မေးခွန်းထုတ်ခံရသည့် ရခိုင်ကစစ်ကြောရေး

စစ်ကြောရေးတွင် သေဆုံးသွားသည့် ကိုနေမျိုးထွန်း၏ ရုပ်အလောင်းကို ကျောက်တော်ရင်ခွဲရုံတွင် မြင်တွေ့ရစဉ် ။ (ဓာတ်ပုံ - ကျော်လှမြင့်)

တပ်မတော်က ဖမ်းဆီးစစ်ကြောပြီး ရက်ပိုင်းအကြာတွင် မြောက်ဦးဒေသခံ ကိုဇော်ဝင်းလှိုင် ထပ်မံသေဆုံးသွားပြန်သည်။ ဆိုရလျှင် စစ်ကြောရေးကာလတွင် သေဆုံးသူ ၁၀ ဦးကျော်ရှိလာပြီလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ကာ ပြင်းထန်လာသည့် တိုက်ပွဲများမှာ ယခုဇူလိုင်လအထိ ပြင်းထန်နေဆဲဖြစ်သည်။ ဆိုးကျိုးအဖြစ် စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်နေပြီဖြစ်သည်။

ယင်းအပြင် AA နှင့် ဆက်သွယ်သည်၊ AA တပ်ဖွဲ့ဝင်ဖြစ်သည် စသည့် သံသယဖြင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုများလည်း ရှိနေသည်။ ယင်းသို့ဖမ်းဆီးစစ်ကြောနေချိန်နှင့်ရဲတပ်ဖွဲ့ထံသို့လွှဲပြောင်းပြီး နောက်ပိုင်းတွင် သေဆုံးမှုမှာလည်း ၁၄ ဦးထက်မနည်းရှိနေပြီဖြစ်သည်။ ဇူလိုင်လ ၁ ရက်နေ့က သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဖြစ်သည်။

မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာသား ကိုဇော်ဝင်းလှိုင်သည် ဇွန်လ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၁၁ ရက်အကြာ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ကြောရေးကာလတွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

“ကျွန်တော် တောင်းဆိုချင်တာက အပြစ်ရှိတဲ့သူကို အပြစ်ပေးရမယ်။ ဒီလိုနှိပ်စက်တာက လုံးဝ မတရားဘူး”ဟု ကိုဇော်ဝင်းလှိုင်၏ အစ်ကိုကိုဝင်းလှိုင်က ပြောဆိုသည်။သေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များက မိသားစုထံ တစ်စုံတစ်ရာဖြေရှင်းချက် မပေးသေးကြောင်း ၎င်းက ဆိုသည်။

AA ဟုသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသည့်ကာလတွင် သေဆုံးမှုတစ်စတစ်စတိုးလာသဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့်ဟု ဝေဖန်နေကြပြီး ပြည်သူလူထု၏စိုးရိမ်မှုမှာလည်း မြင့်တက်လာသည်။ ယင်းသို့ သေဆုံးသူများအတွက် တရားမျှတမှုရရှိရေးတောင်းဆိုသံများလည်း ပိုကျယ်လာသည်။

စစ်ကြောနေစဉ်သေဆုံးခြင်း

၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်လာပြီးနောက် တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပထမဆုံးသေဆုံးသူမှာ မြောက်ဦးမြို့နယ်က ဖြစ်သည်။

ပန်းမြောင်းတိုက်နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားသည် မြောက်ဦးမြို့တွင် ဆေးကုသရန် လာရောက်စဉ်ဖမ်းဆီးခံရသည်။ ငှက်ဖျားရောဂါကြောင့် သတိမေ့သွားချိန်မှ ဆေးရုံသို့ ရဲတပ်ဖွဲ့က ပို့ဆောင်ခဲ့ပြီး အချိန်မီကုသခွင့် မရသဖြင့် သေဆုံးခြင်းဟု မိသားစုဝင်များက ပြောဆိုထားသည်။

နောက်ထပ်ဖြစ်စဉ်မှာလည်း မြောက်ဦးတွင်ပင် ဖြစ်သည်။ လက္ကာကျေးရွာက ဒေသခံ ၂၇ ဦးကို AA တပ်ဖွဲ့ဝင်ဟု သံသယဖြင့် ဧပြီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ စစ်ကြောရေးလုပ်နေစဉ်မှာပင် ဧပြီလ ၁၁ ရက်၊ ၁၄ ရက်နှင့် ၂၂ ရက်နေ့တို့တွင် သုံးဦးသေဆုံးသွားပြီး မိသားစုက သင်္ဂြိုဟ်ခွင့်ပင် မရခဲ့ပေ။ တပ်မတော်ဘက်ကမူ တစ်ဦးမှာ နှလုံးအမောဖောက်ကာ သေဆုံးပြီး တစ်ဦးမှာ ကြိုးဆွဲချကာ ကျန်တစ်ဦးမှာ မူးယစ်ဆေးစွဲကာ စိတ်ကျရောဂါဖြင့် သေဆုံးသည်ဟု ဖြေရှင်းချက်ပေးခဲ့သည်။ သေဆုံးသူများ၏ ဓာတ်ပုံများ Facebook တွင် ပျံ့နှံ့ပြီး ယင်းအနက် တစ်ဦး၏ ရုပ်အလောင်းတွင် ခန္ဓာကိုယ်ပြင်ပညိုမည်းစွဲဒဏ်ရာများ ပါရှိသဖြင့် မိသားစုဝင်များက သွေးရိုးသားရိုးသေဆုံးခြင်းဟုတ် မဟုတ် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်မေးခွန်းထုတ်ခဲ့သည်။

ယင်းနောက် မေလတွင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ထပ်မံကြုံတွေ့ရသည်။ AA ၏ယာယီစခန်းကို တွေ့ရှိပြီးနောက် ယင်းစခန်းမှ ထွက်ပြေးသူများ ကျောက်တန်းကျေးရွာတွင် ဝင်ရောက်ပုန်းခိုနေသည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့သည်။ အသက် ၁၅ နှစ်နှင့် ၅၀ နှစ်ကြားရှိသူ ၂၇၅ ဦးကို စာသင်ကျောင်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့ပြီး နှစ်ရက်ခန့်အကြာ မေလ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ပစ်ခတ်မှုကြောင့် ဒေသခံခုနစ်ဦး သေဆုံးခဲ့သည်။

ထိန်းသိမ်းထားသူများသည် လူစုလူဝေးဖြင့် ညာပံပေးအော်ဟစ်ကာ ရန်ပြုရန်လုပ်ဆောင်ပြီး လူအချို့က လက်နက်လုယူရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကာ ခုခံကာကွယ်ခြင်းသာဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။ ယင်းအဖြစ်အပျက်တွင် ကိုယ့်တွေ့ကြုံခဲ့ရသည့် ဒေသခံအချို့ကမူ တပ်မတော်သား သုံးရာခန့်၊ ရဲတပ်ဖွဲ့ဝင်တစ်ရာခန့် လုံခြုံရေးယူထားသည့် ယင်းနေရာတွင် လက်နက်လုယူရန် မဖြစ်နိုင်ဟုဆိုပြီး စိတ်ဝေဒနာရှင်တစ်ဦး အော်ဟစ်ပြီးနောက် စတင်ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

ယင်းအဖြစ်အပျက်ပြီးနောက် AA သံသယဖြင့် တပ်မတော်ကဖမ်းဆီးစစ်ဆေးနေသည့် ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဦးမောင်ကျော်လှိုင်ဆိုသူ ဒဏ်ရာများဖြင့် မေလ၂၂ရက်နေ့တွင် သေဆုံးသည်။

မြောက်ဦးမြို့နယ်၊ ပေါက်တာပြင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုနေမျိုးထွန်းလည်း ဇွန်လ ၂၅ ရက် နေ့တွင် သေဆုံးပြန်သည်။ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးသွားပြီး ရုပ်အလောင်း ဆေးရုံသို့ရောက်ရှိချိန်မှသာ မိသားစုဝင်များက သိရှိခွင့်ရရှိခဲ့သည်။ ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုထားသည်။

၁၄ ဦး မြောက်မှာ ဇူလိုင်လ ၁ ရက်နေ့တွင် သေဆုံးသူ ကိုဇော်ဝင်းလှိုင် ဖြစ်သည်။ ကိုနေမျိုးထွန်းသည် ကိုဇော်ဝင်းလှိုင်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အဆိုပါ ၁၄ ဦးစလုံးသည် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေစဉ် သေဆုံးသူသည်ဟု မသတ်မှတ်နိုင်ကြောင်း ပြောဆိုသည်။ ကျောက်တန်းဖြစ်စဉ်မှာ အခြားအကြောင်းအရင်းကြောင့် ဖြစ်ရခြင်းဖြစ်ပြီး လူ့အခွင့်အရေး ကော်မရှင်ကလည်း တွေ့ရှိချက်ကိုထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးမကောင်း၍ မြောက်ဦးသို့ လာစဉ်ဖမ်းဆီးခံရသဖြင့် ဆေးရုံမရောက်ဘဲ သေဆုံးမှုမှာလည်း ကျန်းမာရေးကြောင့်ဟုသာ သတ်မှတ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုဇော်ဝင်းလှိုင်မှာလည်း ဖမ်းဆီးစစ်ဆေးစဉ် ရဲစခန်းတွင် သေဆုံးခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးလို့ ပြောလို့ရတာက လက္ကာရွာသားသုံးဦးပဲရှိတယ်။ ဘာကြောင့်သေတယ်ဆိုတာလဲ သတင်းထုတ်ပြန်တာရှိတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

AA နှင့်ပတ်သက်၍ သံသယရှိသူ ၉၃ ဦးကို ဖမ်းဆီးထားပြီး ၃၆ ဦးကို စစ်ဆေးနေကာ အမှုဖွင့်အရေးယူထားသူ ၄၅ ဦးရှိကြောင်း၊ သုံးဦးကို ပြစ်ဒဏ်ချကာ ပတ်သက်မှုမရှိသူ ရှစ်ဦးကို လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း တပ်မတော်ထံမှ သိရသည်။ ယင်းအပြင် AA တပ်ဖွဲ့ဝင် ၅၀ ဦးကို ဖမ်းဆီးထားပြီး ၂၂ ဦးကို စစ်ဆေးနေကာ ၂၈ ဦးကို အမှုဖွင့်အရေးယူထားကြောင်း တပ်မတော်ထံမှ သိရသည်။

၁၄ ဦးမြောက်

ကိုဇော်ဝင်းလှိုင်သည် မြောက်ဦးမြို့နယ်၊ ဝေသာလီရွာတွင် လက်သမားလုပ်နေချိန်ဖမ်းဆီးခံရကြောင်း မိသားစုထံမှ သိရသည်။ ၎င်း အပါအဝင် ဒေသခံရှစ်ဦးသည် ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။

ပေါက်တောပြင်ကျေးရွာသား လေးဦးအပါအဝင် မသင်္ကာဖွယ်ရာ အမျိုးသားရှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိပြီး စစ်ဆေးမေးမြန်းနိုင်ရန် ကျောက်တော်မြို့မရဲစခန်းသို့ ပို့ဆောင်နေသည်ဟု တပ်မတော်က ဇူလိုင်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက်တွေ့ဆုံရန် မိသားစုဝင်များက ရဲစခန်းသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရကြောင်း၊ သွေးအန်ပြီး ကျန်မာရေးအခြေအနေမကောင်းသဖြင့် ကျောက်တော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီးမှသာ မိသားစုကို တွေ့ခွင့်ပေးကြောင်း ကိုဇော်ဝင်းလှိုင်၏ အစ်ကို ကိုဝင်းလှိုင်က ပြောဆိုသည်။

“လုံးဝအခြေအနေ မကောင်းတော့မှ မိသားစုကို လှမ်းခေါ်တယ်”ဟု ၎င်းက ဆိုသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ကျန်းမာရေးအခြေအနေဆိုးဝါးလာသဖြင့် စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရပြီး ဇူလိုင်လ ၁ ရက်နေ့ညပိုင်းတွင် သေဆုံးကြောင်း၊ ဆေးရုံတက်ရောက်သည့်ကာလတွင် ရေကိုပင် မသောက်နိုင်တော့သည့် အခြေအနေဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“သွေးတွေ အန်တယ်။ အသက်ရှူလို့မရဘူး။ နှာခေါင်းက သွေးထွက်တယ်။ ပါးစပ်က သွေးအလိပ်အလိပ်အန်ပါတယ်”ဟု ကိုဇော်ဝင်းလှိုင်၏ မိခင်ဖြစ်သူက ပြောဆိုသည်။

စစ်ကြောနေစဉ် ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် ကျောကုန်း၊ ရင်ဘတ် ရောင်ရမ်းနေပြီး ဒူးတွင်လည်း ဒဏ်ရာပြင်းထန်ကာ လက်တွင်လည်း ညိုမည်းစွဲဒဏ်ရာများရရှိထားသည်ဟု ၎င်းက ဆိုသည်။

“ပုဆိုးမှာ ကျောက်ခဲတွေနဲ့ ထုပ်ပြီးတော့ ရိုက်တယ်လို့ သူက ပြောတယ်။ ဒဏ်ရာဒဏ်ချက်တွေ တော်တော့်ကို များပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ကာ လေးရက်ကြာနှိပ်စက်ခံရသည်ဟု ကိုဇော်ဝင်းလှိုင်က ပြောဆိုခဲ့သည်ဟုလည်း မိသားစုဝင်များထံမှ သိရသည်။ ကိုဇော်ဝင်းလှိုင်သည် AA နှင့် ဆက်နွှယ်သူမဟုတ်ဘဲ လက်သမားအလုပ်ကို လုပ်ကိုင်ပြီး မိခင်ကို လုပ်ကျွေးနေသူဖြစ်သည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ကိုဇော်ဝင်းလှိုင်ကို တရားစွဲဆိုရန် ဇွန်လ ၂၄ ရက်နေ့ကပင် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောဆိုသည်။

“စွပ်စွဲတာတွေတော့ ရှိပါတယ်။ ဒါနဲ့ပတ်သက်ရင် နိုင်ငံသားတိုင်းမှာ ဥပဒေအရ အကာအကွယ်ယူပိုင်ခွင့်ရှိတယ်။ ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တောင်းဆိုသံညံ

ဖမ်းဆီးစစ်ကြောနေစဉ် သေဆုံးမှုတိုးလာသဖြင့် တရားမျှတမှုရရှိရေးတောင်းဆိုသံများ ပိုကျယ်လာသည်။

ကိုဇော်ဝင်းလှိုင်သေဆုံးပြီးနောက် တရားမျှတမှုရရှိရေးလှုပ်ရှားမှုများ Facebook တွင်အားကောင်းလာပြီး ဇူလိုင်လ၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင်လည်း လူငယ်အချို့က ‘စစ်ကြောရေးကြောင့် သေဆုံးသွားသူများအတွက် တရားမျှတမှု အလိုရှိသည်’ဟုဆိုကာ တောင်းဆိုခဲ့ကြသည်။

ဇူလိုင်လ ၃ ရက်နေ့တွင်လည်း ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ကာ တောင်းဆိုသည်။ ရခိုင်ပြည်နယ်တွင် စစ်မက်ဖြစ်ပွားနေသည့် ဒေသများတွင် ပြည်သူများကို သံသယဖြင့် ဖမ်းဆီး၊ နှိပ်စက်စစ်ဆေးနေမှုများကြောင့် အရပ်သားပြည်သူများသေဆုံးနေပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရန်၊ ပြစ်မှုကျူးလွန်သူများကို အရေးယူအပြစ်ပေးရန် တောင်းဆိုထားသည်။ ယင်းမှာ ကြေညာချက်တွင် ပါဝင်သည့် အချက်လေးချက်အနက် တစ်ချက်ဖြစ်သည်။

နှိပ်စက်ခံရခြင်းကြောင့်လော

ဖမ်းဆီးစစ်ကြောနေစဉ် နှိပ်စက်ခံရ၍ သေဆုံးခြင်းဟုတ် မဟုတ်မှာလည်း အငြင်းပွားဖွယ်ရာဖြစ်သည်။

တပ်မတော်ဘက်က တုံ့ပြန်ရာတွင် သေဆုံးသူများသည် ကျန်းမာရေးချို့ယွင်းမှုကြောင့်များပြီး အခြားစိတ်ပိုင်းဆိုင်ရာပြဿနာ၊ မူးယစ်ဆေးဝါးဆိုးကျိုးတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။ သေဆုံးသူများ၏ မိသားစုဝင်များနှင့် သုံးသပ်သူအချို့ကမူ နှိပ်စက်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဝေဖန်ကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ “ကျွန်တော်တို့ကတော့ဗျာ မဟုတ်မမှန်ဘဲနဲ့တော့ ဘာမှတော့ မလုပ်ပါဘူးဗျာ”ဟု ပြောဆိုသည်။

ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို တပ်မတော်က စစ်သည်တိုင်း လိုက်နာရပြီး ယင်းစည်းမျဉ်များတွင် ညှဉ်းပန်းနှိပ်စက်ခြင်း မလုပ်ရန်ပါရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

“ကျွန်တော်ပြောနေတာသည် ညှဉ်းပန်းနှိပ်စက်မှု မပြုခဲ့ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ ညှဉ်းပန်းနှိပ်စက်မှု မပြုရဘူးလို့ ညွှန်ကြားထားတာ ရှိတယ်။ တပ်မတော်အနေနဲ့ကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေရှိရင် လျစ်လျူရှုထားတာမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး နစ်နာမှုတွေရှိရင် နစ်နာသူတွေအနေနဲ့က ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လို့ရပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ ဖမ်းဆီးခံရပြီး အချိန်တိုအတွင်းတွင် သေဆုံးခြင်းမှာ ကျန်းမာရေးကြောင့် မဖြစ်နိုင်ကြောင်း ဝေဖန်သည်။

“အဖမ်းခံရတဲ့အချိန်မှာ ကျန်းကျန်းမာမာနဲ့ အဖမ်းခံရပြီးတော့ ရက်ပိုင်းအတွင်းမှာ သေဆုံးသွားတာက စစ်ကြောရေးဒဏ်ရာဒဏ်ချက်ကြောင့်ဆိုတာ အားလုံးသိကြပါတယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးအောင်အထိ စစ်ဆေးခြင်းမှာ လူ့အခွင့်အရေး၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် သံသယရှိသူများကို သက်သေအထာက်အထားခိုင်ခိုင်လုံလုံဖြင့် တရားစွဲဆိုသည့်နည်းလမ်းကိုသာ သုံးသင့်ကြောင်း ၎င်းက ပြောဆိုသည်။

“သေသွားတယ်ဆိုတာက ခံရတဲ့သူအတွက်ကလည်း တော်ရုံတန်ရုံညှင်းပန်းနှိက်စက်မှုမဟုတ်ဘူးဆိုတာကို သိသာတယ်။ ခြောက်လှန့်ပြီး ရိုက်ပုတ်တာကတော့ သေလောက်အောင်အထိ မဖြစ်နိုင်ဘူး”

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကမူ မြန်မာသည် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာရသည့် နိုင်ငံ ဖြစ်သဖြင့် ဖမ်းဆီးထားသူများကို ညှဉ်းပန်းနှိပ်စက်ခွင့်မရှိကြောင်း ဆိုသည်။

“လူ့အခွင့်အရေးအရလည်း ဖမ်းဆီးခံရတဲ့ လူပဲ ဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် နှိပ်စက်ညှဉ်းပန်းလို့က မရပါဘူးဗျ။ ကျွန်တော်တို့က ဒါကို လိုက်နာရတာပေါ့။ စစ်သားပဲဖြစ်ဖြစ်၊ ရန်သူအစစ်ကို မိရင်တောင် ညှဉ်းပန်းနှိပ်စက်လို့ မရပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်က AA ဟု သံသယရှိသူများကို စစ်ကြောနေစဉ် သေဆုံးမှုများနှင့် ပတ်သက်၍ အချက်အလက်စုဆောင်းနေပြီး ကော်မရှင်က တာဝန်ပေးလျှင် စုံစမ်းစစ်ဆေးမည်ဟု ၎င်းက ဆိုသည်။

သူပုန်ကို ဖမ်းမိလျှင်ပင် သတ်၍မရသည့် အခြေအနေမျိုးတွင် သံသယဖြင့် ဖမ်းဆီးထားသူများကို ပြစ်မှုကျူးလွန်သည်ဟု အထောက်အထားခိုင်ခိုင်မာမာ မပြသနိုင်သေးသည့်အပြင် တရားစီရင်ခြင်းအဆင့်သို့ မရောက်ခင်ပင် သေဆုံးသည့်အထိ လုပ်ဆောင်ရန် မသင့်လျော်ကြောင်း ဦးဖေသန်းက ဆိုသည်။ ယင်းအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဟု ပြည်တွင်းနှင့် နိုင်ငံတကာတို့က ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်ဟုလည်း ၎င်းက ဆိုသည်။

“အစဉ်သဖြင့် ဒီလိုလုပ်လာရင် ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ တပ်မတော်အပေါ်မှာ မုန်းတီးနာကျည်း ကြောက်ရွံ့စိတ်တွေဖြစ်ပြီး ပိုပြီးတော့ ဆိုကျိုးတွေဖြစ်လာမယ်။ ပိုပြီးတော့ တစ်ဖက်ကို တွန်းပို့လိုက်ရာကျပြီးတော့ ပဋိပက္ခလည်း ဒေသတွင်းမှာ ပိုပြီး ပြင်းထန်လာမှာဖြစ်တဲ့အတွက် တခြားနည်းပဲ သုံးသင့်ပါတယ်”ဟု ဦးဖေသန်းက ဆိုသည်။

ဘင်္ဂလီအရေးကြောင့် နိုင်ငံတကာ၏ အလွန်အကျွံဖိအားပေးမှုကို ခံနေရသည့် တပ်မတော်သည် လက်ရှိတွင် ရခိုင်တိုင်းရင်းသားများ၏ ထောက်ခံမှုပါဆုံးရှုံးလျှင် တပ်မတော်အတွက် အပူပေါ် အပူဆင့်မည့်ကိန်းဟုလည်း မှတ်ချက်ပေးသူများရှိသည်။

တပ်မတော်က ဖမ်းဆီးစစ်ကြောနေချိန်နှင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပြီးနောက်တွင် သေဆုံးသူ ၁၄ ဦးထက် မနည်းရှိနေပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုကြားတွင်လည်း စိုးရိမ်မှုရှိနေသည်။ ကိုဇော်ဝင်းလှိုင်၏ မိခင်ဖြစ်သူကမူ အောက်ပါအတိုင်းပြောဆိုသည်။

“ကျွန်မတို့ကတော့ သားလေးတစ်ယောက်ဆုံးရှုံးသွားပြီ။ နောက်ထပ်ပြည်သူလူထုလည်း ရက်ရက်စက်စက် မခံရစေချင်ဘူးလို့ ပြောချင်တယ်”

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *