ထူးခြားသွင်ပြင်နဲ့ ပတ်ဝန်းကျင်မူဝါဒသစ်

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်နေ့မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (National Environmental Policy)ကို နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီမူဝါဒရဲ့ အသက်က အခြေခံမူ ၂၃ ချက်ဖြစ်ပြီး မူဝါဒရဲ့အောက်မှာ ဆက်လက်ထွက်ရှိမယ့် မူဝါဒဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များအကြောင်းကိုလည်း ရေးသားထားတာကို တွေ့ရပါတယ်။ အပေါ်ယံကြည့်ရင် ဒီလိုပဲပြီးသွားမယ့် စာရွက်စာတမ်းတစ်ခုပဲလို့ ထင်ရပေမယ့် အောက်မှာဖော်ပြတဲ့ ထူးခြားချက်နဲ့ ဝိသေသလေးတွေကြောင့် ကျွန်တော်တို့ပြည်သူတွေ အလေးပေးပြီး စောင့်ကြည့်အကောင်အထည်ဖော်ရမယ့် မူဝါဒတစ်ခုဖြစ်တယ်လို့ အလေးပေးဆွေးနွေးချင်ပါတယ်။

၁။ သန့်ရှင်းကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဟာ လူအခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ကြေညာထားပါတယ်။

ရေကောင်း၊ လေကောင်းနဲ့ ပတ်ဝန်းကျင်ကပေးတဲ့ ဝန်ဆောင်မှုတွေက လူတချို့ (ဖွံ့ဖြိုးပြီးဒေသက လူတွေ၊ လူချမ်းသာတွေ) အတွက်ပဲ မဟုတ်ဘဲ၊ လူတန်းစားမရွေး၊ ဆင်းရဲချမ်းသာမရွေး ရသင့်တဲ့အခွင့်အရေးလို့ ဖော်ပြလိုက်သလိုပါပဲ။

အရင်မူဝါဒတုန်းက ပတ်ဝန်းကျင်ထိန်းသိန်းရေးဟာ နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်တယ်လို့သာ ဖော်ပြထားပေမယ့် အခုမှာတော့ အဲဒီကရလာတဲ့ အကျိုးကျေးဇူးကိုပါ ခံစားခွင့်တစ်ခုအနေနဲ့ အတည်အလင်းဖွဲ့ဆိုထားပါတယ်။ နောက်တစ်နည်းနဲ့ကြည့်လို့ရတာကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုဟာ ပတ်ဝန်းကျင်အတွက်သက်သက်မဟုတ်ဘဲ လူသားတွေရဲ့အခွင့်အရေးကို ကာကွယ်တာဖြစ်တယ်ဆိုတာ မီးမောင်းထိုးထားသလိုလည်း ဖြစ်ပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်ကို ကိုယ့်အတွက် အသုံးပြုခွင့်ဟာ သူများတွေရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတွေ ခံစား၊ စံစားနိုင်ခွင့်ကို မထိပါးသင့်ဘူးဆိုတဲ့ သဘောလည်းပါပါတယ်။

၂။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လူမှုရေး၊ စီးပွားရေး တိုးတက်မှုတွေဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်မနေဘူးဆိုတဲ့ ခံယူချက်နဲ့ ရေးထားပါတယ်။

ကျွန်တော်တို့တွေရဲ့ ရင်ထဲမှာ ခိုအောင်းလေ့ရှိတဲ့ အယူမှားလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ဖွံ့ဖြိုးတိုးတက်မှုလုပ်မယ်ဆိုရင် ပတ်ဝန်းကျင် ပျက်ကို ပျက်စီးရမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရမယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေး သေချာပေါက်နှေးကွေးမှာပဲဆိုတဲ့ အယူမျိုးပါ။ ဘာကြောင့် ဒီအယူက မှားတဲ့ဘက်မှာ ရှိတာလဲဆိုတော့ စီးပွားရေး ဖြစ်တည်တိုးတက်ဖို့အတွက် လိုအပ်ချက်ဖြစ်တဲ့ သယံဇာတများဟာ ပတ်ဝန်းကျင်ကပေးတာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ပျက်စီးလျှင် စီးပွားရေး ပျက်စီးယိုယွင်းမှုကလည်း နောက်ကလိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကပေးတဲ့ ဝန်ဆောင်မှုတွေရဲ့တန်ဖိုးကို ထည့်သွင်းတွက်ချက်ဖို့ ဒီမူဝါဒမှာ လမ်းညွှန်မှုပေးထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်ပျက်စီးရင် စီးပွားရေးပျက်စီးတာဖြစ်ပြီး သန့်ရှင်းကောင်းမွန်စွာလည်ပတ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကနေ စီးပွားရေးရဲ့ အခြေခံသယံဇာတတွေ ပေးထားတာဖြစ်ကြောင်း အသိအမှတ်ပြု ထည့်သွင်းထားတဲ့ သဘောပါပဲ။

ဥပမာအနေနဲ့ပြောရရင် သစ်တောတစ်တောအတွက် သစ်မာရဲ့ ဈေးကွက်တန်ဖိုးတစ်ခုပဲ တွက်ချက်ပြီး စီမံခန့်ခွဲတဲ့အခါမှာ ခြုံနွယ်များ အခြားအပင်များ၊ ဝါးများ၊ တောကောင်နဲ့ အင်းဆက်များ၊ သူတို့ကပေးတဲ့ အကျိုးကျေးဇူးများဖြစ်တဲ့ သဘာဝအတိုင်း ကုန်ကျစရိတ်မဲ့ကြည်လင်စေတဲ့ ရေသန့်စင်မှု၊ မယုတ်မလွန်ဖြစ်အောင် ထိန်းညှိပေးထားတဲ့ ရေစီးဆင်းမှု၊ ဝတ်မှုန်ကူးပြီး မျိုးအောင်စေခြင်းဖြင့် အထောက်အကူပြုတဲ့ ကောက်ပဲသီးနှံအထွက်နှုန်းမြင့်မားမှု၊ အနီးအနားက မြို့ရွာတွေရဲ့ အပူချိန်ကို လျှော့ချပေးမှု စတဲ့ ‘ဂေဟစနစ်ဝန်ဆောင်မှု တန်ဖိုး’ (Ecosystem Services Values) တွေ ယိုယွင်းပျက်စီးလာနိုင်ပါတယ်။ အဲဒီလိုပျက်စီးယိုယွင်းလာတာနဲ့ အနီးအနားမှာရှိတဲ့ မြို့ရွာတွေရဲ့ စီးပွားရေး ယိုင်နဲ့လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရေလွှမ်းမိုးရင် ပျက်စီးမယ့်ဆုံးရှုံးမှုတွေ၊ နွေရာသီမှာ ရေပြတ်လပ်လို့ ဆုံးရှုံးမှုတွေ၊ သီးနှံအထွက်နည်းလို့ ဆုံးရှုံးမှုတွေဟာ တစ်ဦးတစ်ယောက်က တကယ်ပေးရတဲ့ ပိုက်ဆံတွေပါ။ ရမှာပဲကြည့်ပြီး ပြန်ပေးရမှာ ထည့်မတွက်တဲ့အတွက်ဖြစ်တဲ့ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ဖြစ်လာတဲ့ အခြေခံမူတစ်ရပ်လို့ မြင်ပါတယ်။

ဒီထက်တစ်ဆင့်တက်ပြီး လမ်းညွှန်မှုပေးထားတာက အဲဒီလို တန်ဖိုးတွက်ချက်တဲ့နေရာမှာ ‘ယုံကြည်ကိုးကွယ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး’ (Spiritual Value) စတဲ့ ‘အကောင်အထည်အနေနဲ့ မဖော်ပြနိုင်သော အကျိုးကျေးဇူး’ (Intangible Values) များကိုပါ အသိအမှတ်ပြု ထည့်သွင်းစဉ်းစားရမယ်လို့ ပါရှိပါတယ်။ အဲဒီကိစ္စမှာလည်း တန်ဖိုးဆိုတာ လူကချမှတ်တာဖြစ်ပြီး ပိုက်ဆံနဲ့သတ်မှတ်ရ ခက်ခဲပေမယ့် လူတွေအတွက် တကယ်အကျိုးရှိတဲ့တန်ဖိုးတွေကို ထည့်သွင်းစဉ်းစားဖို့ မူတစ်အခုအနေနဲ့ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ တန်ဖိုးဖြတ်မရတဲ့ သို့မဟုတ် တန်ဖိုးဖြတ်ရအလွန်အမင်းခက်ခဲတဲ့ အရာများကို သုညဆိုပြီး တန်ဖိုးဖြတ်မိမယ့် အန္တရာယ်ကနေ ကာကွယ်ထားပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးက လူမှုစီးပွားရေးအကျိုးရှိကြောင်း အသိအမှတ်ပြုထားသလို စားဝတ်နေရေး ပြေလည်မှုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုအပ်ချက်ဖြစ်ကြောင်းလည်း သွယ်ဝိုက်ပြီး အသိအမှတ်ပြုထားပါတယ်။ ဥပမာအားဖြင့် အခြေခံမူ နံပါတ် ၉ မှာ ‘ပတ်ဝန်းကျင်နှင့် ဆင်းရဲနွမ်းပါးမှုတို့သည် ခွဲထုတ်မရနိုင်ဘဲ အပြန်အလှန် ဆက်သွယ်မှုရှိနေကြောင်း အသိအမှတ်ပြုလျက်’ လို့ပါရှိပြီး ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေးဗျူဟာတစ်ရပ်အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာပါဝင်ကြောင်း ထောက်ပြထားခဲ့ပါတယ်။

ပုံမှန်အားဖြင့် ပတ်ဝန်းကျင်လို့ကြားရင် သစ်တော၊ သစ်ပင်၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင်တွေ ပြေးမြင်ကြလေ့ရှိပါတယ်။ ဂေဟစနစ်၊ အပင်နဲ့ တိရိစ္ဆာန်တွေအပြင် မြို့ပြနှင့်နွယ်၊ ရေကောင်းရေသန့်နဲ့ လေကောင်းလေသန့် ရရှိရေး၊ ရေဆိုးသန့်စင်ရေးနဲ့ စွန့်ပစ်ပစ္စည်း စနစ်တကျ စီမံခန့်ခွဲရေး စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတွေဟာလည်း လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ မဖြစ်မနေပါဝင်ရမယ့် ကိစ္စရပ်တွေအဖြစ် ညွှန်ကြားထားပါတယ်။

၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြစ်ပေမယ့် စွမ်းအင်၊ စက်မှု၊ သယံဇာတထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍစုံနဲ့နွယ်တဲ့ လမ်းညွှန်မှုများကိုလည်း ထည့်ထားတာ တွေ့ရပါတယ်။

ပတ်ဝန်းကျင်လို့ ဆိုကတည်းက အကုန်ခြုံပြီး သက်ဆိုင်တဲ့သဘောရှိတာနဲ့အညီ ပြည်တွင်းစီးပွားရေးကဏ္ဍ အသီးသီးနဲ့ဆိုင်တဲ့ လမ်းညွှန်မှုတွေအပြင် နိုင်ငံတကာဆက်ဆံရေး၊ ကျား၊ မ တန်းတူညီမှုရှိရေး၊ တိုင်းရင်းသား လူနည်းစုများရဲ့ အခွင့်အရေး မလျှော့ပါးစေရေး၊ လူတိုင်းတရားသဖြင့် ကြားနာစေခွင့်ရှိခြင်း၊ ကိစ္စရပ်များပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။

၎။ အဲဒီလိုထည့်သွင်းတဲ့အခါ ဖြစ်စဉ်ကိုလည်း ဇောင်းပေးထားတာ တွေ့ရပါတယ်။

အခြေခံမူအပြင် နောက်ဆက်တွဲ ဆက်လက်ထွက်ရှိမယ့် မူဝါဒဆိုင်ရာ စာရွက်စာတမ်းများနဲ့ လုပ်ငန်းစဉ်များလည်းအတွက်လည်း လမ်းကြောင်းပေးထားပါတယ်။ ဘာဖြစ်ရမယ်၊ ဖြစ်ချင်တယ် ဆိုတာတွေတင် ဖော်ပြထားတာပဲ မဟုတ်ဘဲ ဘယ်လိုဖြစ်ရမယ်ဆိုတာကိုပါ ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။ အမျိုးသမီးများနဲ့ ကလေးငယ်များရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ခွင့်၊ သက်ဆိုင်သူများရဲ့ လိုအပ်တဲ့ အချက်အလက်များရပိုင်ခွင့်များ၊ ပဋိပက္ခ ဖြေရှင်းခြင်းကိစ္စရပ်များကိုလည်း ပြည့်ပြည့်၀၀ ထည့်သွင်းထားပါတယ်။

မူဝါဒရဲ့ နောက်ဆက်တွဲအနေနဲ့ မဟာဗျူဟာမူဘောင် (Strategic Framework) ကို ရေးဆွဲနေကြောင်းသိရတဲ့အပြင် အဲဒီမူဘောင်မှာ ပတ်ဝန်းကျင်အုပ်ချုပ်ရေးအကြောင်းအရာများဖြစ်တဲ့ စောင့်ကြည့်စစ်ဆေးမှု၊ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး၊ သတင်းအချက်အလက် ရရှိစေရေး၊ အငြင်းပွားမှုကို အလွယ်တကူနဲ့ အလျှင်အမြန် ဖြေရှင်းနိုင်ရေး၊ ဥပဒေပြုရေး၊ ကြပ်မတ်ရေး၊ အကျိုးသက်ရောက်စေရေး၊ ဘဏ္ဍာငွေရေရှည်လုံလောက်စွာရရှိစေရေး စတဲ့ ကိစ္စရပ်များကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

အဲဒီမှာ ထူးခြားတာလေးတစ်ခုက နိုင်ငံတကာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြစ်စဉ်တွေအတွက် အသုံးပြုနေတဲ့ အခြေခံမူတချို့တွေကို မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြစ်စဉ်မှာလည်း အခြေခံဖို့ ထည့်သွင်းထာပါတယ်။ ဥပမာအားဖြင့် မျိုးဆက်များကြား သာတူညီမျှရှိမှု (Inter Generational Equity) (အခြေခံမူ ၅)၊ လေလွင့်မှုမရှိစေရေးမူ (Zero Waste Approach) (အခြေခံမူ ၇၊ ၁၃)၊ ညစ်ညမ်းစေသူ တာဝန်ယူစေသည့်မူ (Polluter Pays Principles) (အခြေခံမူ ၁၄)၊ ကြိုတင်သတိထားဆောင်ရွက်ခြင်းမူ (Precautionary Principle) (အခြေခံမူ ၁၃၊ ၁၆)၊ ထိခိုက်မှု လျော့ချခြင်းအဆင့်ဆင့် (Mitigation Hierarchy) (အခြေခံမူ ၁၃၊ ၁၆) တို့ ဖြစ်ပါတယ်။

မူဝါဒတွေရဲ့ အောင်မြင်မှုဟာ သက်ဆိုင်သူတွေက အဲဒီမူဝါဒ အမှန်ဖြစ်လာဖို့ ဘယ်လောက်ပါဝင်လှုပ်ရှားလဲအပေါ် အများကြီးမူတည်ပါတယ်။ ကျွန်တော်ရဲ့အမြင်မှာ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒဟာ စုံစုံလင်လင်နဲ့ ထောင့်စေ့အောင် ရေးဆွဲထားတဲ့ မူဝါဒတစ်စောင် ဖြစ်ပါတယ်။ အဲဒီမူဝါဒနဲ့အညီ ကောင်းမွန်တဲ့ရလဒ်များ ထွက်ပေါ်လာဖို့ အစိုးရကို စောင့်ကြည့်တိုက်တွန်း ပါဝင်ကူညီဖို့မှာ ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုပြောင်းလဲမှုမြန်ဆန်နေတဲ့အချိန်မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုဘက်ရောက်ရှိဖို့ ဒီမူဝါအပေါ်အခြေခံပြီး အားလုံးလုပ်ဆောင်သင့်တယ်လို့ တင်ပြအပ်ပါတယ်။ 

ရန်မင်းအောင်

(စာရေးသူသည် အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ အကြံပေး ဖြစ်သည်)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *