လစ်ဘရယ် နေရှင်နယ်လစ်ဇင်

ဇာတ်၏ အစ

၁၇ ရာစုတွင်တွင် မြင့်မြတ်သော ရောမအင်ပါယာ ပြိုကျသွားသည်။ ထွက်ပေါ်လာသော နိုင်ငံများကြား ‘အနှစ်သုံးဆယ် စစ်ပွဲ’ ဖြစ်ပွားခဲ့သည်။ ၁၆၄၈ ခုနှစ် ‘ဝက်စဖေးလီးယားစာချုပ်’ ပေါ်ထွက်လာတော့မှ စစ်ပွဲကို ရပ်နိုင်ခဲ့သည်။ ဤစာချုပ်ကပင် ခေတ်သစ် အမျိုးသားနိုင်ငံများနှင့် ခေတ်သစ် ‘ကမ္ဘာ့စနစ်’ (World Order) ကို မွေးထုတ်ပေးလိုက်သည်။ အမျိုးသားနိုင်ငံများကို အခြေခံယူနစ်အဖြစ် သဘောယူကြသော ကမ္ဘာ့စနစ်နှင့် အမျိုးသားနိုင်ငံများ၏ လက္ခဏာသုံးရပ်တို့ဖြစ်သည်။ ‘အချုပ်အခြာအာဏာ’ (Sovereignty)၊ ‘ပြည်တွင်းရေးမစွက်ဖက်ရေး’ (Non-intervention) နှင့် ‘အင်အား ချိန်ခွင်လျှာအယူအဆ’ (Balance of Power) တို့ဖြစ်သည်။

၁၈ ရာစုတွင် ‘တရားမျှတရေး၊ တန်းတူရေး၊ ညီရင်းအစ်ကိုပမာ ချစ်ကြည်ရေး’ ဆိုသော ကြွေးကြော်သံများဖြင့် တော်လှန်ရေးနှစ်ရပ် ပေါ်ထွက်လာသည်။ အမေရိကန်တော်လှန်ရေးနှင့် ပြင်သစ်တော်လှန်ရေးတို့ဖြစ်ပါသည်။ ဤတော်လှန်ရေးကြီးနှစ်ခုကပင် တတိယမြောက် ဂျော့ဘုရင်ကို အမေရိကန်ကိုလိုနီ ၁၃ ခု လက်လွှတ်စေခဲ့ပြီး ပြင်သစ်မှ လူဝီ ၁၆ ကို ခေါင်းတစ်လုံး ဆုံးရှုံးစေလိုက်သည်။ လစ်ဘရယ် ဒီမိုကရေစီ၏ အခြေခံမူများကိုလည်း မွေးထုတ်ပေးလိုက်သည်။ ဆိုခဲ့ပါ အခြင်းအရာနှစ်ရပ် (၁၇ ရာစု အမျိုးသားနိုင်ငံများ ပေါ်ထွန်းခြင်းနှင့် ၁၈ ရာစု လစ်ဘရယ်ဒီမိုကရေစီ သန္ဓေတည်လာခြင်း) ကို ဆက်စပ်ပြီး ‘၁၉ ရာစု အမျိုးသားရေးဝါဒမှာ လစ်ဘရယ်သဘောဆောင်သည်’ ဟု မှတ်ချက်ပြုလာကြသည်။ ‘လစ်ဘရယ်အမျိုးသားရေးဝါဒ’ (Liberal Nationalism) ဟု ဆိုပါသည်။

လစ်ဘရယ်ဒီမိုကရေစီမှာ ‘တစ်ဦးချင်းလွတ်လပ်မှု’ (Individual Liberty) ကိုအခြေခံပြီး အမျိုးသားရေးဝါဒမှာ ‘အစုအဝေးလွတ်လပ်မှု’ (Collective Liberty) သို့မဟုတ် ‘မျိုးတူစု ဒီမိုကရေစီ’ (Tribal Democracy) ဖြစ်သည်ဟု ရှင်းပြသည်။ အမေရိကန်ပြည်တွင်းစစ်ကိုပင် ‘အပြိုင်ဖြစ်နေသော အယူအဆ နှစ်ရပ်ကြား တိုက်ပွဲ’ ဟု အဓိပ္ပာယ်ဖွင့်လာကြသည်။ မြောက်ပိုင်းက လစ်ဘရယ်အမျိုးသားရေးဝါဒကို ကိုယ်စားပြု၍ တောင်ပိုင်းက ‘သဘောထားမကြီးသော အမျိုးသားရေးဝါဒ’ (Illiberal Nationalism) ကို ကိုယ်စားပြုသည်ဟု ဆိုသည်။

အထိန်း အထေ

မည်သို့ပင်ဆိုစေ ၁၉ ရာစုလောက်မှစ၍ ဆိုခဲ့ပါအယူအဆနှစ်ရပ် (အမျိုးသားရေးဝါဒနှင့် လစ်ဘရယ်ဒီမိုကရေစီ) ကို ဆက်စပ်စဉ်းစားလာကြသည်မှာကား အမှန်ပင်ဖြစ်သည်။ ပို၍ တိတိကျကျဆိုရလျှင် ‘အထိန်းအထေ’ (Check and Balance) အဖြစ် ကြည့်မြင်လာကြသည်။ အမျိုးသားရေးဝါဒ၏ ကြမ်းရှသောအစွန်းများကို လစ်ဘရယ်ဒီမိုကရေစီနှင့်ထိန်း၍ လစ်ဘရယ်ဒီမိုကရေစီ၏ လက်တွေ့မကျသော စိတ်ကူးယဉ်မှုများကို အမျိုးသားရေးဝါဒဖြင့် ပြန်ထိန်းကြရသည့် သဘောဟု ဆိုပါသည်။

ယနေ့ မြန်မာ့နိုင်ငံရေးတွင်ကား အဆိုပါ ‘အထိန်းအထေ’ သဘောမျိုး ပျောက်နေသည်ဟုထင်သည်။ အမျိုးသားရေးအကြောင်းပြောလျှင် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဟု ယူဆကြပြီး လစ်ဘရယ်ဒီမိုကရေစီအကြောင်းပြောလျှင် အမျိုးသားရေးကို ငြင်းပယ်သူအဖြစ် ကြည့်မြင်လာကြသည်။ ‘ဒွိစုံ ထင်ယောင်ထင်မှားမှု’ (Binary Illusion) လက္ခဏာတစ်ရပ် ဖြစ်ပါလိမ့်မည်။ ပို၍အရေးကြီးသည်မှာ ဆိုခဲ့ပါ အငြင်းပွားမှုများမှာ ၂၀၂၀ ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည်ကို သတိပြုကြဖို့ လိုပါလိမ့်မည်။

အမျိုးသားရေးဝါဒနှင့် လစ်ဘရယ်ဒီမိုကရေစီတို့၏ ဆိုခဲ့ပြီးသော ‘အထိန်း – အထေ ချိန်ခွင်လျှာ’ မပျက်ဖို့မှာ အထူးအရေးကြီးလိမ့်မည် ထင်သည်။ အမျိုးသားရေးဝါဒ၏ ကြမ်းရှသောအစွန်းများကို လစ်ဘရယ်ဒီမိုကရေစီနှင့် မထိန်းနိုင်ရာမှ ကြုံခဲ့ရသော ဖက်ဆစ်စနစ်နှင့် နာဇီဝါဒတို့ကို ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်း ကျကျနန ကြုံခဲ့ရပြီး၊ လှလှပပခံခဲ့ရပြီးဖြစ်သည်။ အလားတူ လစ်ဘရယ်ဒီမိုကရေစီ၏ လက်တွေ့မကျသော စိတ်ကူးယဉ်မှုများကို အမျိုးသားရေးဝါဒဖြင့် ပြန်ထိန်းခဲ့ရသည့် အဖြစ်သနစ်များကိုလည်း စစ်အေးလွန်ခေတ် ကမ္ဘာ့ရှုခင်းတွင် အထင်အရှားတွေ့နိုင်ပါသည်။ ယခု ဤအကြောင်းများကို ဆက်ပါမည်။

စစ်ပြိုင် ဒရမ်မာ

စစ်အေးတိုက်ပွဲကို အပြိုင်ဖြစ်နေသော ‘ကမ္ဘာ့စနစ်နှစ်ရပ်၏ ဇာတ်လမ်း’ (A tale of two order) ဟု ဆိုနိုင်ပါလိမ့်မည်။

‘စစ်အေးတိုက်ပွဲကို အခြေခံသော ကမ္ဘာ့စနစ်’ (Cold War Order) နှင့် အမေရိကန်ဦးဆောင်သော ‘လစ်ဘရယ် ကမ္ဘာ့စနစ်’ (Liberal Order) တို့ဖြစ်သည်။ စစ်အေးလွန်ခေတ်သို့ ရောက်သောအခါ ‘လစ်ဘရယ် ကမ္ဘာ့စနစ်’ သာ ထီးထီးကြီး ကျန်ရစ်တော့သည်။ ဤနောက်ခံအခင်းအကျင်းမှာပင် ဖရန်စစ် ဖူကူယားမား၏ ‘သမိုင်း နိဂုံး’ အယူအဆ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအယူအဆက လူသားထု၏ နောက်ဆုံးရွေးချယ်ရာမှာ ‘လစ်ဘရယ် ဒီမိုကရေစီ’ ဖြစ်လာပြီဟု ဟောသည်။

အမှန်စင်စစ် ဆိုခဲ့ပါ အနေအထားမှာ ယာယီမျှသာဖြစ်သည်ဟု ထိုစဉ်ကတည်းက ဟင်နရီကစ်ဆင်းဂျားကဲ့သို့ ပညာရှင်များက ထောက်ပြခဲ့ကြပြီးဖြစ်သည်။ ဤအခိုက်မှာပင် အီရတ်က ကူဝိတ်ကို ဝင်တိုက်သော ပထမပင်လယ်ကွေ့စစ်ပွဲဖြစ်လာသည်။ ဤတွင် အမေရိကန်ဦးဆောင်ပြီး ကုလသမဂ္ဂအလံလွှင့်ကာ အီရတ်ကို ဝင်တိုက်ခဲ့ကြသည်။ ဤတိုက်ပွဲကို တရုတ်၊ ရုရှား စသော အာရှနိုင်ငံများသာမက အာရပ်နိုင်ငံများကပါ ထောက်ခံသည်။ ဤအချက်ကိုကြည့်ပြီး ကမ္ဘာကြီးမှာ အိုင်ဒီအိုလိုဂျီ အကွဲအပြဲတွေမရှိတော့၊ တစ်သွေး တစ်သားတည်း ဖြစ်လာပြီ၊ ‘ကမ္ဘာ့စနစ်သစ်’ (New World Order) ကြီး ပေါ်လာပြီ … စသဖြင့် ဝမ်းသာအားရ အော်ဟစ်လာကြသည်။ လက်တွေ့တွင်ကား သူတို့ပြောသလို မဖြစ်။ ‘ကမ္ဘာ့စနစ်မဲ့မှုအသစ်’ (New World Disorder) နှင့်သာ ရင်ဆိုင်လာရသည်။ ကိုဆိုဗိုပြဿနာဖြစ်သောအခါ ကုလသဂ္ဂအလံ မလွှင့်နိုင်တော့။ US နှင့် EU သာ ဝင်တိုက်နိုင်တော့သည်။ ဒုတိယပင်လယ်ကွေ့စစ်ပွဲ ဖြစ်သောအခါ EU ပင်မပါတော့။ US နှင့် အင်္ဂလန်သာ ဝင်တိုက်နိုင်တော့သည်။

ဤကာလအတွင်းမှာပင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ပြောင်းလဲဖို့ ကြိုးစားကြသည်များ ပေါ်လာသည်။ ‘ ‘နိုင်ငံ’ ကို အခြေခံ ယူနစ်ထားရာမှ ‘လူ’ ကို အခြေခံယူနစ်ထားဖို့’ အနောက်နိုင်ငံများ ဦးစီးပြီး ကြိုးပမ်းလာကြခြင်းဖြစ်သည်။ သို့တိုင် နိုင်ငံအများစု လက်မခံ၍ အပြည့်အဝအောင်မြင်ခဲ့သည်တော့ မဟုတ်ပါ။ အချုပ်အခြာအာဏာနှင့် ပတ်သက်သော အခြေခံအချို့ကို ထိပါးနိုင်ရုံမျှသာ ရှိခဲ့ပါသည်။

‘လူသားချင်းစာနာမှုနှင့် ယှဉ်သော ကြားဝင်စွက်ဖက်မှု’ (HI)၊ ‘ကာကွယ်ပိုင်ခွင့်’ (R2P) နှင့် ‘နိုင်ငံတကာရာဇာဝတ်ခုံရုံး’ (ICC) တို့ဖြစ်ပါသည်။ ဤအချက်များက ဘာကိုဖော်ပြနေသနည်းဆိုလျှင် ကမ္ဘာကြီးမှာ ဝင်ရိုးတစ်ခုတည်းအပေါ်တွင် လည်ပတ်နေသည်မဟုတ်။ စီးပွားရေးအရ ‘ဂလိုဘယ်လိုက်ဇေးရှင်း’ သို့ ဦးတည်ဖြစ်ပေါ်နေသော်လည်း နိုင်ငံရေးအရမူ ‘အမျိုးသားရေးဝါဒ’ ဘောင်ထဲမှ မထွက်နိုင်ဖြစ်နေဆဲရှိသည်။ တစ်နည်းဆိုရလျှင် စင်ပြိုင်ဒရမ်မာကြီးနှစ်ရပ် အပြိုင်ရှိနေဆဲဟု ဆိုရမည်သာဖြစ်ပါသည်။

အများကြိုက် ပေါ်ပြူလာဝါဒ

ဆိုခဲ့ပါအတိုင်း လစ်ဘရယ်ဒီမိုကရေစီ၏ အောင်ပွဲကို ပိုတွက်ရာမှ ဖြစ်နိုင်ခြေ အလှမ်းဝေးသေးသော ‘ယူတိုပီယာ’ စိတ်ကူးများကို စိတ်ပျက်လာပြီးသကာလ လစ်ဘရယ်ဝါဒ၏ ‘အောင်မြေ’ ဟု ဆိုနိုင်သော အနောက်နိုင်ငံများမှာပင် ‘အများကြိုက်ပေါ်ပြူလာဝါဒ’ (Populism) များ ရှေ့တန်းရောက်လာပါသည်။ အများကြိုက် ပေါ်ပြူလာဝါဒမှာ မတူသော အုပ်စုကွဲများအလိုက်၊ မတူသော အဓိပ္ပာယ်အသီးသီးရှိနိုင်သော်လည်း ရေဘုယျတူညီချက်တစ်ရပ်တော့ ရှိနေသည်။ လက်ရှိပါဝါ အီလစ်များ၊ ပင်မရေစီးနိုင်ငံရေးနှင့် အခြေခိုင်ပြီး အင်စတီကျူးရှင်းများအပေါ် သံသယဖြင့် ကြည့်မြင်ကြခြင်းဖြစ်ပါသည်။

သမိုင်းသဘောအရပြောရလျှင် အများကြိုက်ပေါ်ပြူလာဝါဒမှာ လက်ဝဲဘက်ရော၊ လက်ယာဘက်တွင်ပါ မူကွဲမျိုးစုံရှိနိုင်ပါသည်။ နိုင်ငံအလိုက်ဆိုလျှင် ဂရိ၏ လက်ရှိအာဏာရလက်ဝဲပါတီရှိသည်။ (လက်ဝဲပေါ်ပြူလာ) ပြင်သစ်၏ လက်ယာ ‘အမျိုးသားတပ်ဦး’ ရှိသည်။ (လက်ယာပေါ်ပြူလာ)။ လူပုဂ္ဂိုလ်အရဆိုလျှင် အမေရိကတွင် လက်ဝဲဘက်မှ ‘ဘာနီဆဲန်ဒါး’၊ လက်ယာဘက်မှ ‘ထရမ့်’ …။ မြန်မာ့နိုင်ငံရေးတွင်မူ လက်ဝဲပေါ်ပြူလာရော၊ လက်ယာပေါ်ပြူလာပါ ရှိနိုင်သည်။

သို့အတွက် အမျိုးသားရေးဝါဒနှင့် လစ်ဘရယ်ဒီမိုကရေစီတို့တွင် ‘အထိန်းနဲ့ အထေ မျှခြေ’ ကို ထိန်းသိမ်းနိုင်ရေးမှာ မြန်မာ့နိုင်ငံရေး၏ အဓိကသော့ချက်ဟု ယူဆရပါသည်။ 

 

ကျော်ဝင်း
၂၃ ဇွန်လ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *