အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် အခြားတစ်ဖက်မှအမြင်များ

ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် သိသာထင်ရှားသည့် အောင်မြင်မှုများရရှိခဲ့သည်။ သို့သော် ဆွေးနွေးပွဲကကြေညာခဲ့သည့် တိုးတက်မှုများမှာ မျှော်မှန်းထားသလောက် မဟုတ်ခဲ့ပါ။

ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု

အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ အာဆီယံနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများပါဝင်သည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောက်ရွက်မှု (Regional Comprehensive Economic Partnership –RCEP) ကို လျင်လျင်မြန်မြန်ရှေ့တိုးလုပ်ဆောင်ရန် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များက သန္နိဋ္ဌာန်ချမှတ်ခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်ပရာ ယွတ်ချန်အိုချာက ယမန်နှစ်အာဆီယံခေါင်းဆောင်များကတိပြုချက်ကို ပြန်လည် ပဲ့တင်ထပ်လျက် RCEP ကို ယခုနှစ်အကုန်တွင် အပြီးသတ်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယင်းမျှော်လင့်ချက်မှာ မဖြစ်နိုင်သည်ကို မျှော်မှန်းနေသည့် အလွန်အကျွံ့မျှော်လင့်ချက်ဖြစ်ဖွယ် ရှိသည်။ ယင်း ရည်မှန်းချက်ဖြစ်ရန် ဆွေးနွေးစရာများစွာ ကျန်နေပါသေးသည်။ အထူးသဖြင့် ဩစတြေးလျ၊ အိန္ဒိယတို့နှင့် ဆွေးနွေးစရာများစွာ ကျန်နေပါသေးသည်။ စင်ကာပူ ဝန်ကြီးချုပ်လီရှန်လွန်း၏ ပြောစကားမှာ ပို၍ နီးစပ်မှုရှိပါသည်။ ၎င်းက အရှေ့တောင်အာရှနိုင်ငံများအနေနှင့် RCEP စီးပွား ရေးပူးပေါင်းမှုနှင့် ပတ်သက်သော ဆွေးနွေးစရာများစွာကို ၂၀၁၉ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားသည်။

RCEP စီးပွားရေးပူးပေါင်းမှုနှင့်ပတ်သက်၍ အဆုံးသတ်လုပ်ဆောင်စရာများကို လုပ်ဆောင်နိုင်ခဲ့ပါက ဒေသတွင်းနိုင်ငံပေါင်းစုံကုန်သွယ်ရေးပေါင်းစည်းရေးအတွက် ကြီးမားသည့်ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်ဟု ဆိုနိုင်ပါလိမ့်မည်။ သို့သော် အမေရိက၏အာရှဒေသကုန်သွယ်ရေးဦးဆောင်မှုအခန်းကဏ္ဍကို စွန့်လွှတ်ခဲ့လျှင်သော်မှ အဆိုပါစီးပွားရေးပူးပေါင်းမှုအတွက်လုပ်ဆောင်စရာများစွာ ဆက်လုပ်ရဦးမည်ဖြစ်သည်။

အင်ဒို-ပစိဖိတ် မျှော်မှန်းချက်

အင်ဒို-ပစိဖိတ်ဒေသမျှော်မှန်းချက်နှင့် ပတ်သက်ပါက စင်ကာပူနှင့် အခြား အာဆီယံအဖွဲ့နိုင်ငံများက သံသယရှိသည့် အသံများထွက်လာခဲ့ပြီးနောက် အာဆီယံနိုင်ငံများအနေနှင့် မျှော်မှန်းချက်ကို ပူးတွဲ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါမျှော်မှန်းချက်ကို စာမျက်နှာငါးမျက်နှာဖြင့် ရေးသား ဖော်ပြထားပြီး အားနည်းချက်များစွာလည်း တွေ့ရသည်။ မျှော်မှန်းချက်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ သိသာထင်ရှားသည့် အသေးစိတ်အချက်များ မပါဝင်ခြင်းပင်။ Diplomat မဂ္ဂဇင်းက အကြီးတန်းအယ်ဒီတာရေးသားချက်အရ ယခုထုတ်ပြန်လိုက်သည့် အင်ဒို-ပစိဖိတ်မျှော်မှန်းချက်မှာ နယ်ပယ်အတော်များများကို လွှမ်းခြုံသည်ဟု ဆိုသည်။ အာရှ-ပစိဖိတ်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာဒေသပေါင်းစည်းရေး၊ ပဋိပက္ခဖြစ်ခြင်းထက် ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပေးရေး ပါဝင်သည့် နိုင်ငံအားလုံးတိုးတက် ကြွယ်ဝချမ်းသာရေး၊ ဒေသတွင်းနယ်မြေဧရိယာအတွင်း ရေကြောင်းဆိုင်ရာလွှမ်းမိုးမှု၏ အရေးပါမှုစသည်တို့ ပါဝင်သည်ဟုဆိုသည်။

အာဆီယံအဖွဲ့က အင်ဒို-ပစိဖိတ်မျှော်မှန်းချက်ကို ထုတ်ပြန်နိုင်လိုက်ခြင်းသည် အနည်းဆုံးအားဖြင့် အာဆီယံအဖွဲ့၌ မျှော်မှန်းချက်အမြင်အချို့ရှိကြောင်းကို ဖော်ပြနိုင်လိုက်ခြင်းဖြစ်သည်။ အမေရိက၊ ဩစတြေးလျ၊ ပြင်သစ်နှင့် ဂျပန်တို့မှာလည်း ဤဒေသနှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်မှန်းချက်ကိုယ်စီကို ထုတ်ဖော်ထားသည်ဖြစ်ရာ အာဆီယံအဖွဲ့ကလည်း ယခု ၎င်းတို့၏ မျှော်မှန်းချက်ကို ထုတ်ပြနိုင်လိုက်ခြင်း ဖြစ်သည်။ ယခုမျှော်မှန်းချက်အရ ဒေသတွင်းပူးပေါင်းမှုနှင့် လုံခြုံရေးကိစ္စများတွင် အာဆီယံအဖွဲ့မှာ ၎င်းတို့၏ မူလယုံကြည်ချက်အတိုင်း အလယ်ဗဟိုနေရာတွင် ရှိရန် ကြိုးပမ်းထားသည်။ သို့သော် အာဆီယံအဖွဲ့၏ ယင်းမျော်မှန်းချက်မှာ စာမျက်နှာငါးမျက်နှာသာပါသည့် ပါးလွှာသည့်စာရွက်ဖြစ်လေရာ ဒေသတွင်းစုစည်းမှုမျိုးကို အာဆီယံအနေနှင့် မည်သို့ပြုလုပ်မည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အမြင်သဘောထား အနည်းငယ်သာပါရှိသည်။ ထို့ပြင်မျှော်မှန်းချက်တွင် ဖြည့်စွက်စရာများနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများ အကြားကွဲပြားမှုများရှိနေပုံရသည်။ယခု ထုတ်ပြန်လိုက်သည့်အင်ဒို-ပစိဖိတ်မျှော်မှန်းချက်မှာ အာဆီယံဒေသညီညွတ်မှုပြန်လည်ထိန်းသိမ်းရေး၊ အင်ဒို-ပစိဖိတ်ဒေသနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံများက ထုတ်ပြန်သည့် မျှော်မှန်းချက်များလောက် အကျိုးသက်ရောက်နိုင်မည့် စာရွက်စာတမ်းဟုဆိုရန် ခက်ခဲပါသည်။ အဆိုပါ ခပ်ပါးပါးစာရွက်စာတမ်းမှာ အာရှဒေသတွင် အာဆီယံကအလယ်ဗဟိုနေရာတွင် ရှိသည်ဆိုသည့်အချက်အတွက် ကြောင်းကျိုးဆီလျော်အောင်ဖော်ပြနိုင်ခြင်း မရှိပါ။ ထို့ပြင်ဒေသတွင်းရှိ အမေရိက၊ တရုတ်ကဲ့သို့သော အင်အားကြီးနိုင်ငံများအကြောင်းကို အနည်းငယ်သာဖော်ပြထားသကဲ့သို့ အရေးပါသည့်ကိစ္စဖြစ်သော တောင်တရုတ်ပင်လယ်အကြောင်းကိုလည်း အနည်းငယ်သာဖော်ပြထားသည်ကို တွေ့ရသည်။

ဘင်္ဂါလီအရေးကိစ္စ (မူရင်း- ရိုဟင်ဂျာ)

ထိပ်သီးဆွေးနွေးပွဲမတိုင်မီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ) များကို မြန်မာအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးရန် မလေးရှားကဲ့သို့သော အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ လူ့အခွင့်အရေးအဖွဲ့များက ဖိအားပေးခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည်များကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများက လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုဟူ၍ တံဆိပ်ကပ်ခဲ့ကြသည်။ အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများက ယင်းဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများကို တရားစီရင်မှုလုပ်ရန် တိုက်တွန်းကြသည်မျိုးလည်း ရှိခဲ့သည်။ သို့သော်ကြိုတင်မျှော်မှန်းထားသည့်အတိုင်းပင် မြန်မာအစိုးရက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သလို အာဆီယံအဖွဲ့တွင်လည်း အများသဘောတူညီမှုမရခဲ့သည်ဖြစ်ရာ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရကို မည်ကဲ့သို့သော လူသိရှင်ကြားတောင်းဆိုမှုမျှ လုပ်ခဲ့သည်ကို မတွေ့ရပေ။ ခက်ခဲသောအရေးကိစ္စများကို မှေးမှိန်ထားရေးနှင့် လူ့အခွင့်အရေးကိစ္စများကို လက်ရှောင်ရေးဆိုသည့် အာဆီယံ၏ လုပ်နည်းလုပ်ဟန်က ဘင်္ဂါလီတို့၏ ထိခိုက်မှုများကို နောက်တစ်ကြိမ်အနိုင်ယူသွားခဲ့ပြန်ပါတော့သည်။

စာညွှန်း။       ။ Making Sense of the ASEAN Summit

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *