အိတ်ကပ်တွင်းရောက် ပညာရေး

ပညာရေးသည် ယနေ့ခေတ်တွင် အိတ်ကပ်တွင်း လက်တွင်းသို့  ရောက်နေပြီ။

ရှေးယခင်က ပညာတတ်လိုလျှင် တက္ကသိုလ်ပြည်သို့ သွားရသည်ဟု စာများတွင် ဖတ်ရသည်။ ယနေ့ခေတ်တွင်လည်း တက္ကသိုလ်များဆီသို့  သွားရသည်။ ဝေးဝေးက ပညာရေး ပိုကောင်းသည်ဟုထင်လျှင် ဝေးဝေး က တက္ကသိုလ်များသို့ သွားရသည်။ အမေရိကန်ပြည်ထောင်စုပညာရေးကို  ကြိုက်လျှင် အမေရိကန်တက္ကသိုလ်များသို့ သွားရသည်။ အင်္ဂလိပ် ပညာရေးကြိုက်လျှင် အင်္ဂလန်သို့သွားရသည်။ ယနေ့ခေတ်၊ ၂၁ ရာစု တွင်းသို့ ဆယ်စုနှစ် နှစ်ခုစွန်းခါနီးသည့်ခေတ်တွင် တက္ကသိုလ်သည်   ကိုယ့်အိတ်ကပ်တွင်းသို့ လက်တွင်းသို့ရောက်လာပြီ။ အခြားမဟုတ်  လက်ကိုင်ဖုန်း။

လက်ကိုင်ဖုန်းအတွင်းတွင် အရာရာရနိုင်ပြီ။ Facebook တွင် အချိန်မကုန်ဘဲ အင်တာနက်ကို ပြည့်ပြည့်၀၀သုံးနိုင်လျှင် ပညာသည်  လက်တစ်ကမ်းတွင် မကတော့ လက်တွင်းတွင် ရောက်နေပြီ။

ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ ပို့ချချက် Lecture ကို နိုင်ငံခြားတက္ကသိုလ်များတွင် သွားရောက်နားထောင်စရာ မလိုတော့။ နိုင်ငံခြားတက္ကသိုလ်များတွင် သွားနားထောင်လျှင် ကျောင်းစရိတ်၊ နေထိုင်စရိတ် ကုန်မည်။ ဗီဇာလျှောက်ရဦးမည်။ ယခုမူ ထိုင်ရာမထ ဖုန်းထဲမှ ရုပ်မြင်သံကြားဖြင့် ပို့ချချက်နာယူနိုင်ပြီ။ Ted Talk ကဲ့သို့ ပညာပေးဗီဒီယို အစီအစဉ်များသည် ပညာပေးရုံတင်သာမက လူစိတ်ပျော်အောင် ဖန်တီးပေးထားသဖြင့် နားထောင်ရသူ ပျော်မွေ့သည်။

သိချင်သည်များကို ရှာဖွေနိုင်သည်မှာ အင်တာနက်၏ စွမ်းအားဖြစ်သည်။ သိချင်သည်များကို သိလိုလျှင် ယခင်က သိသူတို့ထံ သွားရောက်ရသည်။ အချိန်ကုန်သည်၊ ငွေကုန်သည်၊ စိတ်အားကုန်သည်။ သိချင်သူက  ကိုယ့် အနီးအနားတွင်မရှိဘဲ နိုင်ငံရပ်ခြားတွင်ရှိလျှင် သိရန် ပိုဝေးသွားသည်။ ၂၀၁၉ ခုနှစ်တွင် သိချင်လျှင် ဖုန်းကလေးကိုထုတ်ပြီး သိချင်သည် များကို Google မှ ရှာလိုက်ရုံ။ ဘာမဆို ရနိုင်သည်။ သိပ္ပံပညာ၊  ဝိဇ္ဇာပညာ အားလုံးရနိုင်သည်။ သိချင်သည်များအတွက် ဆရာမလိုတော့။

ပညာရေးသည် ထိုင်ရာမထ ပညာရေးဖြစ်လာပြီ။ နေရာမရွေး  လူမရွေး ပညာရေး ဖြစ်လာပြီ။ ပညာသင်ရန်အတွက် လိုအပ်ချက်များ မရှိတော့။ ပညာသင်ယူချင် စိတ်ကလေးတစ်ခုသာလိုသည်။

ပညာရေး၏ အဓိပ္ပာယ်သည်လည်း ပြောင်းလာသည်။ ယခင်က ဗဟုသုတများများ မှတ်သားထားသူသည် ပညာတတ်ဖြစ်သည်၊ ပညာရှိ ဖြစ်သည်။ စာအုပ်များများပိုင်လျှင်၊ ကျမ်းများများပိုင်လျှင် ပညာရှင်ဖြစ် သည်။ ယခုအခါ စာအုပ်များ၊ ဗဟုသုတများကို အင်တာနက်မှ အလွယ် တကူ ဆွဲယူနိုင်သည်။ ဆရာ ဆရာမများ၏ အဓိပ္ပာယ်သည်ပင် ပြောင်းလာ သည်။ ပို့ချသူ၊ သိသမျှ ဝေမျှပေးသူနှင့်ပင် မရတော့။ အင်တာနက်ပေါ်တွင်  သက်ဆိုင်ရာဘာသာရပ်၏ ထိပ်တန်းပုဂ္ဂိုလ်တို့ ပို့ချချက်များ အရန်သင့် ရှိနေပြီ။ သိချင်သည်များကို Google က ရှာပေးနေပြီ။ ပညာပေးသူတို့  ကိုယ်တိုင် နောက်တစ်ဆင့်တက်ရတော့မည်။

ထိုအခါ ပညာရေးသည် ‘စဉ်းစားတတ်ရေး’ ‘ဆုံးဖြတ်တတ်ရေး’  ဖြစ်လာသည်။ How to think and How to decide ။ အသင့်ရှိနေသော  ဗဟုသုတများ၊ အကြောင်းအရာများကို ပေါင်းစပ်တွေးတောတတ်စေရေး။ ပြဿနာများကို မည်သို့ဖြေရှင်းမည်ကို စနစ်တကျဆုံးဖြတ်တတ်ရေး။ ဆရာ ဆရာမများအဖို့လည်း ကျောင်းသား ကျောင်းသူများကို  သိရုံသာမက စဉ်းစားတတ်ရေး၊ ဆုံးဖြတ်တတ်ရေး လေ့ကျင့်ပေးရသည့်  အခန်းကဏ္ဍသို့ ရောက်လာသည်။ ပို့ချရုံနှင့် မလုံလောက်တော့။ ပို့ချရုံ ဆိုလျှင် အင်တာနက်မှ ပို့ချချက်များနှင့်ပင် ပြီးနေပြီမဟုတ်ပါလား။

တစ်ဖန် ပညာရေးသည် စက်ရုံတစ်ရုံတွင်းသို့ ကုန်ကြမ်းများ ထည့်လိုက်ပြီး တစ်ဖက်မှ ကုန်ချောများ ထွက်လာသကဲ့သို့ Assembly Line ပညာရေးလည်း မဟုတ်တော့။ နှစ်စဉ် လူသိန်းနှင့်ချီပြီး အတန်းတက်၊ ပို့ချခံ၊ စာမေးပွဲစစ်၊ အအောင်ပေးသော ပညာရေးသည် ခေတ်မမီတော့။ တကယ်တွင် ကျောင်းသား ကျောင်းသူတစ်ဦးနှင့် တစ်ဦးသည်  ‘စမှတ်’ ချင်းမတူ။ စရိုက်လည်းမတူ၊ ပါရမီချင်းလည်းမတူ၊ သင်ယူနှုန်းချင်းလည်း မတူ။ ဂီတတွင်သန်သူရှိသလို သင်္ချာတွင် သန်သူရှိမည်။ နှေးနှေးတတ်သော သူ မြန်မြန်တတ်သော သူ ကွာမည်။ ထို့ကြောင့် ယနေ့ခေတ် ပညာရေးသည် တစ်ဦးချင်းဖွံ့ဖြိုးမှုကို သန်သော ပညာရေးဖြစ်လာသည်။  တစ်ဦးချင်းစီသည် ကိုယ်သန်ရာသန်ရာကို ကိုယ့်အရှိန်နှင့်ကိုယ် ကိုယ်ပေး နိုင်သည့်အချိန်တွင် သင်ယူခွင့်ရလာသည်။ Classroom သည်  ဖုန်းတွင်းသို့ ရောက်လာသည်။

သမားရိုးကျပညာရေးစနစ် အပြင်ဘက်သို့ ရောက်နေသူများ၊  အလုပ်ခွင်သို့ ရောက်နေသူများအတွက် အိတ်ကပ်တွင်းရောက်ပညာရေး သည် ကွက်တိဖြစ်သည်။ အလုပ်ခွင်တွင်းမှ သူများသည် ကျောင်းသို့  မပြန်နိုင်တော့။ သို့သော် သူတို့သည် အလုပ်လုပ်ကာ နိုင်ငံကို၊ ကမ္ဘာကြီးကို၊ သက်ဆိုင်ရာနယ်ပယ်ကို မောင်းနှင်နေရသည်။ သူတို့သည် ကမ္ဘာကြီးအတွက် နိုင်ငံအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို နေ့စဉ်ချမှတ်နေ ရသည်။ သူတို့ ပညာကောင်းမှ ဆုံးဖြတ်ချက်များကောင်းမည်။ သို့သော်  ၂၁ ရာစု လုပ်ငန်းခွင်သည် ယခင်လုပ်ငန်းခွင်များနှင့် မတူတော့။  နေ့စဉ်နှင့်အမျှပြောင်းလဲနေသည်။ ပညာအသစ်၊ အရည်အချင်းသစ်များ  လိုအပ်နေသည်။ ထိုသို့ ကျောင်းမပြန်နိုင်သော်လည်း ပညာအသစ်များ  လိုနေသည့် လုပ်ငန်းခွင်ရောက်သူများအတွက် အိတ်ကပ်တွင်းရောက်  ပညာရေးသည် ခေတ်က ဖန်တီးပေးသော အခွင့်အရေးဖြစ်သည်။

တစ်ချက်တော့ရှိသည်။ ‘အိတ်ကပ်တွင်းမှ ပညာရေးသည်  သူ့ချည်းသာလော’ ဟုမေးလျှင် ‘အင်္ဂလိပ်စာနှင့်ပါ’ ဟု ဖြေရလိမ့်မည်။

အင်တာနက်တွင် ရှာနိုင်ဖွေနိုင်၊ နားထောင်နိုင်သမျှ ပညာရေးသည်  အများအားဖြင့် အင်္ဂလိပ်စာတတ်သူတို့အတွက်သာ ဖြစ်သည်။ မြန်မာဘာသာဖြင့် ရနိုင်သည့်ပညာရေးသည် နည်းနေသေးသည်။ အင်္ဂလိပ်စာလေး အရင်တတ်အောင်လုပ်ထားမှ အိတ်ကပ်တွင်း ပညာရေးသည်  တကယ့်အိတ်ကပ်တွင်းသို့ ရောက်လာမည်။

အင်္ဂလိပ်စာအတွက်လည်း မပူပါနှင့်။ အိတ်ကပ်တွင်းမှ ပညာရေးကိုပင် အားကိုးနိုင်သည်။ လက်ကိုင်ဖုန်းတွင်းတွင် အင်္ဂလိပ်စာသင်ကြားရေး App များသွင်းထားကာ သင်ယူနိုင်သည်။ Facebook Group  များတွင် အင်္ဂလိပ်စာ စိတ်ဝင်စားသူများအချင်းချင်း ရိုင်းပင်းသင်ယူကြသည့် အင်္ဂလိပ်စာ Group များရှိသည်။ အင်္ဂလိပ်လို နားထောင်နိုင်သည်။

ဖုန်းခကုန်ကျစရိတ်၊ အင်တာနက်မှ ဒေါင်းလုတ်ကြေး ရှိသည် မဟုတ်ပါလောဟု စောဒကတက်သူများ ရှိပေဦးမည်။ ပညာတန်ဖိုး၊  သင်တန်းကြေး၊ ခရီးစရိတ်တို့နှင့် ယှဉ်လျှင် မပြောပလောက်။ ထိုမျှ ကိုပင် မပေးချင် မပေးနိုင်လျှင်တော့ စာရေးသူတို့ The Voice Journal တွင်သာ အလုပ်လာလုပ်ပါ။ အလုပ်တာဝန်၏တစ်ဝက်သည် ပညာရှာရန် ဖြစ်သည်။ အလုပ်တာဝန်ပြီးလျှင်လည်း အင်တာနက် ကြိုက်သလိုသုံးပြီး  ပညာရှာနိုင်သည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *