နိုင်ငံရေးဆန်လာသောကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် နည်းပညာများ

၂၀၁၄ ခုနှစ်တုန်းက တရုတ်ကုမ္ပဏီ (Alibaba) ဟာ တရုတ်နိုင်ငံ ဟန်ကျိုးမှာ အခြေစိုက်ပြီး သူ့ဈေးကွက်ရဲ့ ၉၁ ရာခိုင်နှုန်းဟာ တရုတ်ပြည်မကြီးမှာရှိနေပေမယ့် အမေရိကန်စတော့ဒိုင်မှာ စာရင်းပေါက် (Listed) ကုမ္ပဏီတစ်ခုအနေနဲ့ ဝင်ရောက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အရင်းအနှီးဈေးကွက်တစ်ခုထဲကို ရောက်လာခဲ့ပါတယ်။ ဒီအွန်လိုင်း (အင်တာနက်) ကုမ္ပဏီက ဒေါ်လာ ၄၀၀ ဘီလီယံလောက်တန်ပါသတဲ့။ အမေရိကန်စတော့ဒိုင်မှာ စာရင်းဝင်ထားပေမယ့် သူ့အရင်းအနှီးတွေက နိုင်ငံပေါင်းစုံရောက်နေခဲ့တာပါ။ အမေရိကန်ဘဏ္ဍာရေးဈေးကွက်ကလည်း ဒီကုမ္ပဏီကို အာမခံ (Underwrite) ပေးခဲ့ကြတယ်။ ဒီကုမ္ပဏီတစ်ခုတည်းမကဘူး။ အခုဆိုရင် တရုတ်ကုမ္ပဏီ ၁၇၄ ခု၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၉၄ ဘီလီယံရှိတဲ့အထိ အမေရိကန်ဈေးကွက်ထဲကို တရုတ်နည်းပညာကုမ္ပဏီတွေ ရောက်လာကြတယ်။ မေလတုန်းကဆိုရင် စတားဘတ်လို ကမ္ဘာကျော်ကုမ္ပဏီကြီးဖြစ်ဖို့ ကြိုးစားနေတဲ့ဒေါ်လာလေးဘီလီယံတန် Luckin Coffee တောင်ပါလာပြီ။
ဒါပေမဲ့ အမေရိကန်တွေက သိပ်လိုလိုလားလား မရှိလှဘူး။ အမြတ်တွေရ၊ ရင်းနှီးမြှုပ်နှံသူတွေက သဘောကျနေကြပေမယ့် ၂၀၁၈ ရောက်တော့ တရုတ်လုပ်ငန်းခွဲတစ်ခုက အမေရိကန်ပြိုင်ဘက် Money Gram ကို ဝယ်မယ်လည်းလုပ်ပါရော အမျိုးသားလုံခြုံရေးအတွက်လို့ အကြောင်းပြပြီး ဝယ်ခွင့်မပေးဘူး။ အလီဘာဘာ- ကမ္ဘာ့ဈေးကွက်ကို ကြီးစိုးလာတာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ရာရောက်သတဲ့။ အလီဘာဘာက စတင်တည်ထောင်ကာစလုပ်ငန်းတွေလိုက်ဝယ်ရင်လည်း အရေးပါတဲ့နည်းပညာတွေ၊ နိုင်ငံခြားလုပ်ငန်းက ဝယ်ယူခွင့်ဥပဒေအရ တားမြစ်ခံရမယ်။
အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေက တရုတ်နိုင်ငံပိုင် ရေနံလုပ်ငန်းတွေ၊ နည်းပညာလုပ်ငန်းတွေမှာ ဝင်ရောက်မြှုပ်နှံချင်ရင် ဘယ်မှသွားနေစရာမလိုဘူး။ တရုတ်မှာ စာရင်းပေါက်သလို အမေရိကန်မှာလည်း စာရင်းပေါက်နေတဲ့ ကုမ္ပဏီတွေက ၂၀၀ လောက်ရှိနေလို့ပါ။ တရုတ်ကုမ္ပဏီတွေက တခြားနိုင်ငံတွေထက် အရေအတွက်အားဖြင့် များသလို၊ တန်ဖိုးအားဖြင့်လည်း ဒေါ်လာ တစ်ထရီလီယံကျော် ရှိတယ်။ အမေရိကန် စတော့ဒိုင်တွေက ပျော်ပေမယ့် ကိုယ့်ကျိုးစီးပွားကာကွယ်မှု ကုန်သွယ်ရေးသမားတွေတော့ သဘောမကျလှဘူး။
အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေရဲ့အကြောင်းကို တရုတ်ကုမ္ပဏီတွေသိသွားမှာ စိုးရိမ်ရသတဲ့။ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတာဖြစ်ဖြစ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ငြိစွန်းတာပဲဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်တဲ့။ တရုတ်ကွန်မြူနစ်ပါတီကို အရင်းအနှီးထောက်ပံ့သလိုဖြစ်နေတဲ့ ပင်စင်လုပ်ငန်းတွေ၊ အာမခံလုပ်ငန်းတွေ၊ ကနဦးရှယ်ယာထုတ်ရောင်းတဲ့လုပ်ငန်းတွေကို ပိတ်ပစ်ရမယ်တဲ့။
အခုလိုတရုတ်ကုမ္ပဏီတွေ အမေရိကန်ဝင်လာကြတော့ တရုတ်နိုင်ငံမှာထက် ငွေရှာရတာလွယ်တယ်။ စည်းမျဉ်းစည်းကမ်းတွေကလည်း လုပ်သာကိုင်သာရှိတယ်။ ပြည်တွင်းက စတော့ဒိုင်မှာ တရုတ်နည်းပညာလုပ်ငန်းတွေရဲ့ အမြတ်ရယူခွင့်တွေကို အကန့်အသတ်တွေ လုပ်ထားတယ်။
တရုတ်ရဲ့ အကြီးဆုံးတစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ထုတ်လုပ်ငန်းကြီးဟာ နယူးယောက်စတော့ဒိုင်က ထွက်မယ်ကြံတယ်။ ရှေ့မှာပြောခဲ့တဲ့ အလီဘာဘာက မေလကုန်လောက်မှာ ဟောင်ကောင်သွားပြီး စာရင်းဝင်မယ်ဆိုတဲ့ သတင်းထွက်လာခဲ့တယ်။ လက်တွေ့ပြောရရင် ဒီလုပ်ငန်းနှစ်ခုရဲ့ ရှယ်ယာတွေက အမေရိကန်မှာ သိပ်မရောင်းရတာလည်း ပါတယ်။ နိုင်ငံရေးအရပြောရရင် ဒီလုပ်ငန်းနှစ်ခုဟာ အမေရိကန်ဈေးကွက်နဲ့ ခပ်ခွာခွာနေချင်လာပြီး အိမ်ပြန်ချင်စိတ် ပေါက်လာပုံရတယ်။ ဟောင်ကောင်စတော့ဒိုင်ရဲ့အကြီးအကဲပြောတဲ့စကားနဲ့ဆို ‘ဘယ်လောက် အဝေးကြီးသွားနေနေ၊ နောက်ဆုံးတစ်နေ့မှာတော့ အိမ်ပြန်လာရတာပဲ’ တဲ့။
ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေ အားလုံးအမေရိကန်က ပြန်လာကြတော့မယ်လို့ မဆိုနိုင်သေးပါဘူး။ နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုန်သွယ်ရေးရင်နှီးမြှုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတောင်မှ ထိခိုက်မှုရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ မနှစ်ကဆိုရင် တရုတ်ကုမ္ပဏီ ၂၀ ကျော် အမေရိကန်စတော့ဒိုင်တွေဆီဝင်ခဲ့တာဟာ ရှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ပြီး ဒီနှစ်ဆိုရင်လည်း တစ်ဒါဇင်လောက်ဝင်ရောက်ခဲ့ကြပါသေးတယ်။
ဟောင်ကောင်စတော့ဒိုင်က စည်းမျဉ်းစည်းကမ်းတွေဟာ အမေရိကန်တွေနဲ့ နီးစပ်လာပြီး လုပ်ငန်းစတင်တည်ထောင်သူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ရှယ်ယာတွေနဲ့ ထူးခြားတဲ့မဲပေးခွင့်တွေ ရရှိစေပါတယ်။ ဒီလိုအားသာချက်တွေရှိနေလို့လည်း အမေရိကန်စတော့ဒိုင်တွေကို ‘ရွှေ စံချိန်’ လိုသဘောထားပြီး သဘောကျလာကြတာဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီတွေ အမေရိကန်ကိုလာပြီး ရင်းနှီးမြှုပ်နှံကြတော့ အမေရိကန်အတွက်ကလည်း အကျိုးရှိပါတယ်။ အင်အားတောင့်တဲ့ တရုတ်ကုမ္ပဏီတွေ ရှိနေလေတော့ အမေရိကန်စတော့ရှယ်ယာဈေးကွက်ကို ကမ္ဘာ့ခေါင်းဆောင်ဈေးကွက်ဖြစ်အောင် အားဖြည့်ပေးလိုက်ရာရောက်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် တရုတ်ကုမ္ပဏီငယ်လေးတွေနဲ့ပတ်သက်တဲ့ မမှန်မကန်လုပ်ရပ်တွေကြောင့်၊ တရုတ်ရှယ်ယာတွေ နာမည်ပျက်ရပြန်တယ်။ အလီဘာဘာလို ကုမ္ပဏီကြီးတွေကျတော့ မူလစဖွင့်တဲ့ဈေးထက် နှစ်ဆလောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေလေတော့ ရင်းနှီးမြှုပ်နှံသူတွေကြီးပွားဖို့နဲ့ အမယ်စုံစုံနယ်ပယ်အမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးတွေလည်း ရစေပါတယ်။
အခုလို တရုတ်ကုမ္ပဏီတွေ ထွက်သွားတာကို အမေရိကန်စတော့ဒိုင်တွေက စိတ်မကောင်းကြပါဘူး။ တရုတ်ကုမ္ပဏီတွေကို ဆက်လက်ပြီး လက်ကမ်းကြိုဆိုနေပါတယ်လို့ပြောတဲ့ စတော့ဒိုင်တွေလည်း ရှိလေရဲ့။ တရုတ်ကုမ္ပဏီတွေဘက်ကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံက ဘဏ္ဍာရေးလုပ်ငန်းတွေအပေါ် မှီခိုအားထားရမှု လျှော့ချချင်တဲ့သဘောကို တွေ့လာကြရပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ဖြစ်လိုက်တဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ အကောက်ခွန်ကနေစလာလိုက်တာ တရားဥပဒေရေး၊ စွန့်စားရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့ငွေပေးချေရေးစနစ်တွေအထိ ရောက်လာပါတယ်။ အမေရိကန် စတော့ဒိုင်တွေမှာ တရုတ်ကုမ္ပဏီတွေဝင်ရတာ ပိုပြီးအန္တရာယ်ကြီးလာပါတယ်။ တကယ်လို့သာ တရုတ်တို့က Apple ကုမ္ပဏီကိုသော်လည်းကောင်း၊ ဘိုးရင်းကုမ္ပဏီကိုသော်လည်းကောင်း သပိတ်မှောက်မယ်ဆိုရင် အမေရိကန်စတော့ဒိုင်တွေက တရုတ်ကုမ္ပဏီတွေနဲ့ရှယ်ယာတွေ အရောင်းအဝယ်လုပ်တာ၊ အရင်းအနှီးရှာဖွေတာကို တားမြစ်ပိတ်ပင်နိုင်ပါတယ်။
တရုတ်ပြည်မကြီးမှာရှိနေတဲ့ အရင်းအနှီးဈေးကွက်ဟာ အမေရိကန်ဘဏ္ဍာရေးဈေးကွက် ဝေါလ်စထရိကို အစားထိုးနိုင်လောက်အောင် ရင့်ကျက်ခြင်းတော့ မရှိပါဘူး။ တရုတ်ရဲ့ ဟောင်ကောင်စတော့ဒိုင်ကလည်း စင်းလုံးချောတော့ မဖြစ်သေးပါဘူး။ တရုတ်က အဲဒီဟောင်ကောင်ဒိုင်ရဲ့ လွတ်လွတ်လပ်လပ်လုပ်ကိုင်နေပုံကို သဘောမကျတဲ့အပြင် တခြားအကြောင်းတရားတွေလည်း ရှိပါသေးတယ်။
ဒါပေမဲ့ ဟောင်ကောင်ဈေးကွက်ဟာ တရုတ်ကမ္ဘာ့ကုမ္ပဏီတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၈ မှာ ဥပဒေအပြောင်းအလဲတွေ လုပ်ခဲ့တယ်။ တရုတ်ပြည်မကြီးကလူတွေ ရှယ်ယာဝယ်နိုင်တယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေက တရုတ်မှာ ဝင်ရောက်မြှုပ်နှံခွင့်ရတယ်။ ဟောင်ကောင်စတော့ဒိုင်မှာ အမေရိကန်စတော့ဒိုင်မှာထက် စာရင်းဝင်ကုမ္ပဏီတွေဆီက ငွေပိုရခဲ့တာ ၃၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ဟောင်ကောင်ထောင်တက်လာတာက အာရှဘဏ္ဍာရေးလောကမှာ အနောက်တိုင်းရဲ့ ဗိုလ်ကျကြီးစိုးမှုကျဆင်းလာတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကတော့ တရုတ်ကုမ္ပဏီတွေဟာ အရေးမပါပါဘူး။ အခုကျတော့ အမေရိကန်ဘဏ္ဍာရေးဈေးကွက်ဟာ ဟိုတုန်းကလောက် အရေးမပါတော့ပါဘူး။ မနှစ်က ရင်းနှီးမြှုပ်နှံမှု အာမခံလုပ်ငန်း ၂၁ ခုမှာ တရုတ်ကုမ္ပဏီက ခုနစ်ခုရှိလာပါပြီ။ တရုတ် ဘဏ်တွေဟာ အာရှဒေသမှာ အကြီးဆုံးသော နယ်စပ်ဖြတ်ကျော် ငွေချေးသူတွေ ဖြစ်လာကြပါတယ်။ ဒေါ်လာနဲ့ ငွေပေးချေတဲ့စနစ်ကို အမေရိကန်တွေက ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် ဒါကလည်း အပြောင်းအလဲဖြစ်နိုင်ပါတယ်။
ဟောင်ကောင်စတော့ဒိုင်မှာ ဝင်လိုက်တော့ အလီဘာဘာဟာ နယူးယောက်မှာသာမက အရင်းအနှီးရှာစရာနေရာတိုးလာပါတယ်။ အလီဘာဘာဟာ မနှစ်က အရောင်းတန်ဖိုး ၅၁ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းတွေ ခွာနေကြပေမယ့် နယူးယောက်ဟာ ဘဏ္ဍာရေးဗဟိုချက်တော့ ဖြစ်နေဦးမှာပါ။ ဒါပေမဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ အလွန်အဆင့်မြင့်ရှုပ်ထွေးတဲ့ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအဆက်အသွယ် အဆက်အဆံတွေ ပြောင်းလဲကြဦးမှာပါ။ ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေကလည်း အရောင်းကွင်းဆက်တွေ ရွှေ့ပြောင်းနေကြတယ်။ လက်လီလုပ်ငန်းတွေက အမေရိကန်ကိုရောင်းမယ့်ပစ္စည်းတွေထဲ တရုတ်လုပ်တဲ့ပစ္စည်းတွေ မပါရအောင် ရွေးချယ်နေကြပြီ။ ဘဏ်တွေက အမေရိကန်ပိတ်ဆို့မှုနဲ့ ကြုံရနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အဆက်အသွယ်စဖြတ်နေကြပြီ။ အလီဘာဘာတို့လို အောင်မြင်တဲ့လုပ်ငန်းတွေတောင်မှ အပြောင်းအလဲတွေ လုပ်လာကြပြီ။ ၂၀၁၄ မှာတုန်းက နယူးယောက်စတော့ဒိုင်မှာ ဂျက်မား ခေါင်းလောင်းသွားတီးခဲ့တဲ့ အချိန်မျိုးမဟုတ်တော့ဘူး။ (၁၉၉၆ ခုနှစ်က အမေရိကန်ဘဏ္ဍာရေးဈေးကွက်ကိုလေ့လာဖို့ ပထမဆုံးရောက်ဖူးခဲ့ပြီ။ ၂၀၀၈ နဲ့ ၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ချိန်ကလည်းတွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို သတိရမိပါသေး။)
ညွှန်း – The Economist
ခင်မောင်ညို(ဘောဂဗေဒ)