အင်ပါယာများ ပြိုကွဲခြင်း၊ အမျိုးသားနိုင်ငံများ ပေါ်ထွန်းခြင်းနှင့် လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၁၇ ရာစုမှ ၂၁ ရာစု ဥရောပမှ မြန်မာနိုင်ငံ

လူ့သမိုင်း၏ အလယ်ခေတ်လောက်ကပင် အင်ပါယာများမှာ နိုင်ငံရေးစည်းလုံးညီညွတ်မှု၏ ပြယုဂ်အဖြစ်ယူဆခဲ့ကြသည်။ သို့တိုင် အဆိုပါပြယုဂ်၏ နောက်ကွယ်တွင်မူ ဆင်းရဲဒုက္ခနှင့် မတရားကျွန်ပြုမှု တို့ကို ယူဆောင်လာကြသည်။ ဤအချက်ကြောင့်ပင် အနှေးနှင့်အမြန်ဆိုသလို အင်ပါယာများ ပြိုကျကုန်ကြခြင်းဖြစ်သည်။

၁၇ ရာစု ‘မြင့်မြတ်သော ရောမအင်ပါယာ’ ကွယ်လွန်သွားသောအခါ ‘အနှစ်သုံးဆယ် စစ်ပွဲ’ ပေါ်ထွက်လာသည်။ ‘၀က်စဖေးလီးယား စာချုပ်’ ဖြင့် ဤစစ်ပွဲအဆုံးသတ်တော့မှ ခေတ်သစ်နိုင်ငံတော်သစ်များ ပေါ်ထွက်နိုင်ခဲ့သည်။ ဤကား ‘ပထမဇာတ်ကွက်’ …။ ထို့နောက်

‘တန်းတူရေး၊ ချစ်ကြည်ရေး၊ တရားမျှတရေး’ ကြွေးကြော်သံများဖြင့် ၁၈ ရာစု အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးတို့ ပေါ်ထွက်လာသည်။ ဤကြွေးကြော်သံများအောက်တွင် အင်္ဂလန်၏ တတိယမြောက်ဂျော့ဘုရင်မှာ အမေရိကန်ကိုလိုနီ ၁၃ ခုကို ဆုံးရှုံးလိုက်ရသည်။ ပြင်သစ်မှ လူဝီ ၁၆ မှာ သူ၏ခေါင်းကို စတေးလိုက်ရသည်။ ဤသည်မှာ ‘ပထမ ရှပ်တာချိန်း’ …။

နောက်တော့ ပထမကမ္ဘာစစ်ကြီး ဖြစ်လာသည်။ ဤစစ်ကြီးက အင်ပါယာလေးခုကို အဆုံးသတ်ဖြစ်လို့လာသည်။ ဤသည်တို့မှာ ‘ဟိုဟင်ဇိုလန်အင်ပါယာ’ (ဩစတြးရီးယားဟန်ဂေရီအင်ပါယာ)၊ ‘ဟတ်စဘတ်အင်ပါယာ’ (ဂျာမန်အင်ပါယာ) ၊ ‘အော်တိုမန်အင်ပါယာ’ (တူရကီအင်ပါယာ) နှင့် ‘ရိုမန်နော့ အင်ပါယာ’ (ရုရှားအင်ပါယာ) တို့ဖြစ်သည်။ စစ်ကြီးပြီးသည်နှင့် ကမ္ဘာ့ဇာတ်ခုံထက်သို့ ဇာတ်ဆောင်နှစ်ဦး တစ်ပြိုင်နက် တက်လာကြသည်။ တစ်ယောက်မှာ အမေရိကန် သမ္မတ ဝုဒရိုးဝီလဆင်ဖြစ်ပြီး အခြားတစ်ယောက်မှာ ရုရှားခေါင်းဆောင် ဗလာဒီမာလီနင်ဖြစ်သည်။ သူတို့နှစ်ယောက်လုံး၏ ကြွေးကြော်သံမှာ ‘လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဖြစ်သည်။

ဝီလဆင်၏ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ကြွေးကြော်သံအောက်တွင် နိုင်ငံသစ်များ ပေါ်ထွက်လာကြသည်။ အဓိကအားဖြင့် လူမျိုးတစ်မျိုးတည်း နေထိုင်ကြပြီး ထိုလူမျိုးကပင် အုပ်ချုပ်သောစနစ်ဖြစ်သည်။ သို့ဖြင့် ပိုလန်ပြည်မှာ ပိုလန်လူမျိုးတို့ လက်ထဲပြန်ရောက်လာပြီး ဟန်ဂေရီပြည်မှာ ဟန်ဂေရီလူမျိုးများလက်သို့ ပြန်ရောက်လာခဲ့သည်။ ဤသည်မှာ ‘ဒုတိယဇာတ်ကွက်’ ဖြစ်တော့သည်။ သို့နှင့်တိုင် လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျဉ်းကျဉ်းမြောင်းမြောင်း မယူဆအပ်ဟု ဝီလဆင်က ဆိုပြန်သည်။ တစ်ခါတစ်ရံ လူမျိုးများစွာ စုစည်းနိုင်ပါမှ တိုးတက်ဖွံ့ဖြိုး နိုင်သည်ဟု အကြံပြုသည်။ သို့ဖြင့် ချက်နှင့် ဆလိုဗက်လူမျိုးတို့ပေါင်းပြီး ‘ချက်ကိုစလိုဗားကီးယား’ ဖြစ်လာသည်။ ဆားဘီးယား၊ ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့ပေါင်းပြီး ‘ယူဂိုဆလားဗီးယား’ ဖြစ်သွားသည်။

ပထမကမ္ဘာစစ်ကြီးအပြီး ပေါ်ထွက်လာသော ဆိုဗီယက်ယူနီယံမှာ ဤသို့သော လူမျိုးပေါင်းစုံ စုစည်းထားသည့် နိုင်ငံကြီးဖြစ်သည်။ လီနင်ဦးဆောင်သော ဘော်ရှီဗစ်အစိုးရတွင် လူမျိုးစုတာဝန်ခံမှာ စတာလင် ဖြစ်လာသည်။ စတာလင်ရေးဆွဲသော ဆိုဗီယက်ယူနီယံအခြေခံဥပဒေတွင် လူမျိုးများကို ‘ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်’ ကို ပေးထားသည်။ သို့တစေ တကယ့်လက်တွေ့တွင်မူ တပ်နီတော်နှင့် ရှင်းပစ်သည်သာ ဖြစ်ပါသည်။ နှောင်းခေတ်ပညာရှင်များကမူ ‘အင်အားသုံးသိမ်းသွင်းရေး ဖက်ဒရယ်စနစ်’ (Putting together Federalism) ဟု ခေါ်ကြသည်။ ဤကား ‘ဒုတိယရှပ်တာချိန်း’ …။

သည်လိုနှင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသည်။ ဤစစ်ပွဲကြီးက တတိယဂျာမနီနိုင်ငံတော်နှင့် ဂျပန်၏ ‘အာရှသာတူညီမျှဝါဒ’ ကို ဆုံးခန်းတိုင်စေခဲ့သည်။ ဗြိတိသျှ၊ ပြင်သစ်နှင့် ဒပ်ခ်ျတို့၏ အင်ပါယာပြိုကွဲမှုများကိုလည်း အရှိန်မြှင့်ပေးလိုက်သည်။ သို့တိုင် နောက်ထပ်အင်ပါယာသစ်တစ်ခုကိုကား မွေးထုတ်လိုက်သလိုဖြစ်ခဲ့ရသည်။ ဆိုဗီယက်ယူနီယံဖြစ်ပါသည်။ အရှေ့ဥရောပတစ်ခုလုံး ၎င်း၏အာဏာစက်အောက် ကျရောက်သွားခဲ့ရသည်။

နောင်နှစ်ပေါင်း ၇၀ ကျော်တော့မှ ‘တတိယဇာတ်ကွက်’ စနိုင်တော့သည်။ အရှေ့ဥရောပတစ်ခုလုံး အနှောင်အဖွဲ့မှ လွတ်လပ်သွားသည်။ ချက်နှင့် စလိုဗက် ပြန်ကွဲသွားသည်။ ယခင် ဆိုဗီယက်ယူနီယံဟောင်းတွင် နိုင်ငံသစ် ၁၅ ခု ပေါ်ထွက်လာသည်။ ‘ယူဂိုဆလားဗီးယား’ ကား တစ်မျိုး။ ၁၉၈၀ ပြည့် မာရှယ်တီးတိုးကွယ်လွန်ပြီးသည့်နောက် ဤနိုင်ငံရှိ လူမျိုးတိုင်းတွင် ဖက်ဒရေးရှင်းကြီးဖြစ်ဖို့ အရေးအခွင့်သာလာခဲ့သည်။ သို့တစေ ထိုအခွင့်အရေးကို မီလိုဆီဗစ်က ဖျက်ဆီးပစ်လိုက်သည်။ သူက စတာလင်လိုပင် အင်ပါယာဟောင်းကို နောက်ပေါ်ကွန်မြူနစ်စနစ်ဖြင့် ဆွဲဆန့်ဖို့ကြိုးစားခဲ့သည်။ အကျိုးဆက်ကား … ၊

‘ဗော်လကန်နိုက်ဇေးရှင်း’ ခေါ် အစိတ်စိတ်အမြွှာအမြွှာ ပြိုကွဲခြင်း …။ ဤသည်ပင် ‘တတိယရှပ်တာချိန်း’ … ဖြစ်တော့သည်။

၁၉၈၉ ခုနှစ်က ပေးလိုက်သောအမွေမှာ ‘ဘာလင်တံတိုင်း ပြိုကျခြင်း’ နှင့် ‘ကတ္တီပါတော်လှန်ရေး’ ဟုဆိုလျှင် ၁၉၉၂ က ပေးလိုက်သည့်အမွေမှာ ကမ္ဘာ့အလှဆုံး မြို့တစ်မြို့ ပျက်စီးသွားခြင်းပင်ဖြစ်လိမ့်မည်။ ကမ္ဘာစစ်ကြီးနှစ်ခုက ကွင်းရှောင်သွားသော ‘ဆာရာယေဗို’ မြို့လေးမှာ စစ်ဒဏ်ကို မရှုမလှခံလိုက်ရသည်။ ဆာရာယေဗိုအရေးမှာ ၂၀ ရာစုနှင့် ပွဲမပြီး။ ၂၁ ရာစု၏ ‘ဝိသေသနိုင်ငံရေး’ (Identity) ထိ အပြန့်ကျယ်သွားတော့သည်။

၁၉၈၉ အမွေနှင့် ၁၉၉၂ အမွေတို့ စုပြုံရရှိလိုက်သည်မှာ ၂၁ ရာစု မြန်မာ့နိုင်ငံရေးပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် မဆလတစ်ပါတီစနစ် ပြိုကျသွားပြီးနောက် မြန်မာ့ကတ္တီပါတော်လှန်ရေး လမ်းပွင့်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ၁၉၄၇ ပင်လုံကတိကဝတ်များ ဘေးဖယ်ခံထားရသော လူနည်းစု တိုင်းရင်းသားများအတွက်လည်း ‘ဝိသေသနိုင်ငံရေး’ လမ်းစပေါ်လာသည်။ ဤသို့ ဒီမိုကရေစီနှင့် ဝိသေသနိုင်ငံရေး တစ်ပြိုင်နက်ကြိုးပမ်းရခြင်းသည်ပင် မြန်မာ့နိုင်ငံရေး၏ အဓိကစိန်ခေါ်ချက်ဟု နိုင်ငံတကာပညာရှင်များက သုံးသပ်နေကြသည်။ စိန်ခေါ်ချက်များကား အတိတ်တွင်ရော၊ အနာဂတ်တွင်ပါ အမှန်ပင် ရှိနေပါသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီစနစ်မရောက်မီက ပုံစံနှစ်မျိုးဖြင့် စုဖွဲ့နေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် တိုင်းရင်းသားများမှာ ကိုယ့်အစုနှင့်ကိုယ် သီးခြားမြို့ပြနိုင်ငံများအဖြစ် နေထိုင်လေ့ရှိကြသည်။ ယခုခေတ်သတ်မှတ်ချက်အရ ‘အတူယှဉ်တွဲ နေထိုင်ရေး’ (Coming-together) ဟု ဆိုနိုင်ပါလိမ့်မည်။ တစ်ခါတစ်ရံတွင်မူ တိုင်းရင်းသားလူမျိုးတစ်မျိုးမျိုး၏ ဦးဆောင်မှုဖြင့် အင်ပါယာဖွဲ့စည်းကြသည်များလည်းရှိသည်။ ယခုခေတ်အခေါ် ‘အတူပေါင်းစည်းနေထိုင်ရေး’ (Holding-together) သဘောမျိုးဖြစ်နိုင်ပါသည်။ သို့နှင့်တိုင် တိုင်းရင်းသားများက ‘အတူယှဉ်တွဲနေထိုင်ရေး’ ဟု ရပ်ခံဟန်ရှိပြီး တပ်မတော်ကမူ ‘အတူပေါင်းစည်းနေထိုင်ရေး’ ဟု တရားဝင်ရပ်တည်ထားသည်။ ဤကား အတိတ်နှင့်ပတ်သက်သော ကွဲလွဲချက် …။

‘ဘယ်လိုဖက်ဒရယ်မျိုး တည်ဆောက်မလဲ’ ဆိုသော အနာဂတ်နှင့် ပတ်သက်၍လည်း ကွဲလွဲချက်တွေရှိနေပြန်သည်။ တိုင်းရင်းသားတွေက ‘ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု’ ဟု ဆိုသည်။ အစိုးရနှင့် တပ်မတော်က ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု’ ဟု ဆိုသည်။ စကားလုံး ရှေ့နောက်အထားအသိုကိစ္စသက်သက် မဟုတ်ပါ။ ‘ဦးစားပေးမှု ပြဿနာ’ ဖြစ်ပါသည်။ အတိတ်နှင့် အနာဂတ်၊ နှစ်ခုလုံးထက် လောလောဆယ် ပိုအရေးကြီးနေသည့် ပစ္စုပ္ပန်ပြဿနာမှာ ‘ခွဲထွက်ရေး’ ကိစ္စ ဖြစ်ပါသည်။

လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ‘အပြင်စည်း’ (External) နှင့် ‘အတွင်းစည်း’ (Internal) အဖြစ် ခွဲခြားပြောဆိုလာကြသည်မှာ ၁၉၈၀ ပြည့်လွန်နှစ်များလောက်ကမှ ဖြစ်မည်ထင်ပါသည်။ မြန်မာ့လူမျိုးစုလက်နက်ကိုင်များကြား ခွဲထွက်ရေးကို တရားဝင်စွန့်လွှတ်လိုက်ကြသည်မှာလည်း ၁၉၈၃ ခုနှစ်မှ ဖြစ်သည်။ သို့တစေ ယခုအခါ လက်နက်ကိုင်အင်အားစုတစ်ခုက ‘ခွဲထွက်ရေး’ ကို ‘မူ’ အရ ကိုင်ထားလိုသည်ဟု ဆိုလာသည်။ အခြားအင်အားစုတစ်ခုကလည်း ဖက်ဒရေးရှင်းကိုကျော်ပြီး ကွန်ဖက်ဒရေးရှင်းကို ပြောလာသည်။

ဆိုခဲ့ပါကွဲလွဲချက်များကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် မဖြေရှင်းနိုင်လျှင် … မြန်မာပြည်မှာ ဒုတိယဘော်လကန်ဖြစ်သွားနိုင်သည်။ မြောက်ဦးမှာ ဒုတိယ ဆာရာယေဗိုဖြစ်သွားနိုင်သည်။ မြန်မာ့နိုင်ငံရေးကား ‘တတိယဇာတ်ကွက်’ နှင့် ‘တတိယ ရှပ်တာချိန်း’ ကြား ရောက်နေသည်။ သတိ။ 

ကျော်ဝင်း
၇ ဇွန်လ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *