“လ.၀.က လို ဌာနမျိုးကို ခွဲဖွဲ့တာမှားတယ်။ ဖွဲ့စည်းပုံနဲ့လည်း မညီဘူး”

Photo by MMS

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီနှင့် တွေ့ဆုံခြင်း

NLD အစိုးရသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနများ ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ ကယား၊ ကရင် အစရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်အရ အဆိုပါဝန်ကြီးဌာနကို ဖွဲ့စည်းပြီးဖြစ်ကာ ဝန်ကြီးများကိုလည်း ခန့်အပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင်မူ အဆိုပါဝန်ကြီးဌာနဖွဲ့စည်းရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်က ပယ်ချခဲ့သည်။ ပြည်ထောင်စုအဆင့်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ရှိနှင့်ပြီးဖြစ်သော်လည်း တိုင်းနှင့်ပြည်နယ်များတွင် လက်ရှိဝန်ကြီးဌာန ဖွဲ့စည်းခြင်းအတွက် မေးခွန်းများလည်း ရှိသည်။ ထို့ပြင် ဝန်ကြီးဌာနအသစ်သည် မည်သည်ကို ရည်ရွယ်သည်ကိုလည်း သိရှိရန်လိုအပ်ရာ ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဟောင်း ဦးခင်ရီနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။  ဦးခင်ရီသည် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ပါတီဝင်လည်း ဖြစ်သည်။

The Voice Journal – တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတွေဖွဲ့ဖို့စီစဉ်နေတယ်။ အချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဖွဲ့ပြီးနေပြီ။ ဘာကြောင့် ဖွဲ့တယ်လို့ ထင်လဲဗျ။

UKY – ကျွန်တော်လည်း ဒီသတင်းကို ကြားတယ်။ ကျွန်တော် ရှမ်းပြည်ဘက်ကို ခရီးသွားနေတုန်းက စကြားတော့ ရခိုင်ပြည်နယ်ဘက်က လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့ဖို့ ကိစ္စကို သဘောမတူဘူးဆိုတော့ အဲဒီဘက်မှာ ပျက်တယ်ပေါ့။ နောက်တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ နိုင်ငံတော်သမ္မရုံးရဲ့ အမိန်ကြေညာစာ ကျွန်တော် ဖတ်ရတယ်။ ဒီလ ၂၇ ရက်နေ့ရက်စွဲနဲ့ နိုင်ငံတော် သမ္မတရုံးကနေ ဘာထုတ်လဲဆိုတော့ တိုင်းဒေသ ကြီးမှာဆို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီနဲ့ ပြည်နယ်မှာ ကယားနဲ့ ကရင်ပေါ့။ ဒီနေရာတွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားဝန်ကြီးဌာန ဖွဲ့လိုက်ပါတယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ဖွဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို နိုင်ငံတော်က မထုတ်ပြန်တဲ့အတွက်ကြောင့် ဒီအပေါ်မှာတော့ ကျွန်တော်တို့ သုံးသပ်ရတာခက်တယ်။ ကျွန်တော်ရဲ့အတွေ့အကြုံအရ အရှိတရားပေါ်မှာပေါ့လေ သုံးသပ်ပြချင်ပါတယ်။

နံပါတ် (၁)က ဒါဖွဲ့လို့ရသလား၊ ဖွဲ့ခွင့်ရှိသလား ဆိုတဲ့အပိုင်းကို ကြည့်တဲ့အခါမှ ကျွန်တော်တို့ကတော့ အခြေခံဥပဒေနဲ့ပဲ ချိန်တာပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၄၈(ဂ) မှာ ဘာပါလဲဆိုတော့ နိုင်ငံတော် သမ္မတဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက သဘောတူတယ်ဆိုရင် တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်သည်လို့ ပါတဲ့ အတွက်ကြောင့် ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းခြင်းကို လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါတစ်ချက်ပါ။ သို့သော် စဉ်းစားရမှာက ဖွဲ့စည်းခွင့်တော့ ရှိတယ်။ ဒါပေမဲ့ ဖွဲ့တဲ့ဝန်ကြီးဌာနက လ.၀.က (လူဝင်မှုကြီးကြပ်ရေး) ဖြစ်နေတယ်။ ကျွန်တော်တို့ အတွေ့ကြုံအရ နိုင်ငံတိုင်းမှလိုလိုမှာပဲ ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့၊ လ.၀.က တို့ဆိုတာက ဗဟိုက ကိုင်ထားတဲ့ကိစ္စတွေ။ ဘာကြောင့်လဲဆိုတော့ အဲဒီ ဝန်ကြီးဌာနတွေရဲ့လုပ်ငန်းတာဝန်တွေ၊ Vision တွေ၊ Mission တွေက လုံခြုံရေးနဲ့ဆိုင်တယ်။ အချုပ်အခြာနဲ့ ဆိုင်တယ်။ အချုပ်အခြာအာဏာ ပိုင်စိုးတဲ့ အာဏာမျိုးကို ဖြန့်ခွဲပေးတာသိပ်ပြီးတော့ မရှိဘူး။ ဒီမှာ တိုင်းနဲ့ပြည်နယ်တွေကို ဖြန့်ခွဲပေးတယ်ဆိုတာကို ကျွန်တော်တို့က စဉ်းစားလို့မရ ဖြစ်နေတာပေါ့။ ဒါတစ်ချက်ပေါ့ဗျာ။ လ.၀.က ဝန်ကြီးဌာနဆိုတာက သူက လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးနဲ့ဆိုင်တဲ့ ဌာနပေါ့။ လူ့စွမ်းအားအရင်းအမြစ်က ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ ဌာနပေါ့။ ဒီနှစ်ခုက သဘာဝလည်း မတူဘူးနော်။ ဒါကို ဘာကြောင့်ပေါင်းစပ်ဖွဲ့စည်းတယ်ဆိုတာ မေးစရာ မေးခွန်းတစ်ခုဖြစ်တယ်။ ဒါတစ်ချက်။

လ.၀.က မှာ ကျွန်တော်လည်း တာဝန်ထမ်းဆောင်ခဲ့တော့လေ ကျွန်တော် လ.၀.က ဘက်ခြမ်းကိုပဲ နည်းနည်းဦးစားပေးပြောပါ့မယ်။ လ.၀.က မှာ ရည်မှန်းချက်တာဝန် သုံးရပ်ရှိတယ်။ ဒီသုံးရပ်ပေါ် မူတည်ပြီးတော့ လုပ်ငန်းတာဝန် ကိုးရပ်ရှိတယ်။ အကြမ်းဖျင်းပြောလို့ရှိရင် Immigration ၊  Registration နဲ့ Population ရယ်ပေါ့။ ပြည်ဝင် ပြည်ထွက်လူဝင်မှုကိစ္စတွေ၊ အမျိုးသားမှတ်ပုံတင်ရေးကိစ္စတွေ ပါတယ်။ နိုင်ငံလူဦးရေကိစ္စတွေ ပါတယ်။ ဒီ Mission သုံးရပ်ပေါ်မူတည်ပြီးတော့ တာဝန် ကိုးရပ်ခွဲတာပေါ့။ လ.၀.က ဝန်ကြီးဌာနရယ်လို့ ဖြစ်လာရင် နိုင်ငံခြားသားတွေ ပြည်ဝင်ပြည်ထွက်၊ ဗီဇာ သက်တမ်းတိုးတဲ့ကိစ္စတွေ၊ ဗီဇာသက်တမ်းကျော်တဲ့ ကိစ္စတွေ၊ ပြည်နှင်တဲ့ကိစ္စတွေ၊ အရေးယူတဲ့ကိစ္စတွေ ဒါတွေပါတယ်။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ပတ်သက်ပြီး ၁၉၈၂ ဥပဒေအရ နိုင်ငံသားပြုတာ၊ နိုင်ငံသားအဖြစ် ရပ်စဲတာ ဒီလုပ်ငန်းစဉ်တွေပါတယ်။ လူ ဦးရေကိစ္စနဲ့ပတ်သက်ပြီး သန်းခေါင်းစာရင်းကိစ္စတွေ ပါတယ်။ ပိုပြီးတော့ ခက်ခဲတာက သူက Populatoin Policy ပေါ့။ လူဦးရေမူဝါဒရေးဆွဲတာတွေပါတယ်။ ဒါမျိုးတွေက တိုင်းနဲ့ ပြည်နယ်တွေမှာလုပ်ဖို့ အတော်ခက်တဲ့ ကိစ္စတွေလို့ ကျွန်တော်မြင်တယ်။

The Voice Journal – တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ဖို့ ဘာ့ကြောင့် ခက်တာလဲခင်ဗျ။

UKY – ဥပမာ ကျွန်တော်တစ်ချက်ပြောမယ်ဗျာ။ လ.၀.က ရဲ့လုပ်ငန်းတာဝန်ကို မှတ်ပုံတင်ထုတ်ပေး တာလောက်ပဲ၊ အိမ်ထောင်စုစာရင်းကောက်တာလောက်ပဲဆိုရင်တော့ ဖွဲ့လို့ရတာပေါ့။ အခု တကယ် အရေးကြီးတဲ့ အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ နိုင်ငံသားဖြစ်ရေးကိစ္စ စဉ်းစားမယ်ဆိုပါစို့။ တိုင်းရင်းသားလိုဟာမျိုးကို မှတ်ပုံတင်ထုတ်ပေးတာ မဆန်းဘူး။ တိုင်းရင်းသားဆိုတာ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ မြန်မာ၊ရခိုင်၊ ချင်း ဆက်နွှယ်တဲ့ ၁၃၅ မျိုးပေါ့။ အဲဒါကမြို့နယ်မှူးအဆင့်လောက်နဲ့ ပေးလိုက်လို့ ရတယ်။ ဒါသိပ်စစ်စရာမလိုဘူး။ နောက်တိုင်းရင်းသားနဲ့ တခြားလူနဲ့ သွေးနှောခေါ်တာပေါ့။ ၁၉၈၂ ခုနှစ် ဥပဒေအရဆိုရင် ပုဒ်မ ၆၇၂ ပေါ့။ ဒါမျိုးတွေကလည်း ခရိုင်အဆင့်ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ အတွက်ကြောင့် ဒါလည်း ဒီလောက်ခဲရာခဲဆစ်မရှိဘူး။ နိုင်ငံခြားသား စစ်စစ်ဆိုရင်လည်း ပြဿနာမရှိဘူး။ နိုင်ငံခြားသား အက်ဥပဒေအရ နိုင်ငံခြားသား မှတ်ပုံတင်ပေးလိုက်ရုံပဲ။ သူ အခွန်ဆောင်ပြီးနေရုံပဲ။ အခုက ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ လူတွေ၊ ဘိုးစဉ်ဘောင်ဆက်မြန်မာနိုင်ငံမှာ နေလာတယ်။ နိုင်ငံခြားသားလား၊ နိုင်ငံသားလား ခွဲခြားလို့မရတဲ့ လူတွေကျတော့ ၁၉၈၂ ခုနှစ် ဥပဒေနဲ့ စိစစ်ခံရတာရှိတယ်။

The Voice Journal – ဆိုတော့ ဘင်္ဂါလီတွေကိုပြောချင်တာလား။

UKY – ဘင်္ဂါလီလည်း ရှိတယ်။ ကျန်တဲ့ တရုတ်၊ ကုလားလည်းရှိတယ်ပေါ့။ အများစုကတော့ ဘင်္ဂါလီပဲ သိကြတာပေါ့။ အဲဒီလိုစိစစ်ရတဲ့ လုပ်ငန်းတွေရှိတယ်။ အဲဒီလိုစိစစ်ရတော့ လုပ်ထုံးလုပ်နည်းတွေက မြို့နယ် အဆင့်မှာ စိစစ်တာရှိတယ်။ နိုင်ငံသားစိစစ်ရေးအဖွဲ့နဲ့ စိစစ်တာရှိတယ်။ အဲဒါပြီး တိုင်းအဆင့် စိစစ်တာရှိတယ်။ အဲဒါပြီးရင် ဗဟိုအဆင့်ကို တင်တယ်။ ဗဟိုအဆင့်မှာ လ၀က ဝန်ကြီးတို့၊ နိုင်ငံခြားရေး ဝန်ကြီးတို့၊ ကာကွယ်ရေးဝန်ကြီးတို့၊ ပြည်ထဲရေးဝန်ကြီးတို့ပါတယ်။ အဲဒါပြီးရင် နိုင်ငံတော်သမ္မဆီတင်ပြီးတော့ အဆင့်ဆင့် ဒီလို စိစစ်တာရှိတယ်။ ဒီလိုလုပ်ငန်းမျိုးကို တိုင်းနဲ့ ပြည်နယ်မှာလုပ်မယ်ဆိုရင် လုပ်လို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၇ မှာကိုက အဲဒီဗဟိုအဖွဲ့ကို တရားဝင်ဖွဲ့စည်းပေးထားတာ။ ပြည်နယ်မှာရှိတဲ့ ဝန်ကြီးချုပ်က စစ်ဆေးလို့ရတဲ့ မြို့နယ်အဆင့်၊ တိုင်း အဆင့် စစ်ဆေးပြီးတဲ့ဟာကို ဒီဘက်က လ.၀.က ဝန်ကြီးဆီတင်လည်း တင်မှာ မဟုတ်ဘူး။ သမ္မတဆီ သွားတင်လို့လည်းမရဘူး။ ဒီလိုလုပ်ငန်းမျိုးတွေက လုပ်ဖို့ အင်မတန်ခက်တယ်လို့ ထင်တာပေါ့နော်။

သန်းခေါင်းစာရင်းကောက်တယ်ပေါ့ဗျာ။ ကျွန်တော့်အတွေ့အကြုံအရ ခင်ဗျားတို့လည်း သိမှာပါ။ ကျွန်တော်ကိုယ်တိုင် ဦးစီးကောက်ခဲ့တာပဲ။ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်းစာရင်းကောက်တော့ Figure တွေပေါ် မူတည်ပြီးတော့ Populatoin Policy ဆွဲဖို့ရှိတယ်။ ကျွန်တော်တို့နိုင်ငံက မကောက်တာ နှစ်ပေါင်း ၃၀ ဆိုတော့ ဒါတွေ မရှိဘူး။ ကျွန်တော်တို့လက်ထက်မှာ သန်းခေါင်စာရင်းကောက်တယ်။ ကောက်လို့လည်းပြီးရော Population Development ကော်မရှင် လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဖွဲ့တယ်။ ကျွန်တော် ဥက္ကဋ္ဌအဖြစ် ဖွဲ့တယ်။ ဒါက လက်ရှိအစိုးရလည်း တက်လာရော ၂၀၁၆ ခုနှစ်မှာ အရင်အဖွဲ့အစည်းတွေ ဖျက်တော့ ဒါတွေအကုန်လုံး ပါသွားတယ်။ မဟုတ်ရင် ဒီအဖွဲ့ကနေပြီးတော့ လူဦးရေပေါ်လစီဆွဲရတော့မှာ။  ဒါအင်မတန် အရေးကြီးတယ်လေ။ လူဦးရေပေါ်လစီကနေပြီးတော့ နိုင်ငံအတွက် စီမံချက်တွေ ထွက်လာမှာပေါ့။ ဒီလို လုပ်ငန်းတွေက တိုင်းနဲ့ပြည်နယ်မှာ လုပ်ဖို့အင်မတန်ခက်တာပေါ့။ သဘာဝအရတော့ လုပ်ဖို့ခဲယဉ်းမယ်လို့ ကျွန်တော် မြင်တယ်။ နောက်တစ်ချက်ရှိသေးတယ်။ လ.၀.က လုပ်ငန်းစဉ်မှာ အများကြီးပဲရှိတယ်လေ။ လ.၀.က ကိစ္စတွေမှာ ပြည်ဝင်ပြည်ထွက်ကိစ္စတွေ၊ နယ်စပ်ဝင်ပေါက်တွေ၊ ရေကြောင်းက ဝင်တဲ့ အပေါက်တွေ၊ လေကြောင်းကဝင်တဲ့အပေါက်တွေကို ထိန်းထားတာရှိတယ်။ ရန်ကုန်လို၊ မန္တလေးကို နိုင်ငံတကာ လေဆိပ်ရှိတဲ့ နေရာမျိုးမှာ ပြဿနာမရှိဘူး။ ကဲ နယ်စပ်အပေါက်ဗျာ။ ဥပမာ ကရင်ပြည်နယ် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ ထီးခီး စသည်ဖြင့်၊ ဒီဘက်အခြမ်း ချင်းပြည်နယ်မှာဆိုရင် ရိခေါဒါရ်၊ စစ်ကိုင်းမှာဆို တမူး။ အဲဒီအပေါက်တွေက အရင်အစိုးရလက်ထက်မှာ နိုင်ငံတကာဝင်ထွက်ပေါက် လုပ်လိုက်တယ်။ International Point of Entry  ပေါ့။ Border Pass ဟိုဘက်ကမ်း ဒီဘက်ကမ်းသွားချင်တာ။ နိုင်ငံတကာဝင်ထွက်ပေါက် ဖြစ်တော့ Passport နဲ့ သွားတယ်။ ရန်ကုန်ကိုလေကြောင်းနဲ့ ဝင်တယ်။  အဲဒီအပေါက်က ထွက်သွားတယ်။ အဲဒီအပေါက်က ဝင်လာတယ်။ ရန်ကုန်၊ မန္တလေးက ထွက်သွားတယ်။ အဲဒီလုပ်ငန်းတွေကို ဆက်စပ်လုပ်ဖို့အတွက်ကျတော့ တိုင်းနဲ့ပြည်နယ်ချည်းပဲ သက်သက်မဖြစ်နိုင်ဘူး။  ဥပမာ ကရင်ပြည်နယ်မှာ ရှိတဲ့ မြ၀တီအပေါက်က နေပြီးတော့ Passpost နဲ့ဝင်လာတယ်။ ချင်းမှာရှိတဲ့ ရိခေါဒါရ်ကနေ အိန္ဒိယကိုသွားချင်တယ်။ ဒီနိုင်ငံ ခြားသားကို ဘယ်သူကစောင့်ကြည့်မလဲ။ ဗဟိုက မသိဘူး။ ကရင်ပြည်နယ်က ဖြတ်သွားမယ့်သူက စစ်ကိုင်းတိုင်းတို့၊ ကချင်ပြည်နယ်တို့ ဘယ်လိုဆက်စပ်မလဲ ။ အဲဒီတော့ဒီလုပ်ငန်းတွေကို လုပ်ဖို့အင်မတန် ခက်ခဲတယ်။ မဖြစ်နိုင်ဘူး။ ခုနကပြောသလို မဲစာရင်း ပြုစုတာတို့၊ ကလေးမွေးဖွားစာရင်းသွင်းတာတို့၊ မှတ်ပုံတင်ထုတ်ပေးတာတို့လောက် ဖြစ်ရင်ဖြစ်မယ်။ သူ့ရဲ့ Function တစ်ခုလုံးဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက လ.၀.က အပိုင်း။ လူစွမ်းအားအရင်းအမြစ်ပိုင်းကတော့ ကျွန်တော်တို့ မသိဘူး။

The Voice Journal – ဒါဆိုရင် ဆရာတို့က လူဝင်မှုကြီးကြပ်ရေးမှာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အတွေ့အကြုံရှိသူဆိုတော့ ဒီဝန်ကြီးဌာနက ဘာကိုရည်ရွယ်တာလဲ။ အစိုးရပြောထားတာကတော့ ဒီဝန်ကြီးဌာနသည် Job Creation အလုပ်အကိုင်ဖန်တီးပေးဖို့ပေါ့။ ဒါဆိုရင် ဘာလို့ လ.၀.က ဘာ့ကြောင့် ပါလာတာလဲ။

UKY – နံပါတ်တစ်က ဝန်ကြီးဌာနဖွဲ့စည်းခွင့်ရှိတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၄၈ (ဂ)အရ သမ္မတက လုပ်ပိုင် ခွင့်ရှိတယ်။ မှန်တယ်။ သို့သော် လ.၀.က လိုဌာနမျိုး ကို ခွဲဖွဲ့တာမှားတယ်။ ဖွဲ့စည်းပုံနဲ့လည်းမညီဘူး။ ဖွဲ့စည်းပုံဇယား(၁) ပြည်ထောင်စုကပဲ ဥပဒေပြုရမယ့် စာရင်း (နောက်ဆက်တွဲ ဇယား ၁၊ ပုဒ်မ ၂ နိုင်ငံခြားရေးကဏ္ဍ ပုဒ်မခွဲ စ)မှာ ပါပါတယ်။ သန်းခေါင်စာရင်းလိုဟာမျိုး နိုင်ငံသားပြုခြင်း၊ ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်ရပ်စဲခြင်းကိစ္စတွေက ပြည်ထောင်စုက လုပ်ရမယ့်ကိစ္စတွေ ဖွဲ့စည်းပုံနဲ့ လွဲနေတယ်။ ဖွဲ့စည်းပုံကို ကျော်လုပ်တယ်လို့ ဒီလိုမျိုး သုံးသပ်လို့ရတယ်။ ရည်ရွယ်ချက်နဲ့ လုပ်ငန်းတာဝန်တွေ မထုတ်ပြန်ဘဲနဲ့ ကျွန်တော်တို့က ကျကျနနမသိဘူး။ သို့သော် ခင်ဗျားပြောသလို သုံးသပ်ပြပါဆိုရင်တော့ လက်ရှိအနေကိုပဲ သုံးသပ်လို့ရတယ်။ ကျွန်တော်ကတော့ ဘာကိုသုံးသပ်လဲဆိုတော့ တိုင်းနဲ့ပြည်နယ်တွေမှာ ရှိနေတဲ့ လ.၀.က သည် လုံ/နယ်ဝန်ကြီးအောက်မှာ ရှိတယ်။ ရန်ကုန်မှာဆိုရင်တော့ ဒေါက်တာဇော်အေးမောင်လေ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး။ သို့သော်လည်း တိုင်းနဲ့ ပြည်နယ်တိုင်းအလိုလိုပဲ လ.၀.က သည် လုံ/နယ် ဝန်ကြီးအောက်မှာရှိတယ်။ တပ်မတော်အောက်မှာရှိတဲ့ ဌာနတစ်ခုကို ခေါင်းပြောင်းလိုက်တာဖြစ်နိုင်တယ်။ ဘာကြောင့်ပြောင်းလဲဆိုတာတော့ မသိဘူး။ ဒုတိယအချက်က နောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်နိုင်တယ်။

The Voice Journal – လ.၀.က နဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဖွဲ့တာသည် လာမယ့် ရွေးကောက်ပွဲနဲ့များ ချိတ်ဆက်နေသလား။ ဘယ်လိုမြင်လဲခင်ဗျ။ ၂၀၁၉ နှစ်ကုန်မှာ သန်ခေါင်းစာရင်းလည်း ကောက်မှာဆိုတော့။

UKY – တကယ်တော့ ဒါက ကာယကံရှင်ပဲ သိမယ်ဗျ။ အမှန်တော့ ဒီဝန်ကြီးဌာနဖွဲ့တာကိုက မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်လာတယ်။ ဒီကာလမှစပြီး ဖွဲ့တာမျိုးပေါ့။ လက်ရှိ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လ.၀.က တွေဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ပေါင်းပြီး မဲစာရင်းတွေ လိုက်ပြုစုနေတာရှိတယ်။ မဲစာရင်းပြုစုတယ်ဆိုတာက ရွေးကောက်ပွဲအတွက်လေ။ ကျန်တဲ့ဟာတော့ သုံးသပ်ချက်သက်သက်ဖြစ်နေလို့ ကျွန်တော် မပြောချင်ဘူး။

The Voice Journal – ဒီဝန်ကြီးဌာနဖွဲ့တာ အလုပ်အကိုင်ဖန်တီးပေးဖို့ဆိုပြီး အစိုးရက ပြောထားတာလည်း ရှိတယ်။ ဆိုတော့ ဒီအရင်မှာ အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရက တာဝန်ယူတာ မရှိဘူးလားပေါ့။ နောက်တစ်ခုက ပြည်ထောင်စုအဆင့်မှာလည်း ဒီဝန်ကြီးဌာနလိုပဲ ပုံစံတူတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရှိတယ် မလား။ အစိုးရပြောတဲ့ Job Creation ဆိုတာ ဒီဝန်ကြီးဌာနရဲ့ တကယ့်ရည်ရွယ်ချက်ဟုတ်ရဲ့လားဗျ။

UKY – Job Creation ဆိုတာ ဘယ်သူ့အတွက်လဲ။ ဒီလိုတော့ရှိတယ်။ နိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတွေအတွက် Job Creation လုပ်နေတဲ့ လူကယ်ပြန်တို့၊ ခုနပြောတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ နိုင်ငံတော်အစိုးရကနေ မူဝါဒချမှတ်ပြီးလုပ်နေတဲ့ တခြားဟာတွေလည်း အများကြီးရှိပါတယ်။ အခုလုပ်တဲ့ Job Creation သည် လ.၀.က နဲ့ ချိတ်ဆက်လုပ်တယ်ဆိုတော့  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကလည်း အခုမှ ထွက်လာတယ်(ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၇ ရက်တွင် အတည်ပြုခဲ့သည်)။ ဆိုတော့ ဘယ်သူ့အတွက် Job Creation လုပ်တာလဲ စဉ်းစားလို့ ရတယ်။ မွေးစားမယ့်သူတွေကရော ဘယ်လိုလူမျိုးလဲ။ အဲဒီကလေးတွေက နိုင်ငံခြားသား၊ ဘယ်နိုင်ငံသားမှန်း မသိတဲ့ ပုဂ္ဂိုလ်၊ စွန့်ပစ်ပုဂ္ဂိုလ် ဖြစ်နေရင် ဒီဟာတွေအတွက် Job Creation များ လားဆိုပြီး စဉ်းစားသလား။ လ.၀.က နဲ့ချိတ်ဆက်တဲ့ အတွက်ကြောင့် ဒီဖန်တီးပေးမယ့် Job Creation ဆိုတာသည် လ.၀.က နဲ့ ဆက်စပ်တဲ့၊ မွေးစားတဲ့ ကိစ္စနဲ့ဆက်စပ်တဲ့ နိုင်ငံသားဖြစ်ရေးနဲ့ဆက်စပ်တဲ့ Job Creation လို့ကျွန်တော်မြင်တယ်။

The Voice Journal – ဒီအစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ လျော့ရဲလာတဲ့ သဘောမျိုး ပြောတယ်။ သန်းခေါင်စာရင်းဥပဒေကိုလည်း ဖျက်သိမ်းထားတယ်။ လေဆိပ်မှာ ဆိုက်ရောက်၊ ထွက်ခွာ ဖြည့်ရတာလည်း ဖျက်ထားတယ်။ မြောင်းမြခရီးစဉ်မှာလည်း နိုင်ငံတော်လုံခြုံရေးယန္တရား ကျိုးပေါက်နေပြီလို့ အန်ကယ်လ် ပြောထားတာလည်း သိရတယ်။ ဆိုတော့က ဒီလိုဘာ့ကြောင့်ပြောနိုင်တာလဲ။ ဘယ်အချက်ကို ကြည့်ပြီး ပြောတာလဲခင်ဗျ။ တကယ်ရော အဲဒီလိုဟုတ်ရဲ့လား။ နည်းနည်းများ ပိုပြောမိသလား။

UKY – ကျွန်တော်က လုံခြုံရေးကျိုးပေါက်တယ်လို့ ပြောတာက အချက်အလက်ပေါ်မူတည်ပြီးပြောတာပါ။ ဘာ့ကြောင့်လဲဆို လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားတာတွေကို ရှိလျက်နဲ့ အသုံးမပြုတာ၊ ဖျက်ပစ်လိုက်တာ၊ ဖျက်ပစ်တာတွေနေရာမှာ အစားမထိုးတာတွေရှိတယ်။ ဒီသုံးခုရဲ့ ရလဒ်က ကိန်းကဏန်းအားဖြင့် ပေါ်နေတယ်။ ဒါကြောင့် ကျွန်တော်က လုံခြုံရေးကျိုးပေါက်နေတယ်လို့ စွပ်စွဲရတာဖြစ်တယ်။ ဥပမာဗျာ ရှိတဲ့ လုံခြုံရေးယန္တရားကို အသုံးမပြုတာ။ နိုင်ငံတိုင်းမှာ အမျိုးသားလုံခြုံရေးဆိုတာ အရေးကြီးတယ်။ နိုင်ငံတိုင်းမှာ နိုင်ငံတော်လုံခြုံရေးမဟာဗျူဟာဆိုတာ ချမှတ်ပြီးသား။ ကြီးကြီးကျယ်ကျယ်ပြောရင် အမေရိကန်မှာ National Security Committee ဆိုတာရှိတယ်။ သမ္မတကို တိုက်ရိုက်အစီရင်ခံတာ။ ဒီဘက် အာဆီယံမှာလည်း ထိုင်းမှာရှိတယ်။ မလေးရှားမှာ ရှိတယ်။ အစိုးရအဖွဲ့အကြီးအကဲက ဝန်ကြီးချုပ်ဆို ဝန်ကြီးချုပ်ကိုင်တယ်။ တချို့မှာ သမ္မတက ကိုင်တွယ်တယ်။ တပ်မတော်ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုတွေ၊ ထောက်လှမ်းရေးတွေ ဒါတွေအကုန်ပေးတယ်။ ရှိပြီးသား ယန္တရားတွေ မသုံးဘူးဆိုတာက နိုင်ငံတိုင်းမှာ အမျိုးသားလုံခြုံရေးအတွက် ဆောင်ရွက်တယ်။ ကျွန်တော်တို့ရော ဒီလိုမဆောင်ရွက်ဘူးလားဆို ဆောင်ရွက်တာပေါ့။ အခြေခံဥပဒေမှာပါတဲ့ ၂၀၁ အရဖွဲ့ထားတဲ့ ကာ/လုံ။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ။ အဲဒီမှာ အင်အား ၁၁ ယောက် ပါတယ်။ အဲဒီမှာ တကယ့်ကို စုံစုံလင်လင်ဖွဲ့ထားတာ။ နိုင်ငံတကာမှာလိုပဲ။ နိုင်ငံတော်သမ္မတကြီးပါတယ်ဗျာ။ သူက Decision Maker ။ မဲခွဲတဲ့အထဲ ပါရမယ့် သူမဟုတ်ဘူး။ ဆုံးဖြတ်ပေးရမယ့် သူ။ ဒုတိယသမ္မတ နှစ်ယောက်ပါတယ်ဗျာ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပါတယ်ဗျာ။ သူကနယ်မြေကို အခြေခံပြီးတက်လာတာ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပါတယ်ဗျာ။ သူက လူမျိုးစုကို အခြေခံပြီး တက်လာတာ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းပါတော့ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးသတင်းတွေ အကုန်ရတယ်။ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆိုတာက အကောင်အထည်ဖော်တဲ့ပုဂ္ဂိုလ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ SP တို့ဆိုတာ သူ့ရဲ့ဌာနတွေ၊ နယ်စပ်ရေးရာဝန်ကြီးဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်နေတာ။ နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ကြီးဆိုတာလည်း နိုင်ငံတကာသံတမန်တွေနဲ့ ဆက်စပ်နေတာ။ ဒီလောက်သတင်းစုံတဲ့ ဌာနဆိုတာ မရှိဘူး။ ဒီလိုအဖွဲ့အစည်းမျိုးကို လက်ရှိအစိုးရတာဝန်ယူကတည်းက တစ်ခါမှ ကာ/လုံ ခေါ်တာမရှိဘူး။ ဒါက ရှိပြီးသား ယန္တရားကို မသုံးတာ မဟုတ်ဘူးလား။ ဒါက တစ်ချက်။ ရှိပြီးသား ဖျက်ပစ်တာတွေက ဧည့် စာရင်းဥပဒေကို ဖျက်တယ်။ ဘာကြောင့်ဖျက်လဲ မသိဘူး။ ဧည့်စာရင်းလာစစ်တဲ့ သူတွေကို မကျေနပ်တာလား ကျွန်တော်တို့ မသိဘူး။ မကျေနပ်တာနဲ့ စနစ်နဲ့မဆိုင်ဘူးလေ။ ဖျက်လိုက်တော့ ဘယ်သူဘယ်ဝါ ဘယ်ရပ်ကွက်မှာ ရှိမှန်း မသိဘူး။ တစ်ခါ နောက်ယောင်ခံ ဥပဒေကို ဖျက်ပစ်လိုက်တယ်။ ဖျက်လိုက်တော့ သံသယရှိသူတွေ၊ အမည်ပျက်စာရင်းသွင်းထားသူတွေကို ကျွန်တော်တို့မှာ ရှာလို့မရဘူး။ပြောချင်တာက ရှိပြီးသားကို မသုံးဘူး၊ ရှိပြီးသားကို ဖျက်တယ်။ ဖျက်တာကို အစားမထိုးဘူးဆိုတော့ ဒါလုံခြုံရေး ကျိုးပေါက်တာပေါ့။

The Voice Journal – ဒီလိုဖြစ်တဲ့အစီအစဉ်တွေ က လုံခြုံရေးကျိုးပေါက်တယ်ဆိုလို့ရှိရင် လုံခြုံရေး ကျိုးပေါက်ရင် ဘာဖြစ်နိုင်သလဲ။

UKY – တိုင်းပြည်အန္တရာယ်ရှိတောပေါ့။ ဥပမာ ဆိုပါစို့ဗျာ။ မဟာမိတ်တပ်တွေက တိုက်တော့ အရှေ့အလယ်ပိုင်းမှာ IS တွေပြိုကွဲလာတယ်လေ။့ သူတို့က နေရာတွေထပ်ရှာတာပေါ့။ မလေးရှားတောင်ပိုင်းဒေသတွေ၊ မြန်မာပြည်ကဆိုရင် ရခိုင်ပြည်နယ်လို နေရာမျိုးတွေကို ခြေကုပ်လာရှာတယ်ဆိုပြီးတော့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့က တရားဝင်ပြောတာ ရှိတယ်။ အိန္ဒိယထောက်လှမ်းရေးသတင်းတွေ ကနေပြီးတော့ အွန်လိုင်းတွေမှာ တက်နေတာတွေ ရှိတယ်။ အဲဒီဟာတွေက ခုနပြောတဲ့ Black List မှာ မပါတဲ့လူမျိုးတွေပေါ့။ လေယာဉ်ပျံစီးလာမယ်။ Arrival Card မှာ ဖြည့်မထားဘူး။ ဧည့်စာရင်းမရှိဘူး။ သူက ချိုပေါက်နေတာမဟုတ်ဘူးလေ။ အဲဒီလိုလူမျိုးတွေ ပြည်တွင်းရောက်နေရင် ခင်ဗျားဘယ်လိုရှင်းမလဲ။ ထပ်ပြီးတော့ အရံအတားဆိုတာက ရခိုင်မှာ ပြဿနာ ဖြစ်နေတယ်။ ရခိုင်မှာ ဧည့်စာရင်းဥပဒေဖျက်ထားတယ်။ ဒါပေမဲ့ ရခိုင်ဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့က ဒါမရှိဘူးဆိုရင် မဖြစ်ဘူးဆိုတာသိတော့ ခုနက မလေးရှားက အော်ပရာစီ (Operasi) လို တပ်ရယ်၊ လ.၀.က ရယ်၊ ရဲရယ်ပေါင်းပြီးတော့ စစ်ဆေးရေးတွေ လုပ်နေတယ်။ မလုပ်လို့ သူတို့ မရဘူးလေ။ သူတို့ လုပ်နေတယ်။ တကယ်ရှိရမယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုနေတယ်။ ဥပမာ အဲဒီမှာ အဓိကတာဝန်ယူတာက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဗျ။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဥပဒေရှိဘူး။ ခြံစည်းရိုးတွေ ကာတယ်ဗျာ။ အခြားနိုင်ငံတွေမှာဆိုရင်ဗျာ Border Fencing Act ဆိုတာရှိတယ်။ အဲဒါတွေမရှိဘူး။ မင်းတို့တုန်းက ဘာလို့မလုပ်လဲလို့ မေးမယ်။ ကျွန်တော်တို့တုန်းက နယ်ကြားစောင့်ရဲက ဖြစ်ခါစ အရင်က န.စ.က (နယ်စပ်ဒေသလူဝင်မှုစစ်ရေး ကွပ်ကဲမှု) ဥပဒေ ရှိတယ်။ နောက်တော့ နယ်ခြားစောင့်ရဲပေါ်လာတယ်။ ဥပဒေပြုဆဲ၊ မပြီးသေးဘူး။ ခြံစည်းရိုးမပြီးလို့ ဒီဥပဒေမထုတ်ရဘူး။ နောက်ဟာတွေတော့ မပြောပါနဲ့တော့။ လက်ရှိ လူက ကောင်းအောင်ပိုလုပ်ပါ။ အဲဒါတွေက ကျိုးပေါက်တဲ့သဘောပဲလေ။ အန္တရာယ်တွေရှိတာပေါ့။

The Voice Journal – ဆိုတော့ Highlight အလုပ်ပြီးပြောတဲ့အထဲမှာ ဘင်္ဂါလီကိစ္စပါတယ်။ အမျိုးသား လုံခြုံရေးကိစ္စဆိုတာလည်း ပါသွားတယ်။ ပြန်ကြည့်ရင် တစ်ဖက်မှာလည်း လူထုရဲ့အမြင်ဆိုတာ ရှိတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားလုံခြုံရေးကိစ္စတွေ၊ ဘင်္ဂါလီကိစ္စတွေ ပြောတယ်ဆိုရင် ဒီလိုစကားလုံးတွေ သုံးပြီးတော့ စိုးရိမ်အောင် လှုံ့ဆော်နေတယ်၊ တိုက်ပေးနေတယ်ဆိုတာမျိုး  ပြည်သူတချို့က အမြင်ရှိကြတယ်။ ဆိုတော့ အဲဒါမျိုး ဟုတ်လားခင်ဗျ။

UKY – ကျွန်တော်တို့က လက်ရှိမြင်နေတဲ့ဟာကို ကျွန်တော်တို့ တာဝန်ထမ်းဆောင်တဲ့အတွေ့အကြုံအရ ထောက်ပြတာဖြစ်တယ်။ ဒါပေမဲ့ အတိုက်အခံပါတီတစ်ရပ်အနေနဲ့ သိပ်ပြီးတော့ များများစားစား ပြောတာ မရှိပါဘူး။ ဒါလေးတွေလုပ်လိုက်ရင် ကောင်းမယ်။ ဒီလိုလေးဖြစ်လိုက်ရင်တော့ ကောင်းမယ်။ ဥပမာ ရခိုင်မှာ ပြဿနာဖြစ်တယ်။ တိုက်ခိုက်တဲ့ အဖွဲ့တွေကို အကြမ်းဖက်ဥပဒေအရ အကြမ်းဖက်လို့ ကြေညာသင့်တယ်။ ကျွန်တော်တို့ ပြောတယ်။ ရိုးရိုး Criminal Case နဲ့ အရေးယူရင် မထိရောက်ဘူး။ အကြမ်းဖက်လို့ ပြောလိုက်တော့မှ ကိုယ့်မှာလည်း အကြမ်းဖက်ဥပဒေက ရှိပြီးသား။ ဒါဆိုအဆင်ပြေတယ်။ ကိုးလလောက်ကြာမှ လုပ်တယ်။ ထောက်ပြတာက ရန်တိုက်ပေးတာမဟုတ်ဘူး။ အကြမ်းဖက်ဥပဒေကြေညာတဲ့ အခါကျတော့ တိတိကျကျ မရှိပြန်ဘူး။ နိုင်ငံတကာမှာရှိတဲ့ အကြမ်းဖက်တဲ့ Criteria တွေနဲ့ တိုက်ပြီးတော့ ညှိတာမျိုးတွေ မလုပ်နိုင်ဘူး။ ကိုယ်ကသာ အကြမ်းဖက်ကြေညာတာ။ နိုင်ငံတကာက သူခိုး၊ ဓားပြလောက်ပဲ သဘောထားတော့ ကိုယ်လုပ်ရကိုင်ရတာ ခက်တယ်။ ဒါတွေကို ထောက်ပြတာ။ ခုနက လ.၀.က ဝန်ကြီးဌာနဖွဲ့တဲ့ ကိစ္စ။ ကျွန်တော်တို့ ကန့်ကွက်လို့မှ မရဘဲ။ ဒါပေမဲ့ ဒါ ဖြစ်နိုင်ခြေရှိတယ် ဆိုပြီးတော့ ထောက်ပြတာ။ ပြည်သူပြည်သား တစ်ယောက်အနေနဲ့ ကိုယ်သိတာကို ကိုယ်ပြောပြတာ။ အဆုံးအဖြတ်ကတော့ နိုင်ငံတော်အစိုးရရဲ့ အဆုံးအဖြတ်သာဖြစ်တယ်။  လက်ရှိအုပ်ချုပ်နေတာသည် NLD ပါတီအစိုးရပဲ ဖြစ်တယ်။ ဒါတွေကရေရှည်မှာ ပြဿနာဖြစ်မှာစိုးလို့ ထောက်ပြနေတာ။ တိုက်ပေးနေတာ မဟုတ်ဘူး။

The Voice Journal – ခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *