“Winner ရခဲ့ရင် ကျွန်တော် ဖန်တီးထားတဲ့အရာတစ်ခုကို မြန်မြန်ချပြနိုင်မယ်။ လူငယ်တွေအတွက် အကျိုးပြုမယ့် Organization တွေ၊ ဂီတအတွက် ယုံကြည်ရာလုပ်နေပြီးတော့ အစွမ်းအစရှိရဲ့သားနဲ့ နေရာမရတဲ့သူတွေကို ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ ဦးဆောင်ပြီး လုပ်ပေးချင်တယ်”

photo by Novem Htoo FB

လက်ရှိ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် Novem Htoo ကို ဖိုင်နယ်အတွက် ပြင်ဆင်မှုအပိုင်းတွေ၊ Metal ဂီတလမ်းကြောင်းကို ရွေးချယ်ဖြစ်တဲ့ အကြောင်းတွေနဲ့ Winner ဖြစ်ဖို့ ရင်ခုန်သံတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice    :          ဖိုင်နယ်အတွက် သီချင်းရွေးချယ်မှုအပိုင်းကိုကိုယ့်စိတ်ကြိုက်ဆိုရင် ဘယ်လိုပုံစံမျိုးဆိုချင်လဲ။

NVH     :            ကျွန်တော့်စိတ်ကြိုက်ဆိုရင်တော့ Melody ပါပြီးတော့ Scream နဲ့ နှစ်ခုရောတာမျိုးတာတွေ ပြချင်တယ်။

Voice    :          Winner ဖြစ်ဖို့အတွက်  ဘယ်လောက်အထိမျှော်မှန်းထားလဲ။

NVH     :            အဲဒီလိုကြီး သိပ်ပြီးတော့ မပြောတတ်ဘူး။ အကုန်လုံးက တော်ကြတဲ့ သူတွေချည်းပဲလေ။ ရာခိုင်နှုန်းက ညီညီမျှမျှပဲ လေးယောက်ဆိုတော့ ၂၅ ရာခိုင်နှုန်းလောက်ပဲ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်နိုင်သွားရင်တော့ လုပ်ပိုင်ခွင့်တွေ ရလာမယ်။ ကျန်တဲ့အပိုင်းတွေက လူငယ်တွေအတွက် အားဖြစ်စေနိုင်တဲ့ဟာတွေ လုပ်ပေးနိုင်သလောက် လုပ်ပေးမယ်။ ကျွန်တော်တို့က ချမ်းသာချင်လို့ ပြိုင်ကြတာမှ မဟုတ်တာ။ နောက်ထပ် Generation တွေကို ပလက်ဖောင်းတစ်ခုလုပ်ပေးချင်တဲ့ ဆန္ဒတွေရှိတယ်ဆိုတော့ အဲဒီဟာလေးတော့ ကွာဟချက်ရှိမှာပေါ့။

Voice    :          ပြိုင်ပွဲတစ်လျှောက်မှာ ဘယ် Round က ကိုယ့်အတွက် စိတ်လှုပ်ရှားဆုံးဖြစ်ခဲ့မလဲ။

NVH     :            Battle Round ပဲ။ အဲဒီတုန်းက ကျွန်တော်ဆိုတဲ့ သီချင်းပုံစံက သိပ်ပြီးတော့ အံဝင်ခွင်ကျက သိပ်မဖြစ်တော့လေ။ အဲဒီတုန်းက တော်တော်စိတ်လှုပ်ရှားခဲ့ရတယ်။

Voice    :          အခုသွားနေတဲ့ Metal ဂီတလမ်းကြောင်းက ကိုယ့်အတွက် ဘယ်လောက်အထိ စိန်ခေါ်မူများလဲ။

NVH     :           စိန်ခေါ်မှုက များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဂီတလုပ်နေတာက ၂၀၀၈ လောက်က စလုပ်ခဲ့တယ်။ ပြီးတော့ ၂၀၁၄မှာအခွေ ထွက်ခဲ့တယ်။ဒီလောက်လုပ်ပြီးတော့မှပြိုင်ပွဲကို ဝင်ခဲ့ရတယ်။ပြောချင်တာကကျွန်တော်က ဒီလိုရပ်တည်ရပြီးမှပြိုင်ပွဲ ဆိုတာဝင်ခဲ့ရတော့စိန်ခေါ်မူတွေက အများကြီးပါပဲ။

Voice    :          Metal ဂီတကို ဘယ်လိုကြောင့် ရွေးချယ်ဖြစ်တာလဲ။

NVH     :          Metal ဂီတကို ကျွန်တော်ကြိုက်တာမှ အသွေးထဲအသားထဲကနေ ရူးသွပ်တာ။ ပြီးတော့ ကြိုက်တဲ့အဆင့်မဟုတ်ဘဲနဲ့ ပြန်ပြီးတော့ ဖန်တီးချင်တဲ့ စိတ်တွေပါ ရှိလာတယ်။ အဲဒီတော့ ခက်ခဲမှန်းတော့ သိရက်သားနဲ့ ကျွန်တော်တို့က မိုက်ရူးရဲဆန်တယ်ပေါ့။

Voice    :           ပြိုင်ပွဲမှာ ကိုယ့်ရဲ့သီဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေရှိတော့ အဲဒီအပေါ်ဘာများပြောချင်လဲ။

NVH     :            ဝေဖန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဝေဖန်ပေးကြပါ။ အဲဒီတော့မှ ဘာတွေလိုလဲဆိုတာ ကျွန်တော်လည်း သိရတာပေါ့။

Voice    :          ပြိုင်ပွဲမှာ သီချင်းရွေးချယ်တာနဲ့ ပတ်သက်ပြီး Coach ကျားပေါက်နဲ့  ဘယ်လိုမျိုး ညှိယူခဲ့ရတာတွေရှိလဲ။

NVH     :            ညှိယူရတာမျိုးတွေ မရှိပါဘူး။ ကိုကျားအရင်ပြောသလိုပဲ ဟေ့ရောင် မင်း ငါကြိုက်တာလေးတွေလည်း လုပ်ပေးဦး အဲဒီလိုမျိုးတွေရှိပါတယ်။ တချို့ဟာတွေ ကျတော့ ကိုကျားလည်း အဆင်ပြေမယ့်ဟာ ကျွန်တော်တို့တွေက ညီအစ်ကိုလို၊ မိသားစုပုံစံမျိုးသွားတာဆိုတော့ သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။

Voice    :          ဖိုင်နယ်က Votting နဲ့ သွားမှာဆိုတော့ အဲဒီအပေါ် ဘာများပြောချင်လဲ။

NVH     :            ကံစီမံရာပဲပေါ့။ ကံကောင်းရင်တော့ ပါသွားမယ်ပေါ့။ ကျွန်တော်ကတော့အကောင်းဆုံး ကြိုးစားနေမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နိုင်မယ်လို့ ပြောလို့ မရဘူး။ အကုန်လုံးက တော်ကြတယ်လေ။

Voice    :          Winner ရသွားမယ်ဆိုရင်  ဘာတွေ ဆက်လုပ်သွားဖြစ်မလဲ။

NVH     :          Winner ရခဲ့ရင် ကျွန်တော် ဖန်တီးထားတဲ့ အရာတစ်ခုကို မြန်မြန်ချပြနိုင်မယ်။ လူငယ်တွေအတွက် အကျိုးပြုမယ့် Organization တွေ၊ ဂီတအတွက် ယုံကြည်ရာလုပ်နေပြီးတော့ အစွမ်းအစရှိရဲ့သားနဲ့ နေရာမရတဲ့ သူတွေကို ကျွန်တော် တတ်နိုင်တဲ့ဘက်ကနေ ဦးဆောင်ပြီး လုပ်ပေးချင်တယ်။ ဂီတမှာ ကျွန်တော်လိုချင်တဲ့ ပလက်ဖောင်းတွေကို တည်ဆောက်နိုင်ပြီ။

Voice    : ပြိုင်ပွဲမှာ Winner မရခဲ့ရင်  ဂီတနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေ ဆက်လုပ်သွားမလဲ။

NVH     :            ကျွန်တော် ယုံကြည်တဲ့အရာက ကွယ်ပျောက်သွားမှာတော့ မဟုတ်ဘူး။ နည်းနည်းလေးတော့ အချိန်တစ်ခု ကြာသွားမယ်။ စားဝတ်နေရေးအတွက် လုပ်ရမယ်လေ။ ကျွန်တော် ယုံကြည်ရာဂီတကြီးပဲ အကုန်လုံးလုပ်နေလို့ မရဘူး။ တစ်ကိုယ်စာရပ်တည်ဖို့အတွက်  ရှာဖွေစားသောက်ရမှာဆိုတော့လေ။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *