တရုတ်က ကမ္ဘာ့ဘဏ်ဆန်လာပြီလား ?

တရုတ်နိုင်ငံရဲ့ အာဖရိကကို ငွေချေးတဲ့ပုံစံဟာ အနောက်တိုင်း ဆန်လာပြီလား ? ၊ အနောက်တိုင်းပုံစံတွေကို စတင်ကျင့်သုံးနေပြီလား ?။

ကင်ညာနိုင်ငံက သမ္မတဟာ လူမြင်ကွင်းကနေ ဆယ်ရက်လောက် ပျောက်နေတော့ ကင်ညာနိုင်ငံသားတွေ ‘သမ္မတကို ရှာပေးကြပါ’ ဆိုတဲ့ လှုပ်ရှားမှုတစ်ခုလုပ်ကြတယ်။ သမ္မတကို နောက်ဆုံးတွေ့ရတာကတော့ ပီကင်းမြို့မှာပါ။ အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကတော့ သမ္မတဟာ သူ့ရုံးထဲမှာ အဓိဋ္ဌာန်ဝင်နေတယ်လို့ ဆိုတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ကင်ညာနိုင်ငံက ဒေါ်လာ ၁၀ ဘီလီယံတန် မဟာရထားလမ်း နောက်တစ်ဆင့်အတွက် တရုတ်နိုင်ငံကို ငွေထပ်သွားချေးတာမရခဲ့လို့၊ အတော် စိတ်ဆိုးမာန်ဆိုးဖြစ်နေပုံရတယ်လို့ ပြောကြတယ်။ သမ္မတ စိတ်ဆိုးမယ်ဆိုရင်လည်း ဆိုးလောက်ပါတယ်။ တရုတ်နိုင်ငံက အာဖရိကမှာ ပုံအောထားတာတွေဟာ နည်းနည်းနောနောမှ မဟုတ်တာ။  စက်တင်ဘာလတုန်းကလည်း အာဖရိကကို ချေးငွေနဲ့အကူအညီ  နောက်ထပ် ၆၀ ဘီလီယံထပ်ပေးမယ်လို့ ပြောခဲ့သေးတာကိုး။ တရုတ်သမ္မတကတော့ ‘နှောင်ကြိုးမဲ့’ ပေးတာလို့ဆိုတော့ တန်ဇန်နီးယားသမ္မတက သိပ်ပျော်ပေါ့။ သူ့အဆိုအရဆို အနောက်နိုင်ငံကပေးတဲ့  အကူအညီတွေဟာ ထူးဆန်းတဲ့ ‘လိင်တူချစ်သူတွေ ထောင်ချမပစ်ရ’  ဆိုတဲ့ သတ်မှတ်ချက်မျိုးတွေပါသတဲ့။ ဒါကြောင့် တရုတ်ဟာ အခမဲ့အကူအညီပေးတာဖြစ်လို့ တကယ့်မိတ်ဆွေစစ်ပဲလို့တောင် ပြောရှာသေးတယ်။

တရုတ်နဲ့ ပေါင်းတဲ့အတွက်ကြောင့်လည်း တန်ဇန်နီးယားအနေနဲ့ အကျိုးရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ တရုတ်ဆီက ဒေါ်လာနှစ်ဘီလီယံလောက် ချေးငွေရတယ်လို့ သုတေသနအဖွဲ့တစ်ခုက ဆိုပါတယ်။ တစ်ခါတုန်းက ကျွန်နဲ့ ဆင်စွယ်အရောင်းအဝယ်လုပ်ခဲ့တဲ့ ဆိပ်ကမ်းဖြစ်ခဲ့ပြီး အခုတော့ တံငါရွာဖြစ်နေတဲ့ မြို့လေးကို ဒေါ်လာ ၁၀ ဘီလီယံတန်  ဆိပ်ကမ်းဆောက်ပေးမယ်လို့ ၂၀၁၃ ခုနှစ်မှာ တရုတ်က ကတိပေးခဲ့တာပါ။

ကင်ညာနိုင်ငံဆို ပိုတောင်အကျိုးရှိသေးတယ်။ တရုတ်နဲ့ ‘ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း’ စီမံကိန်းကြီးမှာ အစောကြီးကတည်းက ပါဝင်ခဲ့တဲ့ နိုင်ငံပေါ့။ ၂၀၀၆ နဲ့ ၂၀၁၇ ကြားမှာ ကင်ညာနိုင်ငံကို ၁၀ ဘီလီယံ နီးနီး ထုတ်ချေးခဲ့တာဆိုတော့ အာဖရိကမှာ တရုတ်ရဲ့ တတိယချေးငွေအများဆုံးရတဲ့ နိုင်ငံပေါ့။

နိုင်ငံရေးအရ အများကြီးအကျိုးသက်ရောက်မှုရှိနိုင်တဲ့ ကင်ညာရထားလမ်းစီမံကိန်းအတွက် နောက်ထပ် ချေးငွေထပ်ရချိန်တန်ပြီလို့  ကင်ညာသမ္မတက တွက်ထားခဲ့ပုံရပါတယ်။ ဒီစီမံကိန်းကြီးဟာ တရုတ်ရဲ့  အာဖရိကမှာ လူသိများတဲ့စီမံကိန်းကြီး ဖြစ်ပါတယ်။ ပြီးသွားတဲ့ လမ်းပိုင်းနှစ်ပိုင်းအတွက် တရုတ်က ဒေါ်လာ ငါးဘီလီယံနီးပါးချေးခဲ့ပြီး မြို့တော် နိုင်ရိုဘီနဲ့ မွမ်ဘာဘာဆိပ်ကမ်းကြားမှာ ကီလိုမီတာ ၅၀၀ လောက်ရှိတဲ့  ရထားလမ်းပြေးနေပါပြီ။ ဒုတိယပိုင်းလည်း ပြီးလုနေပြီ။ ကျန်တဲ့အပိုင်းအတွက် လိုအပ်တဲ့ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဆက်ရမယ်လို့ ကင်ညာက  မျှော်လင့်ခဲ့တာပါ။ တရုတ်ရဲ့ အဆုံးစွန်သော ရည်မှန်းချက်ဟာ သယံဇာတ ပေါများတဲ့ ကုန်းတွင်းဒေသတွေနဲ့ အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ ဆိပ်ကမ်းတွေကို ရထားလမ်းနဲ့ ဆက်သွယ်ပေးဖို့လို့ဆိုရင် ဒီစီမံကိန်းကို တစ်ဝက် တစ်ပျက်နဲ့ ရပ်ပစ်စရာအကြောင်း မရှိပါဘူး။

တချို့အာဖရိကနိုင်ငံတွေကတော့ တရုတ်ဟာ ငွေချေးရာမှာ  ပြန်ဆပ်နိုင်မှာထက် ပိုပိုသာသာချေးပြီး မဆပ်နိုင်တဲ့အခါကျ သူက မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေ ရယူအပိုင်စီးဖို့ ကြံစည်တာလို့ သံသယရှိကြတယ်။ ဒီကိစ္စအတွက် သီရိလင်္ကာက ဟမ်ဆန်ဘိုတာဆိပ်ကမ်းကို  လက်ညှိုးထိုးပြလေ့ရှိကြတယ်။ ဒီဆိပ်ကမ်းဟာ အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ရေတပ်သင်္ဘောတွေ ကင်းလှည့်တဲ့အခါ နားခိုဆိုက်ကပ်စရာ  ဆိပ်ကမ်းကောင်း ဖြစ်တယ်။ တကယ်တော့ ဒီလိုဖြစ်ရပ်မျိုးဟာ မထူးဆန်းဘူး။ အာဖရိကမှာလည်း ဖြစ်လာနိုင်တယ်။ ချေးငွေအတော်များများဟာ ထောင်ချောက်ဆင်ထားတာပဲလို့ ထင်ရှားတဲ့ ကင်ညာဆီးနိတ် အမတ်တစ်ယောက်က ဆိုတယ်။

ဒါပေမဲ့ အမေရိကန်သုတေသီတစ်ယောက်ရဲ့အဆိုအရ သီရိလင်္ကာ ဆိပ်ကမ်းကိစ္စဟာ ချွင်းချက်တစ်ခုသာ ဖြစ်တယ်။ တရုတ်ဟာ ပြည်ပမှာ လုပ်ထားတဲ့ လုပ်ငန်းပေါင်းသုံးထောင်ကျော်ရှိရာမှာ အကြွေးကို အရင်းအဖြစ် ပြောင်းတာဟာ ဒီတစ်ခုပဲရှိတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အာဖရိကခေါင်းဆောင်တွေကတော့ ပျာယာခတ်လာကြတယ်။ တရုတ်နဲ့ ဆွေးနွေးရတာတွေဟာ မသေမချာမရေမရာ ဖြစ်လာကြပြီ။

ဇွန်လ ၇ ရက်နေ့တုန်းက တန်ဇန်နီးယားက လုပ်ငန်းစီမံကိန်းတစ်ခုကို အစိုးရက အကန့်အသတ်မရှိ ရပ်ပစ်ခဲ့ပါတယ်။ တရုတ်တွေဘက်က အဲဒီလုပ်ငန်းကို ၉၉ နှစ်လုပ်ပိုင်ခွင့်ပေးဖို့နဲ့၊ တန်ဇန်နီးယား တခြားနေရာတွေမှာ ဆိပ်ကမ်းတည်ဆောက်ခွင့်မပေးဖို့ တောင်းဆိုလာလို့ပါ။ ဒီလိုနဲ့ တရုတ်ကို ထောက်ခံသူဘ၀ကနေ ဝေဖန်သူအဖြစ် ဖြည်းဖြည်းချင်း ပြောင်းသွားတာ တွေ့ရတယ်။ တရုတ်ကုမ္ပဏီဟာ လူကောင်းတွေ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာမဟုတ်တဲ့ တင်းမာတဲ့ တောင်းဆိုမှုတွေ လုပ်တယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။ မနှစ်ကလည်း ဆီရာလီယိုနီမှာ တရုတ်ရဲ့ငွေကြေးနဲ့ လေဆိပ်တစ်ခုတည်ဆောက်ဖို့ စီမံကိန်းကို  ကြွေးလည်ပင်းနစ်မှာ စိုးလို့ ရပ်ပစ်ခဲ့ပါတယ်။

အိန္ဒိယသမုဒ္ဒရာရဲ့ တစ်စိတ်တစ်ဒေသကို တရုတ်ရေကန်ကြီးအဖြစ်  ပြောင်းလဲပစ်မှာကို အာဖရိကက စိုးရိမ်တာဟာ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်လာခဲ့တဲ့ တရုတ်နိုင်ငံအတွက် သိပ်မကောင်းလှပါဘူး။ ၂၀၁၃ နောက်ပိုင်းမှာ ကင်ညာရဲ့အကြွေးတွေဟာ သုံးဆနီးပါး တက်လာခဲ့တယ်။ ဒါကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ကင်ညာနိုင်ငံရဲ့ ကြွေးမြီနဲ့ပတ်သက်လို့ ဒုက္ခရောက်နိုင်တဲ့ အခြေအနေတွေ ပိုဆိုးလာတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ တကယ်လို့ ကင်ညာနိုင်ငံ ကြွေးမဆပ်နိုင်တော့တဲ့ ဘ၀ရောက်ရင် တရုတ်မှာလည်း တာဝန်ရှိပေလိမ့်မယ်။

တရုတ်က ချေးငွေထပ်ပေးဖို့ လက်တွန့်လာတာဟာ အတိတ်က  လုပ်ငန်းစီမံကိန်းတွေမှာ အခြေအနေအမျိုးမျိုးနဲ့ တွေ့ကြုံခဲ့ရလို့ပါ။   ဂျဘူတီနဲ့ အဒစ်အဘာဘာကို ဆက်ထားတဲ့ရထားလမ်းဟာ ၂၀၁၇ မှာ  ပြီးသွားတော့ တရုတ်အာမခံလုပ်ငန်းဟာ ဒေါ်လာ တစ်ဘီလီယံ ရှုံးခဲ့တယ်။  အကျင့်ပျက်ခြစားမှုတွေ၊ စီမံခန့်ခွဲမှုအလွဲအချော်တွေကြောင့် စရိတ်တွေ တက်ကုန်တယ်။ တစ်ခါတရံ ဝင်ငွေနဲ့ပတ်သက်လို့ မျှော်လင့်ချက်ကြီးမားလွန်း၊ အကောင်းမြင်လွန်းတဲ့ ပြဿနာလည်းရှိတယ်။ တန်ဇန် နီးယားဆိပ်ကမ်းဟာ ဥရောပကအကြီးဆုံး ကုန်သင်္ဘောဆိပ်ကမ်းထက် ပိုပြီး အလုပ်များမယ်လို့ တွက်ထားခဲ့တယ်။

ကင်ညာက ရထားလမ်းဟာ စီမံကိန်းစကတည်းက အဝေဖန်ခံခဲ့ရတာပါ။ အကျင့်ပျက်ခြစားမှုတွေကြောင့် ရထားလမ်းတစ်ကီလိုမီတာဟာ  နိုင်ငံတကာစံနှုန်းထက် နှစ်ဆကုန်တယ်။ ဒါပေမဲ့ ကုန်သွယ်နိုင်စွမ်းကျတော့ မူလခန့်မှန်းတာထက် ၄၀ ရာခိုင်နှုန်းလောက်ပဲ သယ်နိုင်တယ်။ ရထားနဲ့သယ်ရင် ကားနဲ့ ကုန်ပစ္စည်းသယ်တာထက် သက်သာမယ်ထင်ပေမယ့် တကယ်လက်တွေ့မှာ ပြောင်းပြန်ဖြစ်နေတယ်။

ဒါပေမဲ့ အစိုးရက ဆိပ်ကမ်းကချတဲ့ ကုန်သေတ္တာတွေကို ရထားနဲ့ပဲ မတင်မနေရလို့ လုပ်လိုက်တယ်။ ဒီအခါ ကံဆိုးတဲ့ ကုန်သည်တွေက ပင်လယ်ရေကြောင်းနဲ့ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နိုင်ရိုဘီပို့ကြတယ်။ တရုတ်က ငွေမျောရင် ငွေနဲ့လိုက်လို့ မရဘူးဆိုတာ နောက်ကျပြီးမှ သဘောပေါက်သွားတယ်။ ဒါကြောင့် သတိထားတာဟာ ဘယ်တော့မှ မလွန်ဘူး။

ကင်ညာသမ္မတနဲ့အဖွဲ့ မေလတုန်းက ပီကင်းကို ရောက်တော့ ထူးဆန်းတဲ့ အတွေ့အကြုံနဲ့ တွေ့ကြုံရတယ်။ ကင်ညာက လူတွေကို ငွေကြေးကိစ္စသာ မဟုတ်တော့ဘဲ အကျင့်ပျက်ခြစားမှုတွေအကြောင်းပါ မေးတယ်။ သမ္မတကိုလည်း ဖွဲ့စည်းပုံအပြောင်းအလဲနဲ့ ပတ်သက်လို့ သန်းခေါင်စာရင်းကောက်ပြီး ဆန္ဒခံယူပွဲ လုပ်နိုင်မလားလို့ မေးတယ်။  နောက်တစ်ခါရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရှိသလားဆိုတာ တရုတ်က သိချင်တယ်။ ၂၀၂၂ ခုနှစ်မှာ သမ္မတသက်တမ်းက ကုန်မှာကိုး။ နောက်ဆုံး မှာ ဒီတစ်ခေါက် တရုတ်နဲ့ စကားပြောရတာ တရုတ်နဲ့မတူဘဲ ကမ္ဘာ့ဘဏ်နဲ့ စကားပြောရသလို ဖြစ်နေတယ်လို့ကို မှတ်ချက်ချယူရတယ်။

သမ္မတဟာ တရုတ်က လက်ချည်းပြန်ခဲ့ရတာတော့ မဟုတ်ပါဘူး။  ထောပတ်သီးတွေ တရုတ်ကို ပို့မယ်။ စာရင်းအင်းအချက်အလက်တွေ  ကောက်ယူဖို့ ငွေကြေးအကူအညီရတယ်။ နိုင်ရိုဘီမြို့ပြင်နဲ့ လေဆိပ်ကို  ဆက်သွယ်တဲ့ လမ်းအတွက်လည်း ငွေကြေးရခဲ့တယ်။ မှန်းချက်နဲ့  နှမ်းထွက်တော့ မကိုက်ဘူး။ တရုတ်သမ္မတက လူ့အခွင့်အရေးအတွက်  ဦးဆောင်လှုပ်ရှားမယ့် အလားအလာကိုတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့  အခုလို ကမ္ဘာ့ဘဏ်ဆန်ဆန်၊ အနောက်တိုင်းဆန်ဆန် ချေးငွေနဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းတွေ စတင်သတ်မှတ်လာတာကတော့  လမ်းကြောင်းမှန်ကို ရောက်လာတာပါ။

တရုတ်နဲ့ ဆွေးနွေးပွဲတွေမှာ မကြာခဏကြားရတဲ့ ကမ္ဘာ့စံချိန်၊  နိုင်ငံတကာစံညွှန်းတွေနဲ့အညီ လုပ်ဆောင်မယ်ဆိုတဲ့ အပြောအတိုင်း တကယ့်လက်တွေ့စတင်လုပ်ဆောင်လာပြီလို့ ယူဆကြရတော့မှာပါ။

ညွှန်း – The  Economist

ခင်မောင်ညို(ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *