ကမ္ဘာ့ထိပ်တန်း ထုပ်ပိုးဝန်ဆောင်မှု ကုမ္ပဏီ  Tetra Pak က နို့ဘူးခွံ သန်း ၃၀၀ ထုတ်မည်

ရန်ကုန်၊ ဇွန် ၆

ဆွီဒင်နိုင်ငံအခြေစိုက် နို့နှင့်နို့ထွက်ပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သည့် Tetra Pak သည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၀ ခုနှစ်တွင် နို့ဘူးခွံ သန်း ၃၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ထိပ်တန်းစားသောက်ကုန် ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် အဆိုပါကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ နို့နှင့် နို့ထွက်ထုတ်ကုန် Tetra Pak က ထုတ်လုပ်သော နို့ဘူးများသည် အပူပေးပိုးသတ်ထားခြင်းကြောင့် ရေခဲသေတ္တာထဲတွင် အအေးခံစရာ မလိုကြောင်း၊ ဓာတုပစ္စည်းများ အသုံးမပြုဘဲ ခြောက်လမှ ကိုးလအထိ အထားခံနိုင်ရန် ထုပ်ပိုးထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ကုမ္ပဏီ၏ ထုပ်ပိုးမှုဝန်ဆောင်မှုသည် ပြည်တွင်းရှိ စားသုံးသူများ အာဟာရပြည့်ဝစေရန်၊ အစားအသောက်များ ဘေးကင်းစေရန်၊ အာဟာရပါဝင်မှုလျော့နည်းသွားခြင်းမရှိဘဲ အပြည့်အဝ ပါဝင်ရန်နှင့် ကလေးသူငယ်များ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဖွံ့ဖြိုးရန်အတွက် အထောက်အပံ့ဖြစ်စေကြောင်း ယင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“မြန်မာနိုင်ငံမှာ သောက်သုံးနေကြတဲ့ နွားနို့ တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရည်အသွေးမပြည့်မီတာကို တွေ့ရပါတယ်။ UHT (Ultra High Temperature) နို့နဲ့ နို့ထွက်ထုတ်ကုန်တွေကို ကတ်ထူစက္ကူးဘူးတွေနဲ့ ထုပ်ပိုးခြင်းဟာ ဘေးအကင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး ဒီနည်းပညာဟာ နွားနို့တွေရဲ့ အာဟာရ၊ အရသာ၊ အနံ့တို့ကို ထိခိုက်ပြောင်းလဲ တာမျိုးမရှိဘဲ ဓာတုပစ္စည်းကင်းတဲ့ ဘက်တီးရီးယား ပိုးမွှားသန့်စင်တဲ့စနစ်ကို အသုံးပြုထားပါတယ်” ဟု Tetra Pak Myanmar မှ Key Account Director  ဖြစ်သူ မစ္စတာ Chee Choy Tang က ပြောကြားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နွားနို့များကို လမ်းဘေးတွင် ရောင်းချလေ့ရှိကြောင်း၊ ယင်းနို့များသည် ကောင်းမွန်စွာ ကျိုချက်ခြင်းမရှိကြောင်းနှင့် အစာအဆိပ်သင့်ဖျားနာမှု များဖြစ်ပွားနိုင်ကြောင်း   ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ကြေညာထားသည်။

ယင်းအပြင် Tetra Pak က ကြီးမှူးသည့် နို့သောက်သုံးသည့် ဓာတ်ပုံပြိုင်ပွဲကို ဇွန်လ ၄ ရက် နေ့မှ ၃၀ ရက်နေ့ထိ ပြိုင်ပွဲဝင်နိုင်ပြီး ဓာတ်ပုံဆု ရရှိသူများကို ကျောင်းသုံးပစ္စည်းများ၊ ထမင်းဘူးများ လက်ဆောင်ပေးမည်ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *