မိုဒီ၏အောင်ပွဲနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကျိုးအမြတ်

အချမ်းသာဆုံးသော ဘီလီယံနာသူဌေးများမှသည် အဆင်းရဲဆုံးသော အောက်ခြေလူတန်းစား မျက်နှာမွဲများအထိ စုဝေးနေထိုင်ရာဖြစ်ပြီး  နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်းနှင့် မတူကွဲပြားသော လူမျိုး၊  ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှုတို့ ပေါင်းဆုံရာလည်းဖြစ်သည့် အိန္ဒိယနိုင်ငံသည် ပြည်လုံးကျွတ်ရွေးကောက်ပွဲတစ်ရပ်ကို သန်းပေါင်းများစွာသော မဲဆန္ဒရှင်များဖြင့် မေလ ၂၂ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အိန္ဒိယနိုင်ငံ၏ရွေးကောက်ပွဲသည် တစ်ကမ္ဘာလုံး၏  စောင့်ကြည့်စိတ်ဝင်စားမှုကို ခံယူခဲ့ရသည်။ အပြီးသတ်ရွေးကောက်ပွဲရလဒ်အရ ရွေးကောက်ပွဲ မတိုင်မီကာလမှသည် မဲရေတွက်သည့်ကာလအထိ  အငြင်းပွားမှုအမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုးနှင့် တွေ့ကြုံခဲ့ရသော လက်ရှိ အာဏာရဝန်ကြီးချုပ်ဖြစ်သူ နာရင်ဒြာမိုဒီသည် နောက်ထပ်သက်တမ်း ငါးနှစ်ဆက်လက်အုပ်ချုပ်ရန် သေချာသွားခဲ့ပြီဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သူ မစ္စတာမိုဒီနှင့် သူ၏အစိုးရအဖွဲ့သည် ပြီးခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း  ပြင်းထန်သော ဟိန္ဒူအမျိုးသားရေးဝါဒစွဲရပ်တည်မှုကြောင့် နိုင်ငံအတွင်းရှိ  ဘာသာရေးနှင့် လူမျိုးရေးအရ လူနည်းစုတို့ကို စိတ်မသက်မသာဖြစ်စေခဲ့ခြင်းနှင့် စီးပွားရေးဆိုင်ရာ ရွေးကောက်ပွဲ ကတိကဝတ်များအား မဖြည့်စွမ်းနိုင်ခဲ့ခြင်းတို့အတွက် အကြိတ်အနယ် ဝေဖန်ခံခဲ့ရသည်။ သို့သော် မစ္စတာမိုဒီနှင့် သူ၏ ပါတီ (Bharatiya Janata Party) သည် ၂၀၁၉ ရွေးကောက်ပွဲတွင်လည်း ဟိန္ဒူအမျိုးသားရေးဝါဒကိုသာ ဗဟိုပြု၍ မဲဆွယ်စည်းရုံးမှုပြုခဲ့သည်။ ထို့ပြင် မကြာသေးမီက ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုနှင့် ယင်းကိစ္စ၏ နောက်ဆက်တွဲအဖြစ် အိန္ဒိယနှင့် ပါကစ္စတန်အကြား စစ်ရေးအရ ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့မှုတို့ကလည်း မစ္စတာမိုဒီကို ရွေးကောက်ပွဲတွင် သူ၏ အဓိကပြိုင်ဘက်ဖြစ်သူ နိုင်ငံရေးအရ မျိုးရိုးအစဉ်အလာကြီးမားသည့် Rahul Gandhi နှင့် Indian National Congress ပါတီအပေါ်  အသာစီး ရသွားစေခဲ့သည်။  မည်သို့ပင်ဆိုစေကာမူ မစ္စတာမိုဒီသည် မေလ ၃၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲနှင့်အတူ သူ၏ဝန်ကြီးချုပ်သက်တမ်းသစ်ကို စတင်နိုင်တော့မည်ဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီအနေနှင့် ဝန်ကြီးချုပ်တာဝန် ဆက်လက်ယူရမည့်အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက ဝမ်းမြောက်ဂုဏ်ပြုကြောင်း သတင်းစကားပေးပို့ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။  မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အလားတူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်းကို  ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်မှတစ်ဆင့် သိရှိခဲ့ရသည်။

မစ္စတာမိုဒီ၏ ပြီးခဲ့သည့် အစိုးရသက်တမ်းကာလကို ပြန်ပြောင်းသုံးသပ်ကြည့်မည်ဆိုလျှင် ပြင်းထန်သော ဟိန္ဒူအမျိုးသားရေးဝါဒီ ပုံရိပ်နှင့် မအောင်မြင်သော စီးပွားရေးမူဝါဒတို့ကြောင့် ပြည်တွင်းနိုင်ငံရေးတွင် စင်းလုံးချော မျက်နှာပန်းလှခဲ့ခြင်းမရှိသော်လည်း ကမ္ဘာ့နိုင်ငံရေး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင်မူ သူ၏ ‘အရှေ့နှင့်  ထိတွေ့ဆက်ဆံခြင်း’ မူဝါဒနှင့် ယင်းကို အခြေခံထားသော ‘အိမ်နီးချင်းသည်သာ ပထမ’ မူဝါဒတို့ကြောင့် အသိအမှတ်ပြုခံခဲ့ရသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် ဝန်ကြီးချုပ်မိုဒီသည် အိန္ဒိယနှင့် အာရှဒေသတွင်း ပြိုင်ဘက်တစ်ဦးဖြစ်သူ တရုတ်နိုင်ငံနှင့်သာမက ဆူပါပါဝါတစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံနှင့်ပါ ဆက်ဆံရေးဟန်ချက်ညီစေရန် အားထုတ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ တောင်အာရှဒေသနှင့် အရှေ့တောင်အာရှတို့အကြား  ပေါင်းကူးဂိတ်သဖွယ် တည်ရှိနေသော မြန်မာနိုင်ငံသည် မစ္စတာမိုဒီ၏  အဆိုပါ နိုင်ငံခြားရေးမူဝါဒအခင်းအကျင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည်ကိုလည်း တွေ့မြင်နိုင်မည် ဖြစ်သည်။

အိန္ဒိယ-မြန်မာဆက်ဆံရေး

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်အရထိစပ်နေရုံသာမက  သမိုင်းကြောင်းတစ်လျှောက် နီးကပ်သော ဆက်ဆံရေးရှိခဲ့ကြသည်။  အထူးသဖြင့် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန်ကာလတို့တွင် နှစ်နိုင်ငံအမျိုးသားခေါင်းဆောင်များအကြား အထူးရင်းနှီးမှုရှိခဲ့သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနှင့် ဗြိတိန်တို့အကြား အောင်ဆန်း- အက်တလီစာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံအနေနှင့် မဟာမင်းကြီး စေလွှတ်ထားရှိခဲ့သော နိုင်ငံများအနက်တစ်ခု  အပါအဝင်ဖြစ်သည်။ နှစ်နိုင်ငံအကြား တရားဝင် သံတမန်ဆက်ဆံရေးကို   မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ထူထောင်ခဲ့သည်။ သို့သော် ၁၉၇၀ ပြည့်နှစ်များမှ ၁၉၈၀ ပြည့်နှစ်များအထိ ကာလအတွင်းမှာမူ နှစ်နိုင်ငံဆက်ဆံရေးသည် ထိုစဉ်က မြန်မာနိုင်ငံ၏အာဏာရှင်အုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစီလှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကြောင့် အေးစက်ခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်များ၌ အိန္ဒိယသည် ယင်း၏ ‘အရှေ့မျှော်’ မူဝါဒကို စတင်ကြေညာမိတ်ဆက်ခဲ့ပြီး အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအကြားဆက်ဆံရေး  ပိုမိုမြှင့်တင်နိုင်ရန် ရည်မှန်းခဲ့သည်။ သို့နှင့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံကို အဆိုပါနိုင်ငံများနှင့် ချိတ်ဆက်ပေးနိုင်မည့် အရေးပါသော ဒေသတစ်ခု ဖြစ်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်ရန် ရှေ့ပြေးအခြေ အနေတစ်ရပ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်မိုဒီလက်ထက် နှစ်နိုင်ငံဆက်ဆံရေး

ဝန်ကြီးချုပ်မိုဒီသည် ‘အရှေ့နှင့် ထိတွေ့ဆက်ဆံခြင်း’ မူဝါဒကို  ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးတွင် စတင်ကြေညာမိတ်ဆက်ခဲ့သည်။ အိန္ဒိယအနေနှင့်  ယင်းနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ထိတွေ့ဆက်ဆံမှုကို  မြန်မာနိုင်ငံမှတစ်ဆင့် ချဲ့ထွင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ ၎င်းအနေနှင့်  မြန်မာနိုင်ငံကို ရှုမြင်ရာတွင် အိမ်နီးချင်းနိုင်ငံအဖြစ်ကို ပထမ၊ အာဆီယံနိုင်ငံအဖြစ်ကို ဒုတိယထား၍ ရှုမြင်သည်ကို တွေ့ရှိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်လာမှုမှာ ၂၀၁၇ ခုနှစ်က ဝန်ကြီးချုပ်မိုဒီ၏ မြန်မာ နိုင်ငံခရီးစဉ်တွင် သိသာထင်ရှားလာခဲ့သည်။ ထို့နောက် အိန္ဒိယသမ္မတ၊  နိုင်ငံခြားရေးဝန်ကြီးတို့အပါအဝင် ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များနှင့်  အစိုးရအရာရှိကြီးများသည်လည်း မြန်မာနိုင်ငံသို့ သီးခြားလာရောက်ခဲ့ကြ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း  ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယ အမျိုးသားနေ့အခမ်းအနားနှင့် အိန္ဒိယ-အာဆီယံအစည်းအဝေးတို့ကို  တက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း မကြာမီ ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန်  အိန္ဒိယသို့ သွားရောက်မည်ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဝန်ကြီးချုပ်မိုဒီလက်ထက် အိန္ဒိယ-မြန်မာဆက်ဆံရေးကို သိသာ ထင်ရှားစေသည်မှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ် ရေးဆိုင်ရာ စီမံကိန်းများပင်ဖြစ်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ယင်း၏ ကုလားတန်ဘက်စုံစီမံကိန်းကြီးကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါစီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းနှင့် အခြားဆက်သွယ်ရေး အခြေခံအဆောက်အဦများက အိန္ဒိယနှင့် ယင်း၏ အရှေ့မြောက်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်  မီဇိုရမ်ကို ဘင်္ဂလားပင်လယ်အော်၏ ဟိုမှာဘက်သို့ ထွက်ပေါက်ရသွားစေမည် ဖြစ်သည်။ ထို့ပြင် ယင်း၏ ဒေသတွင်းပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖြင့် အိန္ဒိယသမုဒ္ဒရာသို့ ချဉ်းနင်းဝင်ရောက်လာမှုကိုလည်း အင်အားဟန်ချက်မျှနိုင်မည်ဖြစ်သည်။

ပြောင်းလဲတိုးတက်လာသော အိန္ဒိယ-မြန်မာဆက်ဆံရေးတွင်  စီးပွားရေးအရသာမက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများလည်း  ပါဝင်လာသည်ကို တွေ့ရှိရသည်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွင်  နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဦးတည်ထားသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် အိန္ဒိယအတွက် ခေါင်းခဲစရာ ဖြစ်နေစေသော နှစ်နိုင်ငံနယ်စပ်မှ National SocialistCouncil  of  Nagaland (NSCN-K) နာဂလက်နက်ကိုင်အဖွဲ့အား နှိမ်နင်းရေးတွင် မြန်မာနိုင်ငံက အရေးပါနေပြန်သည်။ ထို့ပြင် နှစ်နိုင်ငံ ရေတပ်မတော်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်းပြုခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လူသားချင်း စာနာထောက်ထားမှုနှင့် စပ်လျဉ်းသော ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုရန် သဘောတူညီမှုလက်မှတ်ရေးထိုး ခဲ့ကြသည်။

မစ္စတာမိုဒီလက်ထက် အိန္ဒိယ-မြန်မာဆက်ဆံရေးတွင် အရေး ကြီးဆုံး ပါဝါဂိမ်းတစ်ခုမှာ ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းဒုက္ခသည်များ  အကျပ်အတည်းပင်ဖြစ်သည်။ အိန္ဒိယသည် အဆိုပါအကျပ်အတည်းတွင်  အဓိက ပါဝင်ပတ်သက်နေသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးနှင့်  အိမ်နီးချင်းဖြစ်နေပြီး ယင်းကိုယ်တိုင်လည်း အဆိုပါအကျပ်အတည်း၏ သက်ရောက်မှုကို ခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင်  ဝန်ကြီးချုပ်မိုဒီအစိုးရသည် တင်းမာသော ဟိန္ဒူအမျိုးသားရေးအမြင်နှင့်  ယှဉ်သည့် လုံခြုံရေးမူဝါဒဖြင့် အိန္ဒိယသို့ ဝင်ရောက်လာသော  အဆိုပါ ဒုက္ခသည်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်အရေးယူခဲ့သည်။ ရေရှည် အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်း ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားတို့ကို ရှေးရှုသော မစ္စတာမိုဒီအစိုးရသည် အဆိုပါဒုက္ခသည်များ အရေးနှင့် စပ်လျဉ်းလျှင် နိုင်ငံတကာအသိုက်အဝန်းတွင် တရုတ်၊  ရုရှားတို့ နည်းတူ မြန်မာဘက်မှ ရပ်တည်ခဲ့သည်။ အိန္ဒိယသည် အဆိုပါ ဒုက္ခသည်များ လုံခြုံသိက္ခာရှိစွာ စဉ်ဆက်မပြတ် နေရပ်ပြန်နိုင်ရေးကို  အလေးပေး၍ ရခိုင်ပြည်နယ်အတွက် ဖွံ့ဖြိုးမှုအကူအညီများပေးရန်  ကတိပြုခဲ့သည်။ ရခိုင်ပြည်နယ် အကျပ်အတည်းတွင် အိန္ဒိယ၏ ရပ်တည်မှုနှင့် ပတ်သက်ပြီး ဟိန္ဒူဘာသာဝင်အများစုဖြစ်သော အိန္ဒိယအနေနှင့်  ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော မြန်မာနိုင်ငံဘက်မှ ဘက်လိုက်လျက်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများက စွပ်စွဲခဲ့ကြသည်။

မြန်မာနိုင်ငံအတွက် အကျိုးအမြတ်

လက်ရှိအာဏာရပါတီအစိုးရလက်ထက် မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်နိုင်ရန် ကြိုးစားနေဆဲကာလမှာပင် အချိန်ကိုက် ပေါက်ကွဲလာသည့် ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် လှေလှော်ရင်းတက်ကျိုးဖြစ်ခဲ့ရသည်။ ထို အကျပ်အတည်းကြောင့် အတိတ်ကာလကကဲ့သို့ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရကာ အိမ်နီးချင်းမိတ်ဆွေဟောင်း တရုတ်နိုင်ငံတစ်ခုတည်းအပေါ် လုံးလုံးလျားလျား မှီခိုဆက်ဆံရမည့် အခြေအနေသို့ ပြန်လည်ရောက်ရှိမလို ဖြစ်လာရသည်။ သို့ရာတွင် ယခုကဲ့သို့ အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံနှင့် အင်အားချိန်ခွင်လျှာညှိနိုင်မည့် ဒေသတွင်း နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံဘက်မှ ရပ်တည်မှုပြုလာခြင်းသည် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးရှိစေမည့်ကိစ္စဖြစ်သည်။ မစ္စတာမိုဒီ အနေနှင့် ပြည်တွင်း နိုင်ငံရေးတွင် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူတစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ယင်းအချက်က မြန်မာနိုင်ငံအတွက် တစ်နည်းတစ်ဖုံ အကျိုးရှိစေမည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် မိုဒီမဟုတ်သော အခြားအစိုးရတစ်ရပ် တက်လာပါက နှစ်နိုင်ငံအကြား လက်ရှိ အခြေ အနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပြီး မြန်မာနိုင်ငံအနေနှင့်  ရခိုင်ပြည်နယ် အကျပ်အတည်းအရေးအတွက်သာမက အခြားနိုင်ငံရေး၊  စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့်ပါ စပ်လျဉ်းသော သံတမန်ရေးအခင်း အကျင်းသစ်တစ်ရပ်ကို ထပ်မံပြောင်းလဲရနိုင်ဖွယ်ရှိသောကြောင့်ဖြစ် သည်။ သို့ရာတွင် နိုင်ငံတကာဆက်ဆံရေးဟူသည်မှာ နိုင်ငံအသီးသီးက  ယင်းတို့၏ သက်ဆိုင်ရာအမျိုးသားရေး အကျိုးစီးပွားအတွက် မူဝါဒ  ချဉ်းကပ်နည်းအမျိုးမျိုးကို ချမှတ်ပုံဖော်နေကြခြင်းပင်ဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် အနောက်နိုင်ငံများအကြား ပထဝီနိုင်ငံရေးကစားပွဲကိုအသုံးချကာ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကြံဆဖန်တီးရယူမည်သာဖြစ်သည်။

မမေဦး

(ရည်ညွှန်းကိုးကား-“A guide to drama and dynamics behind India’s historic elections” New York Times “India boosts relations with Myanmar, where Chinese influence is growing” IISS

“Myanmar’s approach to India” The Diplomat)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *