရုပ်များက စိတ်အားထက်သန်မှုလျော့နည်းသွားလိမ့်မည် သို့မဟုတ် သူတို့၏ မိသားစုများက ဆန္ဒပြလိမ့်မည်ဟု ပူစရာမလိုဘဲ လူထုထောက်ခံမှုမရှိသည့် စစ်ပွဲများကို ဆင်နွှဲနိုင်လေသည်။ အမေရိကန်အနေနှင့် ဗီယက်နမ်စစ်ပွဲတွင်အသုံးပြုရန် စစ်သားစက်ရုပ်များရှိခဲ့သည်ဆိုပါက မိုင်လိုင်သတ်ဖြတ်မှုမျိုးမဖြစ်အောင် တားမြစ်ကောင်း တားမြစ်နိုင်မည်ဖြစ်သော်လည်း စစ်ပွဲမှာမူ နှစ်ပေါင်းများစွာ ဆက်ဖြစ်သွားနိုင်သေးသည်။ အကြောင်းမှာ အမေရိကန်အစိုးရအနေနှင့် စိတ်ဓာတ်ပျက်ယွင်းနေသည့် စစ်သားများ၊ စစ်ဆန့်ကျင်သည့် ဆန္ဒပြမှုများ သို့မဟုတ် ‘စစ်ပွဲကိုဆန့်ကျင့်သည့် စစ်ပြန်စက်ရုပ်များ’ လှုပ်ရှားမှုလိုမျိုး ကိစ္စရပ်များကို ပူစရာမလိုတော့သောကြောင့်ဖြစ်သည်။ (တချို့အမေရိကန်နိုင်ငံသားများမှာ စစ်ပွဲကို ဆန့်ကျင်ကောင်း ဆန့်ကျင်နိုင်ပါသေးသည်။ သို့သော် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမည်ကို ပူစရာမလိုတော့သည့်အတွက် မိမိကိုယ်တိုင် ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်ရသည့်အဖြစ်မျိုးကို အမှတ်ရနေစရာမရှိသလို၊ မိမိဆွေမျိုးသားချင်းတစ်ဦး စစ်ပွဲတွင်ကျဆုံးသွားသည့်အတွက် ပူဆွေးရခြင်းမျိုးမရှိသည့်အတွက် ဆန္ဒပြသူများမှာ အရေအတွက် ပိုနည်းကောင်းနည်းနိုင်ပြီး ဆန္ဒပြင်းပြမှုလည်း နည်းနိုင်ပေသည်။)

ယင်းကဲ့သို့သော ပြဿနာများမှာ အရပ်သုံး အလိုအလျောက် မောင်းနှင်သောယာဉ်များနှင့်တော့ သိပ်ပြီး သက်ဆိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် မော်တော်ယာဉ်ထုတ်လုပ်သူများအနေနှင့် သူတို့၏ယာဉ်များကို လူများကိုပစ်မှတ်ထားပြီး သတ်ရန် မလိုတမာစိတ်ဖြင့် ပရိုဂရမ်ထည့်ပြီး ထုတ်မည်မဟုတ်သောကြောင့် ဖြစ်ပါသည်။ သို့သော် အလိုအလျောက်ဆောင်ရွက်သော လက်နက်စနစ်များသုံးစွဲခြင်းမှာမူ ဆိုးရွားသောကိစ္စရပ်များဖြစ်ပွားရန် စောင့်ဆိုင်းနေရသကဲ့သို့ ဖြစ်နိုင်ပါသည်။ အကြောင်းမှာ အစိုးရအများစုအနေနှင့် တကယ်ကိုဆိုးယုတ်မာသည်မဟုတ်တောင်မှ ကိုယ်ကျင့်တရားအားဖြင့် ပျက်ယွင်းနေကြတတ်သောကြောင့် ဖြစ်ပါသည်။

အန္တရာယ်မှာ လူသတ်လက်နက်များတင်မကပါ။ လူအများကို စောင့်ကြည့်နိုင်သောစနစ်များမှာလည်း အလားတူအန္တရာယ်ရှိပါသည်။ ရိုးရိုးသာမန် အစိုးရတစ်ရပ်လက်ထဲတွင်မတော့ စွမ်းအားကောင်းသည့် စောင့်ကြည့်နိုင်သော အယ်လ်ဂိုရစ်သမ်များရှိခြင်းမှာ လူသားမျိုးနွယ်အတွက် အင်မတန်ကောင်းသည့် ကိစ္စရပ်ဖြစ်နိုင်ပါသည်။ သို့သော် မဟာ ဒေတာ အယ်လ်ဂိုရစ်သမ်များ (Big Data Algorithms) က အနာဂတ်တွင် ဂျော့ခ်ျအော်ဝဲလ်ဝတ္ထုထဲက Big Brotherအစိုးရမျိုးကို တကယ်ပေါ်ပေါက်လာစေပြီး ပြည်သူတစ်ဦးချင်းဆီကို အစိုးရက အချိန်ပြည့်စောင့်ကြည့်နေနိုင်သည့် ထောက်လှမ်းရေးယန္တရားကြီးမျိုးနှင့် ကျွန်ုပ်တို့ ကြုံတွေ့ကောင်း ကြုံတွေ့ရနိုင်ပါသည်။

အမှန်စင်စစ်အားဖြင့် ကျွန်ုပ်တို့သည် အော်ဝဲလ်ပင် မတွေးခဲ့မိလောက်သည့် အလုံးစုံစောင့်ကြည့်နိုင်သော အစိုးရမျိုးနှင့် ကြုံကောင်း ကြုံရနိုင်ပါသည်။ ထိုအစိုးရမျိုးသည် ကျွန်ုပ်တို့၏ ပြင်ပလှုပ်ရှားမှုများ၊ ပြောဆိုမှုများကို နောက်ယောင်ခံစောင့်ကြည့်ရုံသာမက ကျွန်ုပ်တို့အရေပြားအောက်အထိပါလိုက်ပြီး ကိုယ်တွင်းအဇ္ဈတ္တ ခံစားချက်များကိုပါ စောင့်ကြည့်လာနိုင်ပါသည်။ ဥပမာအားဖြင့် – မြောက်ကိုရီးယားရှိ ကင်အစိုးရအနေနှင့် နည်းပညာအသစ်ကို ဘယ်လိုအသုံးချလာနိုင်ကြောင်း မြင်ယောင်ကြည့်ပါ။ အနာဂတ်တွင် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးစီကို ဇီဝတိုင်းထွာသည့် အာရုံခံကိရိယာတစ်ခု လက်ကောက်ဝတ်တွင် လူတိုင်းဝတ်ထားရမည်ဆိုတာမျိုးဖြစ်လာနိုင်သည်။ ပြီးတော့ သူပြောသမျှနှင့် လုပ်သမျှကို အချိန်ပြည့်စောင့်ကြည့်တိုင်းထွာနေရုံသာမက သွေးပေါင်ချိန်နှင့် ဦးနှောက်လှုပ်ရှားမှုကိုပါ တိုင်းထွာလာနိုင်သည့်အဖြစ်သို့ ရောက်ကောင်းရောက်လာနိုင်ပါသည်။ ထို့နောက် လူသားဦးနှောက်အကြောင်း ပိုပိုသိလာသော အသိပညာနှင့် စက်များ၏ သင်ယူနိုင်မှု (Machine Learning) ကရသော ကြီးမားသော စွမ်းပကားဖြင့် မြောက်ကိုရီးယားအစိုးရသည် သမိုင်းတွင် ပထမဦးဆုံးအကြိမ် နိုင်ငံသားတစ်ဦးစီ တစ်ဦးစီက ဘာတွေးနေသည်ကို အချိန်ပြည့်ခန့်မှန်းတိုင်းတာနိုင်စွမ်းမျိုး ရလာနိုင်ပါသည်။ စာဖတ်သူက ကင်ဂျုံအန်း၏ဓာတ်ပုံကိုမြင်လိုက်ချိန် ဇီဝတိုင်းထွာသည့် အာရုံခံကိရိယာများက ဒေါသထွက်နေသည့် အရိပ်အယောင်များ (သွေးပေါင်ချိန်မြင့်တက်လာပြီး ဦးနှောက်ထဲရှိ Amygdala တွင် လှုပ်ရှားမှုများ များပြားလာခြင်း) ကို တွေ့ရှိပါက နောက်နေ့မနက်တွင် ဂူးလက်အကျဉ်းထောင်ထဲသို့ ရောက်သွားမည် ဖြစ်ပေသည်။

မြောက်ကိုရီးယားအစိုးရမှာ ကမ္ဘာနှင့် အဆက်ဖြတ်ထားသော အစိုးရမျိုးဖြစ်ရာ ထိုသို့သောနည်းပညာကို ကိုယ်တိုင်ဖန်တီးနိုင်မှ ဖန်တီးနိုင်မည်ဆိုသည်ကိုတော့ ငြင်းဖွယ်ရာမရှိပါ။ သို့သော် နည်းပညာကို အခြားနည်းပညာဖွံ့ဖြိုးသောနိုင်ငံများက ဖန်တီးပြီး မြောက်ကိုရီးယားနှင့် ယင်းနည်းတူ ခေတ်နောက်ပြန်ဆွဲနေသည့် အာဏာရှင်နိုင်ငံများက လိုက်ပြီးပုံတူကူးချ သို့မဟုတ် ဝယ်ယူအသုံးပြုတာမျိုး ဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံကလည်း သူတို့၏ နောက်ယောင်ခံစောင့်ကြည့်သော နည်းပညာများကို အဆက်မပြတ်အဆင့်မြှင့်တင်လျက်ရှိသလို အမေရိကန်မှအစ စာရေးသူ၏ မိခင်နိုင်ငံ အစ္စရေးနိုင်ငံအဆုံး ဒီမိုကရေစီနိုင်ငံများကလည်း ထို့အတူပင် ဖြစ်သည်။ အစ္စရေးနိုင်ငံကို ‘နည်းပညာ အစပျိုးစနိုင်ငံ’ ဟု နာမည်ပြောင်းရလောက်စရာ အလွန်သစ်လွင်တက်ကြွသော အဆင့်မြင့်နည်းပညာကဏ္ဍရှိသလို ဆိုင်ဘာလုံခြုံရေးဏ္ဍတွင်လည်း နောက်ဆုံးပေါ်နည်းပညာများ ရှိလေသည်။ တစ်ချိန်တည်းမှာပင် ပါလက်စတိုင်းနှင့်လည်း အသေအကြေပဋိပက္ခဖြစ်လျက်ရှိရာ အစ္စရေးနိုင်ငံ၏ အနည်းဆုံး အချို့သောခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်များနှင့် နိုင်ငံသားများမှာ လိုအပ်သောနည်းပညာသာရှိလာပါက အနောက်ဘက်ကမ်းခြေဒေသကို အလုံးစုံစောင့်ကြည့်နိုင်သည့်စနစ်မျိုး ဖန်တီးရန် သဘောကျကောင်းကျကြမည် ဖြစ်သည်။

ယနေ့ခေတ်တွင်ပင် ပါလက်စတိုင်းသားများ ဖုန်းတစ်ခါခေါ်တိုင်း၊ ဖေ့စ်ဘုတ်ပေါ်တွင် တစ်ခုခုတင်တိုင်း၊ တစ်မြို့မှ တစ်မြို့သို့ ခရီးသွားတိုင်း ယင်းတို့ကို အစ္စရေးက မိုက်ခရိုဖုန်းများ၊ ကင်မရာများ၊ ဒရုန်းများ၊ စပိုင်ဆော့ဖ်ဝဲများမှတစ်ဆင့် စောင့်ကြည့်နေဖို့ များပါသည်။ ထို့နောက် ရရှိလာသော ဒေတာအချက်အလက်များကို မဟာဒေတာ အယ်လ်ဂိုရစ်သမ်များ၏ အကူအညီဖြင့် ဆန်းစစ်မှုများပြုလုပ်သည်။ ဤနည်းဖြင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် မြေပြင်တွင် စစ်သားများ စေလွှတ်စရာမလိုဘဲ မသင်္ကာစရာခြိမ်းခြောက်မှုများကို ရှာဖွေဖော်ထုတ်ချေမှုန်း နိုင်လေသည်။ ပါလက်စတိုင်းသားများမှာ အနောက်ဘက်ကမ်းမြှောင်ဒေသတွင် မြို့များ၊ ရွာများကို အုပ်စိုးထားနိုင်သော်လည်း အစ္စရေးက ဝေဟင်ပိုင်နက်၊ လေလှိုင်းများနှင့် ဆိုင်ဘာနယ်ပယ်တို့ကို လွှမ်းမိုးထားနိုင်သည်။ သို့ဖြစ်ရာ အနောက်ဘက်ကမ်းမြှောင်ဒေသရှိ ပါလက်စတိုင်းလူမျိုး နှစ်သန်းခွဲကို ထိရောက်စွာ ထိန်းချုပ်ထားရန် အစ္စရေးစစ်သားများ မလိုသလောက်ပင် ဖြစ်သည်ကို အံ့အားသင့်ဖွယ်တွေ့နိုင်သည်။

၂၀၁၇ အောက်တိုဘာတွင် ငိုအားထက်ရယ်အားသန် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ပါလက်စတိုင်းအလုပ်သမားတစ်ဦးက သူ့အလုပ်ထဲရှိ ဘူဒိုဇာကြီးနှင့် တွဲဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ်အကောင့်ပေါ်သို့ သူ တင်လိုက်သည်။ ပို့စ်တွင်ရေးထားသည်မှာ ‘မင်္ဂလာနံနက်ခင်းပါနော်’ ဆိုပြီးရေးထားခြင်းဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်တွင် အာရဗီဘာသာစကားဖြင့်ရေးထားသည်ကို အလိုအလျောက်ဘာသာပြန်သည့် အယ်လ်ဂိုရစ်သမ်က ဘာသာပြန်သောအခါ အမှားလေးတစ်ခု လုပ်လိုက်သည်။ ‘Ysabechum!’ (‘မင်္ဂလာနံနက်ခင်းပါ’ ဟုဆိုလိုသည်) အစား အယ်လ်ဂိုရစ်သမ်က ‘Ydbachum!’ (‘သူတို့ကို သတ်’) ဟု စကားလုံးများကို အဓိပ္ပာယ်ကောက်လိုက်သည်။ အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက သူ့ကို အကြမ်းဖက်သမားမှတ်ပြီး လူများကို ဘူဒိုဇာကြီးဖြင့် တက်ကြိတ်တော့မည်ထင်ကာ အမြန်ဖမ်းလိုက်လေသည်။ နောက်မှ အယ်လ်ဂိုရစ်သမ်က မှားမှန်းသိပြီး ပြန်လွှတ်ပေးလိုက်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ အနှောင့်အယှက်ပေးသည်ဟု ယူဆသော ဖေ့စ်ဘုတ်ပို့စ်ကိုတော့ ဖျက်ပေးလိုက်ရသည်။ သတိက ပိုသည်လို့မှ မရှိဘဲကိုး။ အနောက်ဘက်ကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်းလူမျိုးများ ကြုံနေရသော ဒီလိုအဖြစ်မျိုးမှာ နောင်တွင် ကမ္ဘာပေါ်ရှိ သန်းထောင်နှင့်ချီသော လူသားများ ကြုံကောင်းကြုံလာရနိုင်သည့် အခြေအနေ၏ အပျိုးဖြစ်ကောင်း ဖြစ်နိုင်သည်။

နှစ်ဆယ်ရာစုနှောင်းပိုင်းတွင် ဒီမိုကရေစီနိုင်ငံများမှာ အာဏာရှင်နိုင်ငံများထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်လေ့ရှိသည်ကို တွေ့ရသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံများသည် သတင်းအချက်အလက်ဒေတာများကို ဆန်းစစ်ဝေဖန်ပိုင်းခြားရာတွင် ပိုသာသောကြောင့်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် သတင်းအချက်အလက်ကို ဆန်းစစ်နိုင်သည့် အာဏာကို ပျံ့နှံ့စေပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းကို လူများနှင့် အင်စတီကျူးရှင်းများအကြား ဖြန့်ကြက်ပြုလုပ်စေသည်။ အာဏာရှင်စနစ်မှာမူ သတင်းအချက်အလက်နှင့် အာဏာကို တစ်နေရာထဲကကိုင်ထားပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။ နှစ်ဆယ်ရာစုရှိ နည်းပညာအခြေအနေအရ သတင်းအချက်အလက်နှင့် အာဏာကို တစ်နေရာထဲတွင် ကိုင်ထားခြင်းက စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။ သတင်းအချက်အလက်များကို လျှင်မြန်စွာ ဆန်းစစ်ရန်နှင့် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်သည့် စွမ်းရည် မည်သူ့ဆီတွင်မှမရှိချေ။ ယင်းမှာ ဆိုဗီယက်ယူနီယံက အမေရိကန်ပြည်ထောင်စုနှင့်ယှဉ်လျှင် ဆုံးဖြတ်ချက်များ ပိုမှားခြင်းနှင့် အမေရိကန်စီးပွားရေးနှင့်ယှဉ်လျှင် ဆိုဗီယက်စီးပွားရေး နောက်ကျကျန်ခဲ့ရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

သို့သော် သိပ်မကြာမီတွင် AI က ဤချိန်ခွင်လျှာကို တစ်ဖက်ကို စောင်းစေကောင်း စောင်းလာစေနိုင်ပါသည်။ AI ကြောင့် အဆမတန်များပြားလှသော သတင်းအချက်အလက်များကို ဗဟိုမှ ဆန်းစစ်ဝေဖန်ပိုင်းခြားနိုင်စေရန် ဖြစ်နိုင်တော့မည်ဖြစ်သည်။ အမှန်စင်စစ် ဗဟိုချုပ်ကိုင်သောစနစ်များမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော စနစ်များထက် AI ကြောင့် ပိုပြီး စွမ်းဆောင်ရည်ကောင်းလာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် စက်များက သင်ယူခြင်း (Machine Learning) မှာ သတင်းအချက်အလက်များများ တွက်ချက်စိစစ်နိုင်လေ ပိုကောင်းလေဖြစ်သောကြောင့်ဖြစ်သည်။ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက်လုံခြုံမှုကို လေးစားရပြီး လူတစ်သန်း၏ တစ်စိတ်တစ်ပိုင်းသော သတင်းအချက်အလက်များ စုဆောင်းခြင်းထက် ပုဂ္ဂလိကကိုယ်ရေးအချက်အလက် လုံခြုံမှု အမှုထားစရာမလိုဘဲ လူသန်းတစ်ထောင်၏ သတင်းအချက်အလက်ကို ဒေတာဘေ့စ် (Database) တစ်ခုထဲတွင် စုထားနိုင်သည်ဆိုပါက အယ်လ်ဂိုရစ်သမ်ကို ပိုပြီးကောင်းမွန်အောင် လေ့ကျင့်ဖန်တီးနိုင်သည်။ ဥပမာဆိုရလျှင် အာဏာရှင်အစိုးရတစ်ရပ်က သူ့နိုင်ငံသားအားလုံးကို ဒီအင်အေစစ်ပြီး သူတို့၏ ဆေးမှတ်တမ်းအချက်အလက်များကို ဗဟိုအာဏာပိုင်အဖွဲ့က စုဆောင်းထားနိုင်သည်ဆိုပါက တစ်ကိုယ်ရေဆေးမှတ်တမ်းအချက်အလက်လုံခြုံမှုကို တင်းကျပ်စွာအလေးပေးသော အခြားနိုင်ငံများနှင့်ယှဉ်လျှင် မျိုးရိုးဗီဇနှင့် ဆေးပညာသုတေသနလုပ်ငန်းများတွင် များစွာအားသာချက်များ ရရှိနိုင်မည်ဖြစ်သည်။ သတင်းအချက်အလက်ကို တစ်နေရာထဲတွင် စုစည်းရန်အားထုတ်မှုက အာဏာရှင်နိုင်ငံများကို နှစ်ဆယ်ရာစုတွင် အားနည်းချက်ဖြစ်စေခဲ့သော်လည်း နှစ်ဆယ့်တစ်ရာစုတွင်မူ အဆုံးအဖြတ်ပေးနိုင်သည့် အားသာချက် ဖြစ်ကောင်းဖြစ်လာနိုင်သည်။

အယ်လ်ဂိုရစ်သမ်များက ကျွန်ုပ်တို့အကြောင်းကို ကောင်းစွာသိနားလည်လာသည်နှင့်အမျှ အာဏာရှင်အစိုးရများမှာ သူတို့၏နိုင်ငံသားများအပေါ် အကြွင်းမဲ့ထိန်းချုပ်မှု ရလာနိုင်သည့်အဖြစ်မျိုး ဖြစ်လာနိုင်သည်။ နာဇီဂျာမနီထက်ကို ပိုဆိုးနိုင်ပြီး ထိုကဲ့သို့သော အစိုးရများကို တော်လှန်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်သည့်အဖြစ်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အစိုးရက စာဖတ်သူ ဘယ်လိုခံစားနေလဲ အတိအကျသိရုံသာမက သူခံစားချင်စေသည့်အတိုင်း စာဖတ်သူခံစားရအောင်လဲ လုပ်လာနိုင်သည်။ အာဏာရှင်မှာ နိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် တန်းတူညီမျှမှု ပေးချင်မှပေးနိုင်မည်ဖြစ်သော်လည်း သူ၏ပြိုင်ဘက်များကို မုန်းစေပြီး သူ့ကို ချစ်ခင်အောင် ပြုလုပ်နိုင်သည့်အဖြစ်မျိုး ဖြစ်လာနိုင်သည်။ ယနေ့ခေတ် ဒီမိုကရေစီမှာ ဇီဝနည်းပညာ (Biotech) နှင့် သတင်းအချက်အလက် နည်းပညာ (Infotech) တို့ ပေါင်းစည်းတိုးတက်လာမှုကို ရှင်သန်နိုင်ဖွယ်မရှိချေ။ ဒီမိုကရေစီမှာ လုံးလုံးဆန်းသစ်သည့်ပုံစံအဖြစ် အောင်မြင်စွာ ပြောင်းလဲပစ်ရင်လည်း ပစ်ပါမှ၊ ဒါမှမဟုတ်ရင်တော့ လူသားများမှာ ‘ဒစ်ဂျစ်တယ် အာဏာရှင်စနစ်များ’ အောက် နေရတာမျိုးလည်း ဖြစ်လာနိုင်သည်။

ဟစ်တလာနှင့် စတာလင်ခေတ်များဆီ ပြန်ရောက်သွားမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ နာဇီဂျာမနီခေတ်က အာဏာရှင်စနစ်မှာ ပြင်သစ်ခေတ်ဟောင်းဘုရင်စနစ် (ancien regime) နှင့်ကွာသလိုမျိုး ဒစ်ဂျစ်တယ်အာဏာရှင်စနစ်မှာလည်း နာဇီဂျာမနီနှင့် ကွာခြားမည်ဖြစ်သည်။ ပြင်သစ်ပြည်မှ လွီဘုရင် ၁၄ မှာ ဗဟိုချုပ်ကိုင်လိုသည့် အာဏာရှင်ဖြစ်သော်လည်း ခေတ်သစ်အာဏာရှင်နိုင်ငံတစ်ခု တည်ထောင်ရန် လိုအပ်သည့် နည်းပညာ သူ့ဆီတွင်မရှိပေ။ သူ့၏ အုပ်စိုးမှုကို တော်လှန်သူမရှိသော်လည်း ရေဒီယိုများ၊ တယ်လီဖုန်းများ၊ ရထားများ မပေါ်သေးသည့်အတွက် သူ့အနေနှင့် ဘရီတွန်ရွာများမှ လယ်သမားများ၏ နေ့စဉ်ဘ၀ကို ထိန်းချုပ်နိုင်မှုမရှိသလို၊ ပဲရစ်မြို့လယ်ကောင်မှ မြို့သူမြို့သားများကိုပင် ထိန်းချုပ်နိုင်ခြင်းမရှိချေ။ သူ့အနေနှင့် နိုင်ငံလုံးဆိုင်ရာပါတီကြီးတစ်ခုတည်ထောင်ဖို့၊ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ လူငယ်လှုပ်ရှားမှုတစ်ရပ်လုပ်ဖို့၊ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ်တစ်ရပ်တည်ထောင်ဖို့ စိတ်ကူးမရှိသလို လုပ်နိုင်စွမ်းလည်း မရှိချေ။ ဟစ်တလာကို ထိုကဲ့သို့သောအရာများ ဆောင်ရွက်နိုင်ရန်အစွမ်းနှင့် ဆောင်ရွက်ချင်လာအောင် တွန်းအားပေးမှုကိုတော့ နှစ်ဆယ်ရာစုတွင် ပေါ်ပေါက်ခဲ့သော နည်းပညာအသစ်များက ပေးအပ်ခဲ့ခြင်းဖြစ်လေသည်။ ကျွန်ုပ်တို့အနေနှင့် ၂၀၈၄ တွင် ရှိနေနိုင်သည့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်များတွင် မည်သည့်အစွမ်းများ၊ မည်သည့်သဘောဆန္ဒများ ရှိနေမည်ကို မခန့်မှန်းနိုင်ပေ။ သို့သော် သူတို့အနေနှင့် ဟစ်တလာနှင့် စတာလင်တို့ပုံစံကို ကူးချမည်ဆိုတာမျိုးတော့ မဖြစ်ဖို့ များပါသည်။ ၁၉၃၀ ပြည့်နှစ်များက ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများကို ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေသူများအနေနှင့် လုံးလုံး ကွာခြားသည့်နေရာမှ တိုက်ပွဲများက အလစ်အငိုက်ဖမ်းပြီး ပေါ်ပေါက်လာသည်ကို ရင်ဆိုင်ရနိုင်ဖွယ် ရှိလေသည်။

ဒီမိုကရေစီစနစ်က လိုက်လျောညီထွေပြောင်းလဲပြီး ဆက်လက်ရှင်သန်နိုင်သည် ဆိုလျှင်တောင်မှ လူသားတို့မှာမူ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း ပုံစံသစ်များ၏ သားကောင်များ ဖြစ်သွားကောင်း ဖြစ်သွားနိုင်သည်။ ယနေ့ခေတ်တွင်ပင် ဘဏ်များ၊ ကော်ပိုရေးရှင်းကြီးများ၊ အင်စတီကျူးရှင်းများမှာ တစ်စတစ်စ အယ်လ်ဂိုရစ်သမ်များသုံး၍ ကျွန်ုပ်တို့နှင့်ပတ်သက်သော အချက်အလက်များကို ဆန်းစစ်ဆုံးဖြတ်ချက်ချခြင်းများ လုပ်လာကြသည်။ စာဖတ်သူအနေနှင့် ဘဏ်တွင်ချေးငွေ လျှောက်ထားသောအခါ စာဖတ်သူ၏လျှောက်လွှာကို စိစစ်သူမှာ လူသားတစ်ဦးမဟုတ်ဘဲ အယ်လ်ဂိုရစ်သမ်တစ်ခုဖြစ်ဖို့ ဖြစ်နိုင်ခြေများပါသည်။ အယ်လ်ဂိုရစ်သမ်က စာဖတ်သူ၏ ဒေတာအချက်အလက်နှင့် အခြားသန်းနှင့်ချီသော လူများ၏ အချက်အလက်စာရင်းဇယားများကို ဆန်းစစ်၍ စာဖတ်သူကို ချေးငွေပေးရန် ယုံကြည်ထိုက်မထိုက် ဆုံးဖြတ်သည်။ အများအားဖြင့် လူသားဘဏ်လုပ်ငန်းရှင်တစ်ဦးထက် အယ်လ်ဂိုရစ်သမ်က ပိုသာလေ့ရှိသည်။ သို့သော်ပြဿနာမှာ အယ်လ်ဂိုရစ်သမ်က အချို့သောလူများကို မတရားသဖြင့် ခွဲခြားဆက်ဆံပါက ထိုသို့ဆက်ဆံနေကြောင်းသိရန် အလွန်ခက်မည်ဖြစ်သည်။ ဘဏ်က စာဖတ်သူကို ချေးငွေပေးရန် ငြင်းဆန်သည်ဆိုကြပါစို့။ စာဖတ်သူက “ဘာလို့လဲ” မေးမည်ဖြစ်သည်။ ဘဏ်က “အယ်လ်ဂိုရစ်သမ်ကမပေးဖို့ ဆုံးဖြတ်လို့” ဆိုပြီး ပြန်ဖြေမည်ဖြစ်သည်။ စာဖတ်သူက “အယ်လ်ဂိုရစ်သမ်က ဘာလို့ မပေးဖို့ ဆုံးဖြတ်တာလဲ။ ကျွန်တော်ဘာမှားနေလို့လဲ” လို့ စာဖတ်သူက ပြန်မေး လျှင် ဘဏ်က “ကျွန်တော်တို့လည်း မသိဘူးခင်ဗျ။ အဆင့်မြင့်နည်းနဲ့ စက်တွေ အလိုအလျောက်သင်ယူခြင်းကို အခြေခံထားတာမို့လို့ ဒီအယ်လ်ဂိုရစ်သမ် ဘယ်လိုအလုပ်လုပ်လဲ ဘယ်သူမှ နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအယ်လ်ဂိုရစ်သမ်ကို ယုံတဲ့အတွက်ကြောင့် ချေးငွေမပေးနိုင်ပါဘူး” ဟု ပြောမည်ဖြစ်သည်။

ခွဲခြားဆက်ဆံမှုက အမျိုးသမီး သို့မဟုတ် လူမည်းစသည်ဖြင့် အုပ်စုတစ်စုလုံးကို ခွဲခြားဆက်ဆံသောအခါ ထိုအုပ်စုများအနေနှင့် ယင်းတို့အုပ်စုလိုက် ခွဲခြားဆက်ဆံခံရသည့်အတွက် စုစည်းပြီး ဆန္ဒပြလို့ရသည်။ သို့သော် ယခုအခါ အယ်လ်ဂိုရစ်သမ်တစ်ခုက စာဖတ်သူကို စာဖတ်သူဖြစ်လို့ကို ခွဲခြားဆက်ဆံတာမျိုး ကြုံကောင်းကြုံလာရနိုင်ပြီး ဘာလို့ခွဲခြားဆက်ဆံခံရတာလဲမသိဆိုတာမျိုး ဖြစ်နေနိုင်သည်။ အယ်လ်ဂိုရစ်သမ်က စာဖတ်သူ၏ ဒီအင်အေထဲမှ တစ်ခုခုကို တွေ့ပြီး မကြိုက်လို့ သို့မဟုတ် စာဖတ်သူရဲ့ နောက်ခံသမိုင်းကြောင်းကို မကြိုက်လို့၊ စာဖတ်သူရဲ့ ဖေ့စ်ဘုတ်အကောင့်ကို မကြိုက်လို့ဆိုတာမျိုး ဖြစ်နေနိုင်သည်။ အယ်လ်ဂိုရစ်သမ်က စာဖတ်သူကို မိန်းမဖြစ်လို့၊ အာဖရိကန် အမေရိကန်ဖြစ်လို့ ခွဲခြားဆက်ဆံတာမဟုတ်ဘဲ စာဖတ်သူကို စာဖတ်သူဖြစ်နေလို့ကို ခွဲခြားဆက်ဆံတာဖြစ်သည်။ စာဖတ်သူနှင့် ပတ်သက်ပြီး တစ်ခုခုကို အယ်လ်ဂိုရစ်သမ်က မကြိုက်တာရှိနေသည်။ စာဖတ်သူအနေနှင့်လည်း အဲဒါဘာဆိုတာကို မသိသလို၊ သိလျှင်တောင်မှလည်း အခြားသူများနှင့် ပေါင်းပြီး ဆန္ဒပြဖို့ခက်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဦးနှင့်တစ်ဦး အကြိုက်မခံရသည့် အချက်ချင်းအတိအကျ မတူနိုင်သောကြောင့်ဖြစ်သည်။ စာဖတ်သူတစ်ဦးတည်း ဒီအားနည်းချက်ရှိနေတာမျိုး ဖြစ်နိုင်သည်။ နှစ်ဆယ့်တစ်ရာစုတွင် အုပ်စုလိုက်ခွဲခြားဆက်ဆံခံရခြင်းမျိုးမဟုတ်ဘဲ တစ်ဦးချင်းခွဲခြားဆက်ဆံခံရသည့်ပြဿနာပိုပိုကြီးမားလာနိုင်သည့်အဖြစ်မျိုး ကြုံကောင်းကြုံရနိုင်သည်။

အမြင့်ဆုံး အာဏာရှိသည့်နေရာများတွင် လူသားများက ဟန်ပြဆက်လက်နေရာယူကောင်းယူထားနိုင်ပြီး အယ်လ်ဂိုရစ်သမ်များမှာ အကြံပေးခြင်းကိုသာ ဆောင်ရွက်ကြကြောင်း၊ တကယ့်အာဏာအစစ်မှာ လူသားများလက်ထဲတွင် ရှိနေသေးသယောင် လုပ်ကောင်းလုပ်ထားပါလိမ့်မည်။ ကျွန်ုပ်တို့အနေနှင့် AI တစ်ခုကို ဂျာမနီနိုင်ငံဝန်ကြီးချုပ်၊ Google စီအီးအို စသဖြင့် ခန့်မည်မဟုတ်ပေ။ သို့သော် ဝန်ကြီးချုပ်ကချနေသည့်ဆုံးဖြတ်ချက်များ၊ စီအီးအိုကချနေသည့် ဆုံးဖြတ်ချက်များကို AI က ခြယ်လှယ်နေမည်ဖြစ်သည်။ ဝန်ကြီးချုပ်အနေနှင့် မတူညီသည့် ရွေးစရာများ အမြောက်အမြားကို ရွေးချယ်ဆုံးဖြတ်နိုင်သေးသော်လည်း ယင်းရွေးစရာအားလုံးမှာ မဟာဒေတာဆန်းစစ်မှု (Big Data Analysis) က လာသည့်ရလဒ်များ ဖြစ်နေနိုင်သည်။ ယင်းရွေးစရာများမှာလည်း လူသားများ ကမ္ဘာကို ဘယ်လိုရှုမြင်သလဲ ဆိုတာထက် AI က ဘယ်လိုရှုမြင်သလဲဆိုတာကို ထင်ဟပ်နေမည်ဖြစ်သည်။

နီးစပ်သည့် ဥပမာတစ်ခုပေးရမည်ဆိုလျှင် ယနေ့ခေတ် ကမ္ဘာတစ်လွှားရှိ နိုင်ငံရေးသမားများအနေနှင့် မတူညီသည့် စီးပွားရေးမူဝါဒများအနက်က နှစ်သက်ရာစီးပွားရေးမူဝါဒကို ရွေးချယ်နိုင်သော်လည်း ရွေးစရာ အားလုံးနီးပါးမှာ အရင်းရှင်စီးပွားရေးစနစ်ကို ထင်ဟပ်သည့် မူဝါဒများဖြစ်သည်။ နိုင်ငံရေးသမားများအနေနှင့် ရွေးစရာရှိသည်ဟု ထင်နိုင်သော်လည်း တကယ်အရေးကြီးသော ဆုံးဖြတ်ချက်များကို စီးပွားရေးပညာရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများက ဟိုးအရင်ကတည်းက ချမှတ်ခဲ့ပြီးဖြစ်ရာ ယနေ့ခေတ်ရွေးစရာများကို ယင်းဆုံးဖြတ်ချက်များက ပုံဖော်နေခြင်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်း နိုင်ငံရေးသမားများအနေနှင့် AI ချမှတ်ပေးထားသည့် ရွေးစရာများထဲမှ ရွေးနေရသည့်အဖြစ်ကို ကြုံကောင်းကြုံလာရနိုင်ဖွယ်ရှိလေသည်။ 

 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *