သုတေသနစာတမ်း Publication Policy နှင့် ကျွန်တော့်အမြင်

လွန်ခဲ့တဲ့တစ်လောလေးက မြန်မာပညာရေးတက္ကသိုလ်များ (အထူးသဖြင့် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ) လောက၌ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခု ရှိခဲ့ပါတယ်။ ထိုအရာကတော့ အဆိုပါတက္ကသိုလ်များတွင် တွဲဖက်ပါမောက္ခများနှင့် ပါမောက္ခရာထူး အဆင့်ရှိသူများကို ၎င်းတို့ပုံနှိပ်ထုတ်ဝေပြီးသည့် သုတေသနစာတမ်းအရေအတွက် အနည်းအများပေါ် မူတည်ပြီး နံပါတ်စဉ်အလိုက် နာမည်စာရင်းထုတ်ပြန်ချက်တစ်ရပ်ဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်ချက်ကြောင့် အချို့ပညာရှင်များက အံ့ဩမှင်တက်မိကြပါတယ်။ အချို့ကမကျေနပ်ချက်များစွာကို အချင်းချင်း ထုတ်ဖော်ခဲ့ကြပါတယ်။ အချို့က စာတမ်းများရေးသားနိုင်ဖို့ အားခဲလာကြပါတယ်။ အချို့က ပိုမိုစိတ်အားတက်ကြွကြသလို အချို့ကလည်း မျှော်လင့်ချက်မဲ့မှုနှင့် အားအင်နွမ်းလျမှုများစွာဖြင့်။

နံပါတ်စဉ်စီထားတဲ့ ပညာရှင်များ၏ ပုံနှိပ်ထုတ်ဝေပြီးသည့် သုတေသနစာတမ်းများတွင် ပြည်တွင်းနှင့်ပြည်ပကွန်ဖရင့်စာတမ်းများ၊ သာမန် Peer-review စာတမ်းများ၊ Scopus Indexed ဂျာနယ်များတွင် ပုံနှိပ်ထုတ်ဝေပြီးသည့် စာတမ်းများ၊ Scopus နှင့် Web of Science Indexed ဂျာနယ်များတွင် ပုံနှိပ်ထုတ်ဝေပြီးသည့် စာတမ်းများ စသဖြင့် စာတမ်းနယ်ပယ်မျိုးစုံ ရောပြွန်းပါဝင်ကြတာကို တွေ့ရပါတယ်။ အချို့ပညာရှင်များက ပြည်တွင်း Conference Paper များသာရှိကြ၍ အချို့က ပြည်တွင်း ပြည်ပ Conference Paper နှစ်မျိုးလုံး ရှိကြပါတယ်။ အချို့က သာမန် Peer- reviewed အဆင့်ရှိ Paper များ ပိုင်ဆိုင်ထားကြသလို၊ အချို့က အထက်မှာ ဖော်ပြပြီးသည့် Paper များအပြင် Scopus နှင့် Web of Science Indexed အဆင့်ရှိဂျာနယ် Paper များသာမက Scopus နှင့် Web of Science Indexed အဆင့်လည်းရှိ၊ Impact Factor မြင့်မားသည့် ဂျာနယ်များတွင်ပါ ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ကြတာကို တွေ့ရနိုင်ပါတယ်။

ရိုးသားစွာခံဝန်ချက်

ဤဆောင်းပါးကို ပညာရှင်တစ်ဦးအနေနှင့် ရေးသားခြင်းမဟုတ်ဘဲ ပညာသင်သားတစ်ဦးအနေနဲ့သာ ကြုံတွေ့ခဲ့ဖူးသည့် အတွေ့အကြုံများအပေါ်အခြေခံပြီး မိမိအမြင်ကို ရေးသားခြင်းဖြစ်ပါတယ်။ ထို့အတူ ကျွန်တော့်ပညာရပ်နယ်ပယ်သည် Engineering နယ်ပယ်ဖြစ်သောကြောင့် လက်ရှိပညာရပ်နယ်ပယ်၏ အမြင့်ဆုံးဂျာနယ်များအဆင့်သည် Scopus <<https://www.scopus. com>> eSifh <<Web of Science https://www.webofknowledge. com>> Indexed အဆင့်ရှိ ဂျာနယ်များသာဖြစ်ပါသဖြင့် Scopus နှင့် Web of Science ကိုသာ အမြင့်ဆုံးအရာထား ၍ ရေးသားလိုပါတယ်။ ထို့အတူ အခြားပညာရပ်နယ်ပယ်များဖြစ်သည့် ဆေးပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ ဘာသာစကား စသည့် ပညာရပ်များတွင်လည်း ပညာရေး စာတမ်းဆိုင်ရာ အဆင့်သတ်မှတ်ချက်များအသီးသီး ကိုယ်စီရှိကြမည်ဟု ခန့်မှန်းမိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပညာရပ်ဆိုင်ရာ စာတမ်းအဆင့် သတ်မှတ်ချက်များသည် အနီးစပ်ဆုံး အလားတူဆင်တူရှိနေမည်ဟု ယုံကြည်မိပါတယ်။

အရည်အသွေးသို့ ဦးတည်သည့် ပထမဆုံးခြေလှမ်း

ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ် ဆိုင်ရာစာတမ်း အနည်းအများအပေါ် မူတည်ပြီး ပညာရှင်များကို နံပါတ်စဉ်များ အတိုင်းစီထားသည်ကို စတင်တွေ့ရသဖြင့် နောင်အခါတွင် မြန်မာပညာရေးလောကသည် အရည်အသွေးမြင့်မားရေး ဦးတည်ချက်သို့ ဦးတည်နေသည့် ပထမဆုံးသော ခြေလှမ်းဟု မြင်မိပါတယ်။ သို့ရာတွင် ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ်ဆိုင်ရာ စာတမ်းအနည်းအများ၊ First Author နှင့် Co-author လုပ်ထားသည့် စာတမ်းအနည်းအများပေါ် မူတည်ပြီး ယေဘူယျအစီအစဉ်ထားသည်မှာလည်း ပထမဆုံးအဆင့် အကြမ်းဖျင်းလျာထားချက်ဟုသာ မြင်မိပါတယ်။ အကြောင်းမှာ နောင်လာမည့် မျိုးဆက်သစ်ပညာရှင်များအတွက် သက်ဆိုင်ရာဘွဲ့၊ ရာထူးတိုးနိုင်မှု အလားအလာ မူသဘောများအရ စံနှုန်းများအနေဖြင့် သတ်မှတ်လျာထားချက်များလည်း ဖြစ်လာမည်လို့ ယူဆနိုင်ပါတယ်။ ထို့ထက်ပို၍ဖြစ်စေလိုသည်မှာ ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ်စာတမ်းများ၏ အရည်အသွေးအပေါ်မူတည်ပြီး သတ်မှတ်နိုင်ပါမူ ပို၍ပင် ကောင်းနိုင်မည်လို့ မြင်မိပါတယ်။

ပညာရပ်စာတမ်းတစ်စောင် အရည်အသွေးကိုဆောင်နိုင်ဖို့

နိုင်ငံတကာတွင် အချို့ Professional အဆင့်ပညာရှင်များသည် Conference Paper အနည်းစုမှအပ ၎င်းတို့၏ ပညာရပ်စာတမ်းများကို Scopus & Web of Science Indexed Journals ကဲ့သို့ အဆင့်မြင့်ဂျာနယ်များတွင်သာ ပုံနှိပ်ထုတ် ဝေလေ့ရှိကြပြီး ပညာရပ်စာတမ်းတစ်စောင် ပုံနှိပ်ထုတ်ဝေနိုင်ဖို့ အနည်းဆုံး ခြောက်လမှသည် တစ်နှစ်၊ တစ်နှစ်ခွဲ၊ ၂ နှစ် စသဖြင့် ဂျာနယ်၏ အရည်အသွေးအပေါ် မူတည်ပြီး အချိန်ကြာမြင့်နိုင်ပါတယ်။ အဆိုပါအချိန်များသည် သုတေသနပြုလုပ်ချိန်၊ သုတေသနစာတမ်းရေးသားချိန်များ မပါဝင်သေးချေ။ ပညာရပ်စာမူကို ဂျာနယ်တိုက်သို့ပေးပို့သည့် အချိန်နှင့် ဂျာနယ်တိုက်မှ Peer-review အဆင့်၊ ထို့မှ Acceptance အဆင့်၊ ထို့နောက်မှ Proofread နှင့် Publication အဆင့် စသဖြင့် အဆင့်ဆင့်သော လုပ်ဆောင်မှုများအတွက် လုပ်ဆောင်နေသည့်အချိန်အတိုင်းအတာတစ်ခုသာ ဖြစ်ပါတယ်။ အဆိုပါအနေအထားအရ အဆင့်မြင့်ဂျာနယ်များတွင် ပညာရပ်ဆိုင်ရာ ပညာရပ် စာတမ်းတစ်စောင်ရရှိနိုင်ရန် အနည်းဆုံး တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါမူ ဖော်ပြပါ Link များမှတစ်ဆင့် << https:// journalfinder.elsevier.com/>> << https://journalsuggester.springer.com/>> သက်ဆိုင်ရာဂျာနယ်များ၏ Review Speedukd ကို လိုအပ်သည့် အချက်အလက်များထည့်ဝင်ပြီး လေ့လာနိုင်ပါတယ်။

အရေအတွက်သည် အရည်အသွေးကို ညွှန်းဆိုနိုင်ပါသလား

အရည်အသွေးပြည့်ဝသည့် ပညာရပ်စာတမ်းတစ်စောင် ရရှိနိုင်ရေးသည် အချိန်များစွာယူရခြင်း၊ အရည်အသွေးပြည့်ဝသည့် သုတေသနဖြစ်ဖို့လိုခြင်း စသည့်အချက်များဖြင့် ဝန်းရံနေပါတယ်။ ထို့ကြောင့် အကြမ်းဖျင်းအားဖြင့် ပညာရပ် စာတမ်းအရေအတွက် အနည်းအများအပေါ်မူတည်ပြီး ပညာရှင်များကို နံပါတ်စဉ်အတိုင်း စီထားခြင်းမှာ အရေအတွက်ကိုသာ ညွှန်းဆိုနိုင်ပြီး၊ အရည်အသွေးကို မညွှန်းဆိုနိုင်သေးကြောင်း အောက်ဖော်ပြပါ သုံးသပ်ချက်များနှင့် အတူ ထပ်ဆင့်ဆိုချင်ပါတယ်။

သုံးသပ်ချက်များ၏ ပထမဆုံးအချက်အနေဖြင့် မြန်မာနိုင်ငံမှ အချို့သော ပညာရှင်ဆရာကြီး ဆရာမကြီးများသည် အဆင့်မြင့်ဂျာနယ်များတွင် ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ်စာတမ်းကောင်းများရရှိ ပြီးသူများ ဖြစ်ကြပါတယ်။ သို့ရာတွင် ပညာရှင်ဆရာကြီး ဆရာမကြီးများမှ ထုတ်ဝေပြီး ပညာရပ်စာတမ်းများသည် အရေအတွက်အရ နည်းပါးနေခြင်းကြောင့် နံပါတ်စဉ်တွင် အလယ်အလတ်နှင့် အောက်ဆုံးနီးပါးအဆင့်သို့ ရောက်ရှိနေကြပြီး၊ အချို့သော တက်သစ်စပညာရှင်များ၊ Ph.D ပြီးခါစ ဆရာများအနေဖြင့် ပြည်တွင်းပြည်ပ ကွန်ဖရင့် Paper များစွာ၊ သာမန် Peer-reviewed စာတမ်းများစွာ၊ Scopus နှင့် Web of Science စာတမ်းအနည်းငယ်ဖြင့်ပင်လျှင် နံပါတ်စဉ်တွင် ထိပ်ဆုံးအဆင့်နေရာများတွင် ရယူပိုင်ဆိုင်နေတာကို တွေ့ရသောကြောင့် ဖြစ်ပါတယ်။

အလားတူ နောက်ထပ်သုံးသပ်ချက်တစ်ရပ်မှာ ပညာရပ်စာတမ်းရရှိမှု အနည်းအများအပေါ်မူတည်ပြီး နံပါတ်စဉ်စီခြင်းသည် အရေအတွက်ကိုသာ ညွှန်းဆိုပြီး အရည်အသွေးကို မညွှန်းဆိုနိုင်သေးကြောင်း ဥပမာတစ်ခုဖြင့် ထပ်ဆင့်တင်ပြ လိုပါတယ်။ ဥပမာအားဖြင့်- အိန္ဒိယရှိ အချို့ပါမောက္ခပညာရှင်များသည် ၎င်းတို့ ပညာရှင်သက်တမ်းတစ်လျှောက် ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ်စာတမ်းပေါင်း ရာချီ၊ ထောင်ချီမက များနေချိန်တွင် ဥရောပရှိ အချို့ပါမောက္ခအဆင့် ပညာရှင်များ၏ ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ်စာတမ်းများသည် ရာဂဏန်းအောက်ပင် ရှိနေတာကို ကျွန်တော်မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။ အသေးစိတ်ထပ်ဆင့် လေ့လာကြည့်သည့်အခါ အိန္ဒိယရှိ အချို့သော ပါမောက္ခပညာရှင်များရေးသည့် ပညာရပ်စာတမ်းများ၊ ပေးပို့သည့် ဂျာနယ်များသည် ပညာရပ်စာတမ်းများကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့ အင်မတန်မှ လွယ်ကူပြီး ရက်ပိုင်းအတွင်း ပုံနှိပ်ထုတ်ဝေခွင့်ရကြပါတယ်။ အချို့ရေးသားပြီးခဲ့သည့် စာတမ်းများသည် အရည်အသွေးအားဖြင့် သာမန်အဆင့် တစ်ခါတရံ သာမန်ထက်ပင် နိမ့်ကျနေသော်လည်း ဂျာနယ်တိုက်သို့ သတ်မှတ်ထားသည့် ပုံနှိပ်ထုတ်ဝေခ အခကြေးငွေ ပေးသွင်းပြီးသည်နှင့် တစ်ပြိုင်နက် ပုံနှိပ်ထုတ်ဝေခွင့်ရသည့် စာတမ်းများဖြစ်ကြပါတယ်။ အဆိုပါဂျာနယ်များမှာလည်း Peer-reviewed အဆင့်ရှိသည့် ဂျာနယ်များအဖြစ် မသိနားမလည်သည့် ပညာရှင်လောင်း လူငယ်လေးများကို ပုံစံအမျိုးမျိုး၊ ဆွဲဆောင်မှုအထွေထွေဖြင့် အသံကုန်ဟစ်ကာ ကြော်ငြာတတ်ကြသော်လည်း စာတမ်းများကို ယနေ့ပေးပို့၊ Peer-review ကို စနစ်တကျမလုပ်ဘဲ နောက်တစ်နေ့မှာ Accept အဖြစ်၊ ထို့နောက် ပုံနှိပ်ထုတ်ဝေခွင့်ကြေး ဒေါ်လာ ၅၀ မှ ဒေါ်လာ ၁၀၀ လောက် ပေးသွင်းပြီးတာနဲ့ ပုံနှိပ်ထုတ်ဝေသည့် လုပ်စားဂျာနယ်များ သာဖြစ်ကြကြောင်း တွေ့ရပါတယ်။

ထို့ကြောင့် အဆိုပါ အိန္ဒိယရှိ အချို့သော ပါမောက္ခပညာရှင်များမှ တစ်နှစ်လျှင် စာတမ်းပေါင်း ၂၀၊ ၃၀ ခန့်အထိ ဘုံးဘောလအော ပုံနှိပ်ထုတ်ဝေနေစဉ် ဥရောပရှိပညာရှင်များမှာမူ တစ်နှစ်လျှင် အရည်အသွေးရှိရှိ အဆင့်မြင့်မြင့်ပညာရပ် စာတမ်းတစ်စောင်၊ နှစ်စောင်လောက်ကိုသာ ပညာရပ်ဆိုင်ရာနယ်ပယ်အတွက်လည်း အကျိုးရှိ၊ ယနေ့လူသားများအတွက် အကျိုးရှိရှိဖြင့် ပုံနှိပ်ထုတ်ဝေနေကြပါတယ်။ ထိုအချက်များကြောင့် စာတမ်းအရေအတွက်အနည်းအများအပေါ်မူတည်ပြီး ယနေ့ပညာရှင်များကို နံပါတ်စဉ်စီထားခြင်းသည် အရေအတွက်အရသာ မှန်ကန်နိုင်ပြီး အရည်အသွေးပိုင်းကို ထောက်ချင့်နိုင်သည့် အနေအထား မဟုတ်သေးပါကြောင်းနှင့် လက်ရှိပညာရေး၏ ပထမဆုံး ခြေလှမ်းဖြစ်ခြင်းကြောင့်လည်း နောက် တစ်ဆင့်လှမ်းရန် အားယူပြင်ဆင်နေဆဲဟုသာ မြင်မိပါတယ်။

ထို့အတူ နံပါတ်စဉ်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ပညာရှင်များအနေနှင့်လည်း မိမိသည် အများတကာထက် အမြင့်ဆုံးနေရာများတွင် တည်ရှိနေသည်၊ ပုံနှိပ်ထုတ်ဝေပြီးသည့် စာတမ်းအများဆုံးဖြစ်သည်ဆိုသည်ထက် အရည်အသွေးအဆင့်မြင့်သည့် သုတေသနစာတမ်းများ ထုတ်ဝေနိုင်ရေးသာ ဦးတည်နိုင်ဖို့ အကြံပြုလိုပါတယ်။ အလားတူစွာ တစ်ချိန်တည်းမှာပင် ပညာရှင်နံပါတ်စဉ်၌ အလယ်အလတ်ဖြစ်သော်လည်း အရည်အသွေးမြင့်မားသည့် သုတေသနစာတမ်းပိုင်ရှင် အဆင့်မြင့်ပညာရှင် ဆရာကြီး၊ ဆရာမကြီးများ များစွာရှိနေသည်ကိုလည်း နှလုံးမူရပါမယ်။

ရှေ့သို့ လှမ်းမျှော် ….

သို့ဖြစ်၍ ပညာရှင်များအား ၎င်းတို့၏ ပုံနှိပ်ထုတ်ဝေပြီးသည့် ပညာရပ်စာတမ်းများအပေါ်မူတည်ပြီး နံပါတ်စဉ် စီထားခြင်းသည် မြန်မာပညာရေးလောကအတွက် ရှေးဦးပဏာမခြေလှမ်းတစ်လှမ်းဟုသာမြင်ပြီး ထိုမှတစ်ဆင့် ပြည်တွင်း ကွန်ဖရင့်အဆင့်စာတမ်းများ၊ ပြည်ပကွန်ဖရင့်အဆင့်စာတမ်းများ၊ Peer-review အဆင့်ရှိသော်လည်း Impact Factor နှင့် Scopus၊ Web of Science အဆင့်မဝင်သည့် စာတမ်းများ၊ Peer-review အဆင့်လည်းရှိ၊ Impact Factor လည်းပါ၊ Scopus နှင့် Web of Science အဆင့်လည်းရှိ စာတမ်းများ စသဖြင့် နောက်တစ်ဆင့် အသေးစိတ်ထပ်မံခွဲခြားစာရင်းပြုစုပြီး ပညာရှင်များကို နံပါတ်စဉ် စီထားပေးနိုင်မည်ဆိုပါက ပညာရှင်များ၏ အခန်းကဏ္ဍသည်ဟု ဆထက်ထမ်းပိုး ပိုမိုလင်းလက်လာနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ မြန်မာ့ပညာရေးသည်လည်း အရည်အသွေးမြင့်မားသည့် ပညာရေးသို့ ပိုမိုဦးတည်တိုးမြင့်လာနိုင်ပေမည်ဟု မျှော်လင့်ယုံကြည်လျက် …

မော်ထွန်း (ပညာရေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *