ကမ္ဘာ့ဘဏ်ပြောသော မြန်မာ့မြို့ပြဖြစ်ထွန်းမှု

ဓာတ်ပုံ - မြင့်မိုးညို

မြန်မာနိုင်ငံ၏ လက်ရှိမြို့ပြဖြစ်ထွန်းမှုအခြေအနေမှာ နိုင်ငံတကာနှင့် ဒေသတွင်းအဆင့်တွင် နိမ့်ပါးနေဆဲဖြစ်သည်။

သို့သော် နှစ်စဉ်မြို့ပြများသို့ ရွှေ့ပြောင်းအခြေချမှုများကြောင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ယင်းတို့ကို ဖြေရှင်းနိုင်မည့် ရေရှည်တည်တံ့ဖွံ့ဖြိုးသောမြို့ပြများမူဝါဒရေးရာအကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို ကမ္ဘာ့ဘဏ်က ဇွန်လ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာ့ မြို့ပြကြီးများ လတ်တလောရင်ဆိုင်နေ ရသော အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ယင်းတို့ကို စနစ်တကျမဖြေရှင်းနိုင်ပါက အနာဂတ်ကာလတွင် ပိုမိုခက်ခဲသောအခြေအနေများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အထူးသဖြင့် လူမှုရေး၊ စီးပွားရေး နယ်ပယ်တို့တွင် အကျပ်အတည်းဆိုက်ကာ အနာဂတ်ကာလ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးကို အဟန့်အတားဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။

မြန်မာနိုင်ငံ၏ မြို့ပြများတွင် နေထိုင် သောလူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိပြီး မြန်မာပြည်တွင်းနေသူ ၁၀၀ ဦးတွင် ၃၀ ဦးသည် မြို့ပြဧရိယာတွင် နေထိုင်လျက်ရှိနေခြင်းပင်။

ယင်းပမာဏမှာ ဒေသတွင်းအာဆီယံနိုင်ငံများနှင့် ယှဉ်လျှင် နည်းပါးနေဆဲဖြစ်ပြီး အာဆီယံနိုင်ငံများအနက် စင်ကာပူ၊ ဘရူနိုင်း၊ မလေးရှားနိုင်ငံတို့သည် မြို့ပြနေလူဦးရေအများဆုံး နိုင်ငံများ ဖြစ်ကြသည်။

အာဆီယံဒေသတွင်း မနီလာမြို့နှင့် ဂျကာတာမြို့သည် လူဦးရေ ၁၀ သန်း  အထက်ရှိ အကြီးဆုံးမြို့ပြများဖြစ်ပြီး ယင်းနောက်တွင် ဘန်ကောက်မြို့၊ ဟိုချီမင်းမြို့၊ ကွာလာလမ်ပူမြို့၊ စင်ကာပူမြို့ပြနိုင်ငံနှင့် ရန်ကုန်မြို့တို့က အစဉ်အတိုင်းရပ်တည်နေကြသည်။

 

မြန်မာ့မြို့ပြဖြစ်ထွန်းမှု အရင်းခံ အကြောင်းများ

မြန်မာ့မြို့ပြအများစုတွင် လူဦးရေများပြားလာမှု၏ အဓိကအချက်မှာ ပြည်တွင်းရွှေ့ပြောင်းအခြေချမှု ဖြစ်ပြီး လူဦးရေ ၁၀ သန်းခန့်မှာ မွေးဖွားရာဇာတိ နေရာတွင် လက်ရှိနေထိုင်ခြင်းမရှိဘဲ မြို့ပြများသို့ ပြောင်းရွှေ့လာကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိန်းဂဏန်းအချက်အလက်များအရ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းရွှေ့ပြောင်းမှု စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့ဖြစ်ပြီး ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှာ မန္တလေးမြို့သို့ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံတွင် ဖော်ပြထားသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ တိုးတက်များပြားလာသော လူဦးရေအနက် ၈၁ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းအခြေချသူများ ဖြစ်ပြီး စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများကြောင့် ကျေးလက်ဒေသမှ မြို့ပြများသို့ ပြောင်းလာခြင်း ဖြစ်သည်။

စိတ်ဝင်စားဖွယ်အချက်မှာ ပြည်တွင်းရွှေ့ပြောင်းမှု လူဦးရေအများဆုံး ၂၀ စာရင်းတွင် ၁၉ ခုမှာ ရန်ကုန်တိုင်းရှိ မြို့နယ်များဖြစ်ပြီး ရွှေ့ပြောင်းသူအများဆုံးနေရာမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNFPA စာရင်းများကို ကိုးကားဖော်ပြထားသည်။

အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တိုက်ကြီးစသည့် မြောက်ပိုင်းခရိုင်မြို့နယ်များသို့ အများဆုံးရွှေ့ပြောင်းလာကြပြီး ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းမြို့နယ်များသို့ ပြောင်းရွှေ့လာသူ သုံးသိန်းခွဲကျော်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အထူးသဖြင့် အလုပ်ရုံ၊ စက်မှုဇုန်များတည်ရှိရာ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့သို့ အလုပ်အကိုင်အခွင့်အလမ်းအရ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။

မြို့ပြနေ လူဆင်းရဲများ

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော် ၂၀၀၄ – ၂၀၀၅ ခုနှစ်တွင် မြို့ပြနေလူထုဆင်းရဲမွဲတေမှု ၃၂ ရာခိုင်နှုန်းကျော်ရှိရာမှ ယခုအခါ ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျလာပြီး ယင်းမှာ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်လည်း တရားမဝင်ရွှေ့ပြောင်းသူများ (ကျူး) ၏ အခြေအနေကို အလေးပေးထောက်ပြထားပြီး ကျူးများအပြင် အမျိုးသမီးနှင့် မသန်စွမ်းတို့၏ လူမှုစီးပွားဘ၀စိန်ခေါ်မှုများနှင့် ဖြေရှင်းရမည့် မူဝါဒအကြံပေးချက်များပါဝင်သည်။

မြို့ပြနေဆင်းရဲသားများ၏ အဓိကအခက်အခဲမှာ နေ့စဉ်စားသောက်နေထိုင်စရိတ်လောက်ငှရန် ဝင်ငွေလုံလောက်စွာ မရနိုင်ခြင်းဖြစ်ပြီး နေ့စဉ်မဖြစ်မနေလိုအပ်သော အသုံးစရိတ်အတွက် အတိုးကြီးချေးငွေယူရခြင်း၊ ကျန်းမာရေးအတွက် ချေးငွေယူရခြင်းတို့ကြောင့် ချေးငွေထောင်ချောက်အတွင်း သက်ဆင်းကာ အဆိုးကျော့ သံသရာလည်နေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့မကျ တောမက မြို့နယ်သုံးခုမှ အိမ်ထောင်စု ၃၀၀ ကို ကောက်ယူထားသည့် စစ်တမ်းတစ်ခုတွင် အဆိုပါ အိမ်ထောင်စုများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် တစ်ရက်ကို ၂၀၀၀ ကျပ်နှင့် အောက်ဝန်းကျင်ဖြင့် လောက်ငှအောင်နေထိုင်စားသောက်နေရကြောင်း ကမ္ဘာ့ဘဏ်က ပြန်လည်ကိုးကားထားသည်။

ကျူးများအနေနှင့် တရားဝင်မှုမရှိသည့်အတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီးစသည့် အခြေခံလူမှုဝန်ဆောင်မှုများကို ပြင်ပမှ ဈေးကြီးပေးသုံးစွဲရခြင်း၊ အိမ်ထောင်စု၏ အသုံးစရိတ် ၈၀ ရာခိုင်နှုန်းကျော်ကို စားသောက်မှုအတွက် ကုန်ကျနေရခြင်း၊ လူနေမှုစရိတ်ကြီးမြင့်လာခြင်းတို့က ရွှေ့ပြောင်းလာသူ ကျူးများ ရင်ဆိုင်နေရသည့် အဓိကအခက်အခဲများ ဖြစ်သည်။

တရားမဝင်ရွှေ့ပြောင်းသူ (ကျူး) များကို မြို့ပြလုံခြုံမှုနှင့် ဖွံ့ဖြိုးရေးအတွက် ခြိမ်းခြောက်မှုအဖြစ် မရှုမြင်ဘဲ မြို့ပြဖြစ်ထွန်းမှုတွင် ပါဝင်လာနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။

ထို့အပြင် မြန်မာမဟုတ်သော တိုင်းရင်းသားလူနည်းစုများ၊ မသန်စွမ်းများ၊ အမျိုးသမီးများနှင့် ဘာသာခြားလူနည်းစုများမှာလည်း မြို့ပြဖြစ်ထွန်းမှုဖြစ်စဉ်တွင် ဖယ်ကြဉ်ခံရမှုများရှိနေပြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပါဝင်လာနိုင်ရေးကို ဦးတည်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့ပြဖြစ်ထွန်းမှုစနစ်တကျနှင့် ရေရှည်တည်တံ့စေရန် ပြည်သူအားလုံးပါဝင်နိုင်မည့် စီးပွားရေး၊ လူမှုရေးနှင့် အများပြည်သူဆိုင်ရာမြို့ပြအခြေခံအဆောက်အဦနှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ရေးဆိုသည့် မျက်နှာစာသုံးခုကို မူဝါဒ၊ မူဘောင်များချမှတ်ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ဘဏ်က တိုက်တွန်းအကြံပေးထားသည်။

မြို့ပြများတွင် အလုပ်အကိုင်ရရှိနိုင်မှုအခြေအနေမြင့်မားသော်လည်း ပညာရေး ရေချိန်နိမ့်ပါးမှုနှင့် ဆက်စပ်ကာ လုပ်ငန်းခွင်တွင် လုပ်ခလစာနည်းခြင်း၊ ပျမ်းမျှအလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်ရခြင်း၊ အလုပ်ရှင်အလုပ်သမားစာချုပ်စာတမ်းချုပ်ဆိုမှုမရှိခြင်းတို့ ကြုံတွေ့နေရသည်။

အလုပ်လုပ်ကိုင်နေသူများ၏ ၉၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်ဝင် စာချုပ်ချုပ်ဆိုထားခြင်း မရှိပေ။

ချို့တဲ့နေဆဲ မြို့ပြအခြေခံအဆောက်အဦနှင့် ဝန်ဆောင်မှု

မြို့ပြရေရရှိနိုင်မှုမှာ ၉၀ ရာခိုင်နှုန်းကျော်ရှိသော်လည်း အိမ်အရောက် ပိုက်သွယ်တန်းနိုင်မှုမှာ ၁၈ ရာခိုင်နှုန်းသာရှိပြီး မြို့ပြနေလူထု၏ သုံးပုံတစ်ပုံသည် သောက်သုံးရေအတွက် ပုဂ္ဂလိကရေသန့်လုပ်ငန်းများအပေါ် မှီခိုနေရသည်။

သောက်ရေ၊ သုံးရေမလောက်ငှမှုအပြင် ရေဆိုးထုတ်၊ ရေဆိုးသန့်စင်စနစ်မှာလည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းသာ လုပ်ဆောင်နိုင်သေးပြီး ကျန်နေရာဒေသများတွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုမရှိခြင်း၊ သန့်စင်မှုမရှိခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပြီး အနီးဝန်းကျင်လူထုကျန်းမာရေးကိုပါ ထိခိုက် စေကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထူးသဖြင့် မြို့ပြနေဆင်းရဲသားရပ်ကွက်များတွင် ယင်းအခြေအနေမျိုး  ရင်ဆိုင်နေရပြီး ထိုမှတစ်ဆင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနယ်ပယ်တို့ ထိခိုက်စေကာ မြို့ပြဖြစ်ထွန်းမှုကို နှောင့်နှေးအဟန့်အတား ဖြစ်စေသည်။

ထို့အတူ အမှိုက်သိမ်းစနစ်၊ ရေနုတ်မြောင်းစနစ်တို့တွင်လည်း ပြုပြင်ပြောင်းလဲရန်များစွာ လိုအပ်နေသည်။

မြို့ပြနေလူထုအတွက် အရေးကြီးဆုံးအချက်မှာ ကျောတစ်ခင်းစာနေရာ ရရှိရေးပင်။

ရန်ကုန်တွင် နေထိုင်သော အိမ်ထောင်စုများ၏ ၂၅ ရာခိုင်နှုန်းသာ ကွန်ဒို၊ တိုက်ခန်း၊ အိမ်ရာအခန်းများဖြင့် နေထိုင်နိုင်ပြီး ကျန် ၇၅ ရာခိုင်နှုန်းမှာ မကြာခဏ ပြန်လည်ပြင်ဆင်ရသည့် ယာယီအဆောက်အအုံမျိုးတွင် နေထိုင်ကြရသည်။

လာမည့် ၂၀၃၀ ခုနှစ်အထိ မြန်မာ့မြို့ပြများရှိ အခြေခံအဆောက်အဦလိုအပ်ချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ ၁၄၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန်လိုကြောင်း အစိုးရ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးလုပ်ငန်းဖြစ်သော McKinsey Global Institute ၏ ၂၀၁၃ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ၁၄၆ ဘီလီယံအနက် ၆၀ ရာခိုင်နှုန်းသည် မြို့ပြနေလူထုအတွက် လူနေအိမ်ရာများတွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ခြင်းဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ခန့်မှန်းတွက်ချက်ထားသည်။

မြန်မာ့မြို့ပြဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ်အကြံပြုချက်

မြို့ပြများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးရန်၊ စီးပွားရေးအကျပ်ဆိုက်ချိန်တွင် ခံနိုင်ရည်ရှိရန် လက်ရှိတရားမဝင်နေထိုင်သူများ၊ ဖယ်ကြဉ်ခံထားရသူများ၊ ခွဲခြားဆက်ဆံခံနေရသူများပါ စီးပွားရေးကဏ္ဍတွင် အားလုံးပါဝင်လာရန် လုပ်ဆောင်ရန်လိုကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

တရားမဝင်နေထိုင်သူများ တရားဝင်ဖြစ်လာစေရေး၊ နိုင်ငံသားစိစစ်ရေး ကတ်စနစ်ကို လွယ်ကူချောမွေ့သည့် လုပ်ငန်းစဉ်ဖြစ်လာရန် ပြုပြင်ပြောင်းလဲရေး၊ အားနည်းသည့် အုပ်စုငယ် လူနည်းစုများအတွက် သီးသန့်ရည်ရွယ်သည့် လူမှုရေးအစီအစဉ်များလုပ်ဆောင်ပေးရေး၊ မြို့ပြ၏ အခြေခံအဆောက်အဦနှင့် ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီနိုင်ရေး၊ အစိုးရဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် ဒေသန္တရအစိုးရများ၏ လုပ်ကိုင်နိုင်စွမ်းမြှင့်တင်ရေးတို့ လုပ်ဆောင်ခြင်းဖြင့် မြန်မာ့မြို့ပြဖြစ်ထွန်းမှု အရှိန်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။

The Voice         

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *