ဦးဝီရသူကို တစ်လအတွင်း လာရောက်အဖမ်းခံဖြေရှင်းရန် တရားရုံးကြေညာ

ရန်ကုန် ဇူလိုင် ၉

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူကို ယခုလ အတွင်းလာရောက် အဖမ်းခံ ဖြေရှင်းရန် ယနေ့(ဇူလိုင် ၉ ရက်) ရုံးချိန်းတွင် အမှုစစ်တရားသူကြီးက အနောက်ပိုင်းခရိုင်တရားရုံး တရားခွင် တွင် ပြောကြားလိုက်သည်။

ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ၉ ဦးကိုစစ်ဆေးပြီးနောက် တရားခံပြေးအဖြစ် ကြေညာခြင်း ကိစ္စနှင့် ပတ်သက်ပြီး ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ အရ ၎င်းနေထိုင်သည့် မြို့၊ နေထိုင်သည့်နေရာများ နှင့် တရားရုံးတွင် လာရောက်အဖမ်းခံဖြေရှင်းရန်အတွက် စာထုတ်ကြေညာသွားမည်ဖြစ်ကြောင်း အဆိုပါတရား ရုံးထံမှသိရသည်။

“ဒီနေ့သက်သေသုံးဦးကိုစစ်ပါတယ်။ပြီးတော့တရားသူကြီးက ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇ အရ ထွက် ပြေးတိမ်းရှောင်နေသူအတွက် ကြေညာချက်ထုတ်ပြန်ပါတယ်” ဟု ရက် အဆိုပါ တရားရုံးပြန်ကြားရေး အရာရှိဦးမင်းသန့်က ပြောဆိုသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို ယနေ့မှစ၍ တစ်လကြာပြီးနောက် သြဂုတ်လ ၉ ရက်တွင် ရဲတပ်ဖွဲ့က အနောက်ပိုင်းခရိုင်တရားရုံးကိုပြန်လည် တင်ပြရန်လိုကြောင်း ၎င်းကပြောဆိုသည်။

ဦးဝီရသူ(ခ)အရှင်ဝိစိတ္တဘိဝံသကို မေ လ ၅ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြော ချက်များနှင့် ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ် ရေးမှူးး ဦစန်းမင်းက တရားလို ပြုလုပ်ကာ နိုင်ငံအနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျောက် ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်း ခရိုင်တရားရုံးက ဦးဝီရသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) ဖြင့် ဦးတိုက်လျောက်ထားမှုကိုလက်ခံခဲ့ပြီး မေလ ၂၈ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူသည် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၏ သြဝါဒ ခံယူရန် ရန်ကုန်သို့ ရောက်ရှိ နေကြောင်း၊ အဖမ်းခံမည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခဲ့သည့် အသံဖိုင် ထွက်ပေါ်လာခဲ့ သော်လည်း တိုင်းသံဃနာယကအဖွဲ့ရုံးကို လာရောက်ခဲ့ခြင်းမရှိပေ။

ယင်းနောက် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူသည် ဆရာတော်ကြီးများက ဓမ္မစက်ဖြင့် ဆိုဆုံးမမှုကိုခံယူ ပြီးမှ ရဲနှစ် ဦးဖြင့် လာရောက်အဖမ်းခံမည်ဟု ရုရှားနိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖြစ်သည့် VK တွင်ပြော ဆိုထား သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *