လောကုတ္တရာကို ရွေးချယ်ခဲ့သော ဂုဏ်ထူးရှင်များ

photo by မြစကြာကျောင်းတိုက် FB

“မိဘကျေးဇူးကို ပြန်ဆပ်ချင်လို့  သာသနာ့ဘောင်ကို ဝင်ခဲ့တာပါ”

ထို့သို့ မိန့်ကြားခဲ့သူက အခြားသူ မဟုတ်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းဘာသာစုံဂုဏ်ထူးရှင် ပူပူနွေးနွေး ကိုရင်ဖြစ်သည့် ရှင်ကိတ္တိဇ၀ပင် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကိုရင်ရှင်ကိတ္တိဇ၀ (အောင်ကောင်းဆက်) က သာသနာဘောင်သို့ ဝင်ခဲ့ရသည့် အကြောင်းကို ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ထွက်ရှိခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် မလှိုင်မိသားစုကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုခဲ့သော ရှင်ကိတ္တိဇ၀သည် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

အောင်စာရင်းမထွက်ခင် တစ်လအလိုကပင် ငယ်စဉ်ကတည်းက ၎င်း ပြုလုပ်လိုသော သာသနာဘောင်သို့ ဝင်ရောက်နေပြီဖြစ်သည်။

“ငယ်ငယ်လေးကတည်းက မိဘတွေ မေးကတည်းက ဘုန်းကြီးဝတ်မယ်လို့ပဲ ဖြေခဲ့တာ။ မိဘတွေရဲ့ကျေးဇူးကို ဆပ်ချင်လို့ ၁၀တန်းအောင်အောင်လည်း အကောင်းဆုံးဖြေခဲ့တယ်”ဟုရှင်ကိတ္တိဇ၀က မိန့်ကြားသည်။

လူ့ဘောင်တွင် ရှိစဉ်က တက္ကသိုလ်ဝင်တန်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော်လည်း သာသနာ့ဘောင်အတွင်းသို့ရောက်ရှိစဉ် လောကုတ္တရာပညာများကို အစမှ ပြန်သင်နေရပြီး သူငယ်တန်းအဆင့်သာရှိသေးကြောင်း ရှင်ကိတ္တိဇ၀က မိန့်ဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အများက အားကျအတုယူရမည့်သူတစ်ဦးဖြစ်ခဲ့သည့် ရှင်ကိတ္တိဇ၀သည် သာသနာ့ဘောင်အတွင်း၌လည်း လမ်းပြကြယ်တစ်ဦးဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။ ထို့အပြင် ၎င်းထက်ငယ်ရွယ်သူများအနေနှင့်လည်း ကောင်းမွန်သည့် လမ်းပြကြယ်များ နောက်ကို လိုက်စေချင်ကြောင်း ရှင်ကိတ္တိဇ၀က အကြံပြုသည်။

အောင်စာရင်းထွက်ချိန်တွင် ဘာသာစုံဂုဏ်ထူးထွက်သည်ကို သိခဲ့သော်လည်း ထူးထူးခြားခြားရင်ခုန်ခဲ့ခြင်းမျိုး မရှိကြောင်း ရှင်ကိတ္တိဇ၀ကမိန့်သည်။ လက်ရှိအချိန်တွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ မြစေတီကျောင်းတွင် လောကီပညာမဟုတ်ဘဲ လောကုတ္တရာပညာကို ငြိမ်းချမ်းစွာဖြင့် စတင်ဆည်းပူးနေပြီ။

အဆိုပါကျောင်းတွင် နေထိုင်ရသည်မှာ အေးချမ်းမှုရှိကြောင်းလည်း ရှင်ကိတ္တိဇ၀က မိန့်သည်။

၎င်းကဲ့သို့ပင် ယခုနှစ်တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးထွက်ခဲ့သော်လည်း သာသနာ့ဘောင်သို့ ဝင်လာရောက်ခဲ့သူများလည်း ရှိသည်။ ထိုထဲတွင် ကိုရင် ရှင်အရိယကန္တလည်း အပါအဝင်ဖြစ်သည်။ ရှင်အရိယကန္တသည် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။

ယင်းနောက် သာသာနာ့ဘောင်သို့ ခြေစုံပစ်ဝင်ခဲ့သည်။ လက်ရှိအချိန်တွင် စစ်ကိုင်းတောင်ရိုးရှိ မြစေတီကျောင်းတွင်ပင် စာသင်သားအဖြစ် နေထိုင်နေသူလည်း ဖြစ်သည်။ ရခဲလှသည့် လူ့ဘ၀တွင် သာသနာနှင့် ကြုံတွေ့ရသည့်အခိုက် အကောင်းဆုံးအခြေအနေတစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်အရိယကန္တက မိန့်ကြားသည်။

၎င်းသည် တောင်သာမြို့တွင် နေထိုင်သူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် တောင်သာတွင် ရှိသည့် ၎င်း ဆရာဖြစ်သူ အဆက်အသွယ်ဖြင့် မြစကြာကျောင်းတွင် စာသင်သားအဖြစ် လာရောက်ဆည်းပူးနေသူဖြစ်သည်။

“ရခဲတဲ့ လူ့ဘ၀မှာ သာသနာနဲ့ လည်း ကြုံတွေ့ရတယ်။ အဲဒါက အင်မတန် မှ ကံထူးတာပေါ့။ အဲဒီ့လို ဘ၀မျိုးရတဲ့ အချိန်မှာ အကောင်းဆုံးဖြစ်ဖို့ ဒီလမ်းကို ရွေးချယ်ခဲ့တာပါ။ အိမ်ကလည်း သဘောတူတယ်”ဟု ရှင်အရိယကန္တက မိန့်သည်။

ထို့အပြင် မိဘများက အသက်ကြီးမှလူထွက်မည်ကို စိုးရိမ်ကြောင်းလည်း ကိုရင်က ရယ်မောကာ ပြောပြသည်။

မြစေတီကျောင်းတွင် စာသင်သားအဖြစ်နေပြီး ဘ၀တစ်သက်လုံး ရဟန်းဘ၀ဖြင့်နေရန် ရည်ရွယ်ထားကြောင်းလည်း ရှင်အရိယကန္တက ပြောဆိုသည်။

“ပရိယတ္တိဆိုတဲ့ စာသင်စာချတာ ပြီးရင်တော့ ပရိပတ္တိပါလိုက်မှာပါ။ တရား အားထုတ်မှာပါ။ သာသနာ့ဘောင်ထဲကို ဝင်ရင် သာသနာဘောင်ထဲက စည်းကမ်းတွေကို လိုက်နာရမယ်”ဟု ၎င်းက မိန့်သည်။

တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကာ ယခုနှစ်တွင် မြစကြာ ကျောင်းတွင် စာသင်သားအဖြစ် ရောက်ရှိလာသည့် ကိုရင်ခြောက်ပါးနှင့် ဦးဇင်းတစ်ပါးရှိသည်။

ရှင်ကိတ္တိဇ၀သည် ခြောက်ဘာသာ ဂုဏ်ထူးရှင်၊ ရှင်အရိယကန္တသည် သုံးဘာသာဂုဏ်ထူးရှင်၊ ရှင်သောဘနသည် သုံးဘာသာဂုဏ်ထူးရှင်၊ ဦးသုမေဓ သည် သုံးဘာသာဂုဏ်ထူးရှင်၊ ရှင်ဝရပည မှာ နှစ်ဘာသာဂုဏ်ထူးရှင်၊ ရှင်ဉာဏသာမိမှာ တစ်ဘာသာဂုဏ်ထူးရှင်နှင့် ရှင်နိယျာနိက မှာ တစ်ဘာသာဂုဏ်ထူးရှင်တို့ ဖြစ်သည်။

အောင်မြင်ခဲ့သည့် နှစ်နှင့် ဂုဏ်ထူး ရရှိသည့် ဘာသာအရေအတွက် မတူညီသော်လည်း တူညီသည်က အားလုံးသည် သာသနာ့ဘောင်တွင် တစ်သက်လုံး နေထိုင်သွားမည်ဆိုသည့် အချက်ပင်။

သာသနာ့ဘောင်အတွင်းမှ စာပေကျမ်းဂန်များကို လေ့လာဆည်းပူးကာ အခြားသူများကို ပြန်လည်မျှဝေသွားမည်ဖြစ်ကြောင်း ၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ဦးဇင်းသုမေဓက ဆိုသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်တွင် ကိုရင်ဘ၀အဖြစ်နေသည်မှာ သုံးနှစ်ကျော်ကြာပြီးနောက် ဦးဇင်းဖြစ်ခဲ့ပြီး ယခုနှစ်တွင် မြစကြာကျောင်းတိုက်တွင် စာသင်သားအဖြစ် လေ့လာဆည်းပူးနေသူ ဖြစ်သည်။

“စာသင်သားကနေ ဘွဲ့ရတဲ့အထိ လုပ်မှာပေါ့။ နောက်ပိုင်းတော့ ကိုယ်သိ တာတွေကို တခြားသူတွေကို မျှဝေပြီး သာသနာပြန်ပြုချင်တာပေါ့”ဟု ၎င်းက မိန့်သည်။

ထို့အပြင် မိဘ၊ ဆွေမျိုးများကို တရားဟောကာ ကျေးဇူးပြန်ဆပ်ချင်ပြီး လူ့ဘ၀တွင် နေထိုင်နေသူများသည် နေ့စဉ်ကုသိုလ်ရမည့် အလုပ်များကို လုပ်သင့်ကြောင်း ဦးဇင်းသုမေဓက ပြောဆိုသည်။

“မိဘကိုလည်း တရားဟောပြီး ကျေးဇူဆပ်ချင်လို့ပါ။ လူ့ဘ၀မှာက ဒုက္ခတွေက အရမ်းများတယ်။ ရဟန်းဘ၀ကတော့ အေးချမ်းတာပေါ့။ ငယ်ငယ်ကတည်းက ဝိပဿနာတရားတွေ နာတယ်။ ဘ၀ရဲ့ ဆင်းရဲဖြစ်တဲ့ အိုနာသေဆိုတဲ့ ဆင်းရဲကို သိခဲ့တယ်။ အဲဒီကနေ လွတ်ချင်တာပေါ။ အဲဒီရည်ရွယ်ချက်နဲ့ ဝတ်လာတာ” ဟု ၎င်းက မိန့်ကြားသည်။

သာသနာ့ဘောင်အတွင်းကပင် လောကီပညာကိုသင်ကြားရင်း တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးထွက်ခဲ့သည့် ကိုရင်တစ်ပါးလည်း ရှိသည်။ ပြီးခဲ့သည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည့် ကိုရင်ရှင်ဝရပညပင် ဖြစ်သည်။

ရှင်ဝရပညသည် ၎င်းအသက် ရှစ်နှစ်ခန့်ကပင် ကိုရင်ဝတ်ကာ ရွာဘုန်းကြီးကျောင်းတွင်နေ၍ အစိုးရစာသင်ကျောင်းကို ကိုရင်ဘ၀ဖြင့် တက်ခဲ့သူဖြစ်သည်။ ရှစ်နှစ်ခန့် ကိုရင်ဘ၀ဖြင့် ဖြတ်သန်းပြီး နောက် ပြီးခဲ့သည့်နှစ်တွင် ဂုဏ်ထူးနှစ်ဘာသာဖြင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ချိန်တွင် ရွာရှိ ကျောင်းထိုင်ဆရာတော်က လူဘောင်နှင့် သာသာနာ့ဘောင်ကို ရွေးချယ်ရန် အချိန်တစ်ရက်ပေးကာ စဉ်းစားခွင့်ပေးခဲ့ကြောင်း ရှင်ဝရပညက  မိန့်သည်။

ရှင်ဝရပညက သာသနာ့ဘောင်ကိုသာ ရွေးချယ်ခဲ့သည်။ သာသနာ့ဘောင်အတွင်းမှနေ၍ သာသနာအတွက် ကောင်းမွန်သည့် လုပ်ငန်းများလုပ်ကိုင်ကာ မိဘကျေးဇူးကို ဆပ်သွားမည်ဖြစ်ကြောင်း ရှင်ဝရပညက မိန့်ကြားသည်။

ထို့နောက် ယခုနှစ်တွင် မြစေတီကျောင်းတွင် စာသင်သားအဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

photo by မြစကြာကျောင်းတို FB 

ရှင်ဝရပည နေထိုင်ခဲ့သည့် မြိုင်မြို့နယ်ကွမ်းတောရွာကိုလည်း တိုးတက်အောင်လုပ်ပေးစေချင်သည့် ဆန္ဒရှိကြောင်းလည်း ၎င်းက မိန့်သည်။

‘ဒကာဒကာမတွေကို ကိုယ်က တရားဟောတရားပြမယ်။ ကျေးလက်က သူတွေက အသိဉာဏ် အဲလောက် မဖွံ့ဖြိုးဘူးလေ။ အဲဒီတော့ ကိုယ်သိတာလေးတွေနဲ့ ရွာမှာ တရားဟော တရားပြလုပ်မယ်။ ကိုယ့်ကျေးရွာကိုလည်း တိုးတက်အောင် လုပ်မယ်” ဟု ရှင်ဝရပညက မိန့်ဆိုသည်။

အဆိုပါ ကိုရင်ခြောက်ပါးနှင့် ဦးဇင်းတစ်ပါးတွင် တူညီသည့်အချက်မှာ သာသနာ့ ဘောင်အတွင်းမှ မိဘကျေးဇူးဆပ်ချင်သည့် အချက်အပြင် ၎င်းတို့ မိဘများကလည်း သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သည်ကို စိတ်ချမ်းသာနေကြခြင်းဖြစ်သည်။

သာသနာ့ဘောင်အတွင်းမှနေ၍ မိဘကျေးဇူးဆပ်ခြင်းသည် ကောင်းမွန်  သည့်အရာဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် သားတစ်ယောက်၏ဆန္ဒကို ကြည်ကြည်ဖြူဖြူလိုက်လျောခဲ့ခြင်းဖြစ်ကြောင်း ရှင်ကိတ္တိဇ၀၏ မယ်တော် ဒေါ်ဆွေဆွေနှင်းက ပြောဆိုသည်။

မြစကြာကျောင်းသည် စည်းကမ်းရှိပြီး အမှန်တကယ်ကောင်းမွန်သည့် ကျောင်းတိုက်ဖြစ်သည့်အတွက် ရှင်ကိတ္တိဇ၀ စာသင်ရန်အတွက် အဆိုပါကျောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြစကြာကျောင်းတိုက်တွင် စာချ ကိုယ်တော် ၃၁ ပါးရှိပြီး စာသင်သား ၄၄၀ ခန့်ရှိကာ စုစုပေါင်း ၄၇၀ ခန့်နေထိုင် သီတင်းသုံးနေကြောင်း မြစကြာကျောင်း တိုက်နာယကဆရာတော်ထံမှ သိရသည်။

ထို့အပြင် အဆိုပါကျောင်းတွင် နိုင်ငံခြားမှ သာမဏေဖြစ်သည့် ကိုရင်များပင် စာသင်သားအဖြစ် လာရောက်လေ့လာဆည်းပူးနေသူများရှိကြောင်း အဆိုပါ ကျောင်းထံမှ သိရသည်။

ယင်းကဲ့သို့ လောကီပိုင်းတွင် ပညာတော်သည့် ကလေးများ သာသနာ့ဘောင် အတွင်း ဝင်ရောက်လာသည်မှာ ကောင်းမွန်ပြီး နောက်လူများကလည်း ၎င်းတို့ကို အားကျကာ သာသနာ့ဘောင်အတွင်းသို့  ဝင်ရောက်လာနိုင်ကြောင်း မြစကြာကျောင်းနာယကဆရာတော်က မိန့်ကြားသည်။

“ဘုရားလက်ထက်ကလည်း ချမ်းသာတဲ့ သူတွေ၊ သူဌေးတွေ ဝတ်လာတဲ့ အခါကျတော့ နောက်လူတွေကလည်း အားကျပြီးတော့ လိုက်ဝတ်တာမျိုးတွေ ရှိတယ်လေ။ သာသနာ့ဘောင်ဆိုတာ တကယ်ကို ကောင်းတဲ့နေရာဆိုတာကို သိသွားတာပေါ့”ဟု ဆရာတော်က မိန့်သည်။

အဆိုပါကိုယ်တော်များကို ပညာကို ပိုမိုကြိုးစားရန်၊ အကျင့်သီလခေါ် အကျင့် စာရိတ္တကို ဖြည့်ကျင့်နိုင်သမျှ ဖြည့်ကျင့်ရန်၊  အကျင့်စာရိတ္တကောင်းသည့် အကျင့်သီလပြည့်စုံသည့် ရဟန်းဖြစ်ရန် ကြိုးစားရန် ဆုံးမပြောဆိုခဲ့ကြောင်း အဆိုပါကိုယ်တော်များထံမှ သိရသည်။

“ဒီကျောင်းမှာက ဝိနည်းတွေကို သင်ပေးတယ်။ စိတ်ထားကို ဘယ်လိုထားရမယ်ဆိုတာ ဆုံးမတယ်။ ပြုပြင်ပေးတယ်။ နှလုံးသားထဲကို ဒီလိုနေတာကောင်းတယ်ဆိုတဲ့ အသိဉာဏ်တစ်ခု ထည့်ပေးလိုက်တာပေါ့။ ကိုယ် မလုပ်သင့်တဲ့ အရာတွေ မလုပ်မိအောင် စိတ်ပိုင်းဆိုင်ရာအသိဉာဏ်တွေ ထည့်ပေးတာ” ဟု နာယကဆရာတော်က မိန့်ကြားသည်။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *